ဆောင်းပါး - ပေါက်ပေါက်
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးပြည့်မီ ရေးအတွက် ဝန်နှင့်အား မျှတစေရန် ကျားကန်၍ ကြိုးစားဖြန့်ဝေနေပါသည်။ ထို့ကြောင့် လျှပ်စစ်မီး ကို မလိုအပ်ဘဲ မသုံးရန်၊ မဖြုန်းတီးရန်၊ စနစ်တကျ သုံးစွဲရန်၊ ချွေချွေတာတာသုံးစွဲရန် လိုအပ်ပါသည်။ ဓာတ်အားမဖြုန်း၊ ချွေတာသုံးဖြင့်ပင် မိသားစု အတွက်လည်း မီတာခကုန်ကျမှု သက်သာစေမည် ဖြစ်ကာ နိုင်ငံတော်အတွက်လည်း အကျိုးဖြစ်ထွန်း စေပါမည်။ ထို့ကြောင့် “လျှပ်စစ်မီးကို ချွေတာလို၊ မလိုလျှင် မဖွင့်နှင့်”ဟု အစဉ်သတိပေးနှိုးဆော်လျက် ရှိပါသည်။
ရုပ်ဝတ္ထုပစ္စည်းများနှင့် နည်းပညာများ တစ်နေ့ တခြား တိုးတက်လာသော ယနေ့ကမ္ဘာကြီးတွင် လျှပ်စစ်မီးက ၂၄ နာရီပတ်လုံး လိုအပ်ချက်ဖြစ်နေ ပါသည်။ ထို့ကြောင့် လျှပ်စစ်မီးကို စနစ်တကျ သုံးစွဲ တတ်လျှင် လွန်စွာအကျိုးဖြစ်ထွန်းသကဲ့သို့ နည်းမှန် လမ်းမှန် မသုံးစွဲပါက အသက်သေဆုံးရသည်အထိ အန္တရာယ်များလွန်းပါသည်။ မြန်မာနိုင်ငံ၏ ဥတု ရာသီမရွေး၊ ချိန်ခါမရွေး ဖြစ်ပေါ်နေသော မီးဘေး အန္တရာယ်များတွင် မီးလောင်ရသည့်အကြောင်းများ အနက် လျှပ်စစ်မီး(မီးခလုတ်များ)ကို ကိုင်တွယ်သုံးစွဲ သူ၏ မေ့လျော့မှုကြောင့် ဖြစ်ပေါ်ရသော ပေါ့ဆမီး အန္တရာယ်က အများဆုံးဖြစ်သည်။
ဘေးအန္တရာယ်ကင်းစွာ သုံးစွဲနည်း
တစ်မိသားစုမှသည် တစ်တိုင်းပြည်လုံး လျှပ်စစ် မီးကို ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲရန်အတွက် အောက်ဖော်ပြပါ ရှောင်ရန်/ ဆောင်ရန် နည်းလမ်း ကောင်းများဖြင့် အကြံပြုတိုက်တွန်းလိုပါသည်။
• လျှပ်စစ်ဓာတ်အားကို ဘယ်သောအခါမျှ ပေါ့လျော့စွာ အသုံးမပြုပါနှင့်။
• ရေစိုသောလက်ဖြင့် ခလုတ်များ ဖွင့်ခြင်း/ ပိတ်ခြင်း၊ Socket နှင့် Plug များအား ဖြုတ် ခြင်း/ တပ်ခြင်း စသည်တို့ လုံးဝမပြုလုပ် ပါနှင့်။
• လျှပ်စစ်မီတာပုံး၊ လျှပ်စစ်ဓာတ်အားလိုင်း တို့ကိုလည်း ခွင့်ပြုချက်မရှိဘဲ မိမိသဘော ဖြင့် ကိုင်တွယ်ပြုပြင်ခြင်း မပြုရ။
• ဓာတ်တိုင်များအပေါ် မည်သည့်အကြောင်း ကြောင့်မျှ မတက်ပါနှင့်။
• ဟန်းဖုန်းများ၊ ကွန်ပျူတာများကိုလည်း ဘက်ထရီအားဖြည့်ရာ၌ လိုအပ်ချိန်ထက် ပိုမိုကြာမြင့်စွာ အားဖြည့်ခြင်း မလုပ်သင့်ပေ။ ထိုသို့ပြုလုပ်ခြင်းက ဘက်ထရီလောင်စေရုံ မျှမက စက်ပစ္စည်းသက်တမ်းလည်း လျော့ သွားစေပါသည်။
• မလိုအပ်သော မီးချောင်း၊ မီးလုံး၊ မီးခလုတ် များကို မပိတ်ဘဲထားရှိခြင်း၊ လူရှိသည်ဖြစ် စေ/ မရှိသည်ဖြစ်စေ ပန်ကာ(သို့မဟုတ်) လေအေးပေးစက်များကို ဆက်တိုက် ဖွင့်ထားခြင်းက ဓာတ်အားလေလွင့်စေရုံ မျှမက အပူလောင်ကာ မီးလောင်ကျွမ်းစေ တတ်သည်။
• လျှပ်စစ်ကြိုးများကို သံဆန်ခါ၊ သွပ်မိုး၊ သံထည်ပစ္စည်း စသည့် လျှပ်ကူးပစ္စည်းများ နှင့် ထိတွေ့၊ ချည်နှောင်၊ သွယ်တန်းသုံးစွဲ ခြင်းမပြုရ။
• ယာယီအသုံးပြုသည့် ဝိုင်ယာကြိုးပျော့များ နှင့် Extension Board များကို ၂၅ ပေထက် ကျော်လွန်အသုံးမပြုပါနှင့်။ ရှည်လျား ရှုပ်ထွေးစွာအသုံးမပြုပါနှင့်။ ယင်းတို့မှ ထပ်မံဆင့်ပွား၊ ဖောက်ကူးသုံးစွဲခြင်းများ မပြုလုပ်ပါနှင့်။
လုပ်ဆောင်ရန် နည်းလမ်းကောင်းများ
• ကလေးငယ်များကို မီးခလုတ်၊ ပလပ်ပေါက် များ ဆော့ကစားခြင်းမပြုရန်နှင့် လျှပ်စစ် အန္တရာယ် လွန်စွာကြောက်စရာကောင်း ကြောင်း သင်ပြပါ (ဖြစ်နိုင်လျှင် ဓာတ်လိုက် စေနိုင်သည့် ပစ္စည်းများကို ကလေးများ မတွေ့ထိနိုင်သည့်နေရာတွင်ထားပါ)
• ကွဲအက်ပျက်စီးနေသော မီးခလုတ်၊ မီးခေါင်း၊ ပလပ်ပင် စသည့်လျှပ်စစ်ပစ္စည်း များကို ဆက်လက်သုံးစွဲခြင်းမပြုဘဲ ကျွမ်းကျင်နားလည်သော လျှပ်စစ်လုပ်သား များဖြင့်သာ အမြန်လဲလှယ်သုံးစွဲပါ။
• လျှပ်စစ်မီး ပျက်နေလျှင်သော်လည်း ကောင်း၊ လျှပ်စစ်ပစ္စည်းကိရိယာများ ပျက်စီးချို့ယွင်းနေလျှင်သော်လည်းကောင်း၊ ၎င်းတို့ကို တပ်ဆင်ခြင်း/ ပြင်ဆင်ခြင်းများ ပြုလုပ်ပါက မိမိကိုယ်တိုင် ပြင်ဆင်မှုကို လုံးဝမလုပ်ဘဲ လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်ရရှိထားသူ ကျွမ်းကျင်သူများနှင့် သာ ဆက်သွယ်ဆောင်ရွက်ပါ။
• လျှပ်စစ်ကြိုး၊ လျှပ်စစ်ပစ္စည်း၊ လျှပ်ကူး ပစ္စည်းမှန်လျှင် ဓာတ်အားရှိနိုင်သည်ကို အမြဲယူဆပါ။ ထို့ကြောင့် အသုံးမပြုသည့် လျှပ်စစ်ပစ္စည်းများ၏ ပလပ်ခေါင်းများကို ဆော့ကတ်များမှ ဖြုတ်ထားသင့်ပါသည်။
• လျှပ်စစ်ပစ္စည်းကိရိယာများ သုံးစွဲနေစဉ် ဓာတ်အားပြတ်တောက်သွားပါက ဓာတ် အားဆက်သွယ်မှုခလုတ်ကို ချက်ချင်း ပိတ်ရန် မမေ့ပါနှင့်။
• ရိုးရိုးမီးလုံး၊ မီးချောင်းများအစား ဓာတ်အား သက်သာစေသည့် Energy Saving Lamps များကို သုံးစွဲခြင်းက လျှပ်စစ်မီးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်သလို မီတာခလည်း သက်သာစေပါသည်။
• မိသားစုများ နေအိမ်မှ အပြင်သို့သွားလာ ကြမည်ဆိုပါက ပင်မခလုတ် (Main Switch) ကို ပိတ်ခဲ့ပါ။
• လျှပ်စစ်ကြောင့် အပူလွန်ကဲမီးလောင်ခြင်း၊ ဓာတ်လိုက်ခြင်း စသည့် လျှပ်စစ်အန္တရာယ် များ ဖြစ်ပေါ်ပါက မိန်းခလုတ်ကို အမြန် ပိတ်ပါ။
• လျှပ်စစ်ပစ္စည်းကိရိယာများ၊ မီးပလပ်၊ ခလုတ်၊ ဝိုင်ယာကြိုး စသည်တို့တွင် ကွဲအက်၊ ပျက်စီး၊ ဆွေးမြည့်၊ ပေါက်ပြဲမှုများ ဖြစ်ပေါ် ပါက ဆက်လက်အသုံးမပြုဘဲ စနစ်တကျ ဖြုတ်သိမ်းလဲလှယ်ပါ။
• လေအေးပေးစက် Air Con များ၏ အပူချိန် ကို နေသာထိုင်သာရှိသည့် 24 - 25 ဒီဂရီ စင်တီဂရိတ်ခန့်တွင်သာ အသုံးပြုခြင်းက လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် လျှပ်စစ် ဓာတ်အား ချွေတာသုံးစွဲရေးအတွက် လွန်စွာထိရောက်မှုရှိပါသည်။
သတိထားရမည့် လျှပ်စစ်ဓာတ်ကြိုးများ
ရန်ကုန်တိုင်းဒေသကြီးအတွင်း သွယ်တန်းထား သောဓာတ်ကြိုးများ၏ အရည်အသွေးနှင့်ပတ်သက်၍ နှစ်ပေါင်း ၅၀ ကျော်ကြာ အသုံးပြုခဲ့သည့် အရည် အသွေးပြည့်မီမှုမရှိသော ဓာတ်ကြိုးများဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို မှတ်သား မိပါသည်။ မှန်ပေသည်။ ရန်ကုန်မြို့အပါအဝင် မြို့နယ်များရှိ လမ်းတော်တော်များများမှာ ဖြတ်သန်း သွားလာနေကြရသောသူများ၏ ခေါင်းပေါ်ရှိ ဓာတ်ကြိုးအသိုက်အဝန်းကြီးက ရင်လေးစရာဖြစ်ပါ သည်။ လူငယ်တစ်ဦး ဘောလုံးကစားရင်း ခြံစည်း ရိုးကို ကိုင်မိရာက ဓာတ်လိုက်သေဆုံးခြင်း၊ စည်ပင် သာယာဈေးအတွင်း ဈေးထိုင်ရောင်းနေသည့် ဈေးသည်တစ်ဦးအပေါ် ဓာတ်ကြိုးပျက်ကျ၍ သေဆုံးခြင်း၊ ဓာတ်ကြိုးနှင့် မလွတ်ကင်းသော သစ်ပင်ထက် (မဲဇလီဖူးခူးရန်) တက်စဉ် ဓာတ်လိုက် သေဆုံးခြင်း၊ မြို့လယ်တိုက်ခန်းတစ်ခု၏ ဝရန်တာ၌ ဓာတ်ကြိုးနှင့် မလွတ်ကင်းသော အဝတ်ကြိုးတန်းကို ကိုင်မိ၍ သေဆုံးရခြင်း စသည်တို့အပြင် တခြားသော ဓာတ်လိုက်သေဆုံးမှု ဖြစ်စဉ်များလည်း အများ အပြား ကြုံတွေ့နေကြရကြောင်း သတင်းမှတ်တမ်း များအရ သိရပါသည်။
အထူးသဖြင့် မြန်မာနိုင်ငံတစ်ဝန်း မိုးရာသီ ကာလအတွင်း ဓာတ်ကြိုးပျက်ကျမှုကြောင့် ဓာတ် လိုက်သေဆုံးမှုဖြစ်စဉ်များလည်း ရှိနေပါသည်။ ပြီးခဲ့သောနှစ်များအတွင်း ထူးခြားဖြစ်စဉ်များအဖြစ် မိသားစုသုံးဦး ဓာတ်လိုက်၍ တစ်ပြိုင်နက် သေဆုံး ခြင်း၊ ဆင်ခြေဖုံးမြို့နယ်တစ်ခု၌ မိုးရေဗွက်ထဲ ပျတ်ကျနေသော ဓာတ်ကြိုးပေါ် ဖြတ်သွားမိသည့် အဋ္ဌမတန်းကျောင်းသားလေးတစ်ဦး သေဆုံးရခြင်း တို့မှာ ကြေကွဲဖွယ်ဖြစ်ပါသည်။
ထို့ကြောင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ က 33 KV ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းအသစ်များ တည်ဆောက်ခြင်းနှင့် စည်ပင်နယ်နိမိတ်ပေါ်ရှိ ဓာတ်တိုင်ဓာတ်ကြိုးများကို ဥတုရာသီမရွေး ရှင်းလင်းလျက်ရှိပါသည်။ သို့သော် ဖွံ့ဖြိုးဆဲဖြစ်သော မြန်မာနိုင်ငံတွင် ဘတ်ဂျက်အနေ အထားအရသော်လည်းကောင်း၊ အရေးပေါ်အဆင့်အ လိုက် စီမံနေရ၍သော်လည်းကောင်း ယနေ့အချိန် အထိ ဓာတ်ကြိုးဓာတ်တိုင်ရှင်းလင်းမှုက အလုံးစုံ မပြီးမြောက်သေးသဖြင့် အများပြည်သူတို့က သတိပြုနေထိုင်သွားလာကြစေလိုသည်။
ဓာတ်လိုက်ခံရသော လက္ခဏာများ
လျှပ်စစ်ဓာတ်လိုက်ခံရပါက အသက်ရှူ လမ်းကြောင်း ကမောက်ကမဖြစ်ကာ ရုတ်တရက် လဲကျသွားခြင်း၊ ကြွက်သားများ ရှုံ့တွကျုံ့သွားခြင်း၊ မီးလောင်ခံရသလို အသားကျက်သွားခြင်း၊ လေသင် တုန်းဖြတ်သွားခြင်း၊ ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံး သွားခြင်း၊ မီးလောင်ဒဏ်ရာရခြင်း (သို့မဟုတ်) အသား များကွဲအက်ခြင်း၊ သွေးခဲခြင်း၊ တစ်သျှူးများသေသွား ခြင်း၊ နှလုံးနှင့် ကျောက်ကပ်ပျက်စီးသွားခြင်း၊ ရုတ်တရက် နှလုံးခုန်ရပ်ပြီး သေဆုံးနိုင်ခြင်း စသည် တို့ဖြစ်ပေါ်စေနိုင်ပါသည်။
ဓာတ်လိုက်ခံရသူကို ကယ်တင်ရမည့်နည်းစနစ်များ
မိမိမျက်စိရှေ့မှာ ဓာတ်လိုက်ခံနေရသူကို မြင်တွေ့ရသောအခါ အောက်ပါနည်းများအတိုင်း တစ်ဆင့်ချင်းစီ လုပ်ဆောင်ပါ။
• ဓာတ်လိုက်ခံရသူကို ချက်ချင်းသွားမထိ ပါနှင့်။ မိမိကိုယ်ကို လျှပ်စစ်စီးကြောင်း စက်ကွင်းမှ လွတ်အောင်ဝေးရာသို့ အမြန် ခုန်ရှောင်လိုက်ပါ (သင်အန္တရာယ်ကင်းမှသာ ထိုဓာတ်လိုက်ခံနေရသူကို ကယ်တင်ပေး နိုင်မည်ဖြစ်ပေသည်)
• ဓာတ်လိုက်ခံနေရသူသည် မီးခလုတ်ကို လက်ကကိုင်လျက် တန်းလန်းဖြစ်နေပါလျှင် ထိုသူကို လျှပ်စီးကြောင်းပြတ်တောက်စေရန်အတွက် မီတာပုံးမှ ဖျူးကို အမြန်ဖြုတ်ချ လိုက်ပါ။ အကယ်၍ အကြောင်းအမျိုးမျိုး ကြောင့် မီတာပုံးမှ ဖျူးကို ဖြုတ်ချရန် အဆင်မပြေပါက တံမြက်စည်းလက်ကိုင် အရိုး ( သို့မဟုတ်) ရေမစိုသောဝါးလုံး၊ သစ်သားတုတ် (သို့မဟုတ်) သတင်းစာစက္ကူ (သို့မဟုတ်) ကော်ပေတံ စသည့် လျှပ်စီး ကြောင်းမကူးစေသောပစ္စည်းတို့ဖြင့် ထိုသူ ကိုင်နေသော မီးခလုတ်ကို ပိတ်ပေးပါ။
• မလွှဲသာ၍ မိန်းလိုင်းကိုမပိတ်ရဘဲ လူကို ဝင်ကယ်ရမည်ဆိုပါက မိမိခြေထောက်ချရ မည့်နေရာတွင် ရေစွတ်စိုနေခြင်းမရှိရန် သတိရှိပါစေ။ သို့မဟုတ်ပါက မိမိကိုပါ ဓာတ်လိုက်ခံရပါလိမ့်မည်။
• ရော်ဘာဖိနပ်ခြောက်ခြောက်ကို စီးပြီး ဝင်ကူပါက ပို၍ စိတ်ချရပါသည်။
• ဓာတ်လိုက်ခံနေရသူ၏ ခြေ၊ လက်များကို ကိုင်ဆွဲမည်ပြုပါက ထိုသူ၏ အဝတ်အစား များကို ခြောက်သွေ့သောနေရာမှ အားပြု ပြီး ဆွဲယူသင့်ပါသည်။
• လူနာ လျှပ်စီးအန္တရာယ်မှ ကင်းလွတ် ကြောင်း သေချာသွားပြီဆိုမှသာ သင့်လက် ဖြင့် သူ့ကို စတင်ထိတွေ့ကိုင်တွယ်ပါ။
ဓာတ်လိုက်ခံရသူကို ရှေးဦးသူနာပြုစုနည်း
ဓာတ်လိုက်ခံရပါက ရုတ်တရက် တုန်/ခုန်စွာ ခံစားရပါသည်။ အကယ်၍ ဗို့အားပြင်းထန်ပါက ချက်ချင်းအသက်ဆုံးရှုံးသွားသည်အထိ ဖြစ်စေနိုင် ပါသည်။ ဓာတ်လိုက်ခံရသည့်အခါ များသောအားဖြင့် သတိလစ်မေ့မြော၍ နှလုံးခုန်ရပ်တန့်သွားစေ ပါသည်။
• နှလုံးပြန်ခုန်လာစေပြီး အသက်ရှူနိုင်အောင် CPR (ခေါ်) နှလုံး၊ အဆုတ်တို့ကို ပြန်လည် အလုပ်လုပ်စေသည့့် ရှေးဦးသူနာပြုစုနည်း ဖြင့် ပြုစုပေးရပါမည်။ (က) မိမိကယ်တင် လိုက်သော လူနာသည် နှလုံးရော အသက်ရှူ ပါ ရပ်တန့်နေသည်ကို တွေ့ရပါက ထိုသူ၏ ရင်ဘတ်ကို လက်မြန်ခြေမြန်ဖြင့် တစ်ချက် နှစ်ချက်ထုပေးပါ။ လျှပ်စစ်ဓာတ်အား အရှိန်ဖြင့် ရပ်တန့်နေသောနှလုံး ပြန်လည် လှုပ်ရှားလာပါလိမ့်မည်။ (ခ) ထိုအခါ ဓာတ်လိုက်ခံရသူ၏ နှာခေါင်းပေါက်ကို လက်ဖြင့်ပိတ်လိုက်ပါ။ (ဂ) ပြီးနောက် လူနာ၏ပါးစပ်ကို မိမိ၏ပါးစပ်ဖြင့်အုပ်ပြီး ၎င်း၏အဆုတ်အတွင်းသို့ လေကိုမှုတ်သွင်း ပေးပါ။ (ဃ) ရင်ဘတ်ဖောင်းကြွလာသည်ကို စောင့်ကြည့်ပြီးနောက် မိမိ၏ပါးစပ်ကို ၎င်း၏ပါးစပ်မှ ဖယ်ထုတ်ပါ။ (င) ဤနည်း အတိုင်း တစ်မိနစ်လျှင် ဆယ်ကြိမ်ခန့် မှန်မှန်အသက်ပြန်ရှူလာသည်အထိ ပြုလုပ် ပေးပါ။ တတ်နိုင်သမျှ လျင်မြန်စွာဆောင် ရွက်ပေးဖို့ လိုပါသည်။
• မီးလောင်ဒဏ်ရာသေးငယ်ပါက အပူလောင် ပျောက်ဆေးတစ်ခုခု လိမ်းပေးနိုင်ပါသည်။ မီးလောင်ဒဏ်ရာကြီးမားပါက ကြမ်းကြမ်း တမ်းတမ်း မကိုင်မိပါစေနှင့်။ လူနာတင် ယာဉ် ရောက်လာသည်အထိ စောင့်ပါ။
(အထူးသတိပြုရန်) မိုးဖွဲဖွဲကျနေချိန် ဓာတ်ပုံ ရိုက်စဉ် ကင်မရာထဲမှထွက်လာသော အလင်းရောင် နှင့် လမ်းမထက်ဓာတ်မီးတိုင်ရှိ ဗို့အားပြည့် လျှပ်စစ် စီးကြောင်းများ ရုတ်တရက်ထိတွေ့ခြင်းက ကင်မရာ မင်း (ဓာတ်ပုံရိုက်ပေးသူ)ကို ဓာတ်လိုက်၍ အသက် ဆုံးရှုံးစေကြောင်း သာဓကများစွာရှိ၍ ဆင်ခြင်ကြ စေလိုပါသည်။
အချုပ်အားဖြင့်ဆိုသော် လျှပ်စစ်အန္တရာယ်မဖြစ် ပေါ်စေရေးနှင့် ရှောင်ကြဉ်ရမည့်အချက်များ များစွာ ရှိကြသော်လည်း နေ့စဉ်ဘဝမှာ သတိတရား၊ အသိ တရားလက်ကိုင်ထားပြီး လုပ်ဆောင်ပြုမူခြင်းက အလေ့အကျင့်ကောင်း ဖြစ်လာစေပါမည်။ အလေ့ အကျင့်ကောင်းမှသည် အလေ့အထကောင်း ဖြစ်လာ ပြီး ခက်ခဲသောနည်းလမ်း မဟုတ်တော့ပေ။ ထိုအခါ လျှပ်စစ်မီးကို အခြေခံသော ပေါ့ဆမီးအန္တရာယ်က ကင်းဝေးကြမည် ဖြစ်ပါကြောင်း အကြံပြုတိုက်တွန်း လိုက်ရပါသည်။ ။