လျှပ်စစ်အန္တရာယ်ကြောင့် ထိခိုက်မှု ဖြစ်ပေါ်ခဲ့ပါက ဝန်ကြီးဌာနအနေဖြင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း၍ ထိရောက်စွာ အရေးယူမှုများ ဆောင်ရွက် 

နေပြည်တော် ၁၆ သြဂုတ်


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ (၁၆.၈.၂၀၁၉)တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး မေးမြန်းသည့် “လျှပ်စစ်ဝန်ထမ်းများ လုပ်ငန်းခွင်မတော်တဆ ထိခိုက်နစ်နာ အသက်ဆုံးရှုံးမှုများ မဖြစ်ပေါ်ရေးအတွက် ကြိုတင်ကာကွယ်မှုများ၊ အကာအကွယ်ပစ္စည်းများ အသုံးပြုရန်အတွက် အသိပညာ ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြားခဲ့သည်။


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ဝန်ထမ်းများ လုပ်ငန်းသဘာဝအရ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် မဖြစ်မနေ ဝတ်ဆင်ရမည့်ဝတ်စုံနှင့် လုပ်ငန်းခွင်သုံးပစ္စည်းများ (Safety Equipment) ဝယ်ယူဖြည့်ဆည်းပေးနိုင်ရန် နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် လျာထား ဆောင်ရွက်လျက်ရှိရာ လိုင်းဝန်ထမ်းများအတွက် Safety Helmet၊ Safety ရှူးဖိနပ်၊ Safety ခါးပတ်၊ လုပ်ငန်းခွင်ဝတ်စုံနှင့် လက်အိတ်များအားလည်းကောင်း၊ စူးစမ်းလေ့လာရေး ဆောင်ရွက် ရသည့် ဝန်ထမ်းများအတွက် တိုင်းတာရေးဝတ်စုံများအားလည်းကောင်း၊ ရေနံမြေဒေသ အသီးသီးရှိ ရေနံတွင်းတူးဖော်ရေးလုပ်ငန်းများ၊ CNG သဘာဝဓာတ်ငွေ့အရောင်းဆိုင်များနှင့် ကမ်းလွန်အခြေစိုက်စခန်းတို့တွင် တာဝန်ထမ်းဆောင်ရသည့် ဝန်ထမ်းများအတွက် ကာကွယ်ရေး ဝတ်စုံနှင့် ဖိနပ်များအားလည်းကောင်း၊ ဓာတ်မြေဩဇာစက်ရုံများ၊ ရေနံချက်စက်ရုံများ၊ ရေနံဓာတုဗေဒစက်ရုံများ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် လုပ်ငန်းခွင်ဝတ်စုံ၊ ဦးထုပ်၊ လည်တိုရှူးဖိနပ်၊ လက်အိတ်၊ Safety Belt နှင့် Gas Mask များအားလည်းကောင်း နှစ်စဉ်ဘဏ္ဍာရန်ပုံငွေ လျာထားတောင်းခံပြီး ဝယ်ယူ ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း။


၎င်းအပြင် ဗို့အားမြင့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီနှင့် ၆၆ ကေဗွီ မဟာဓာတ်အားလိုင်း စီမံကိန်းလုပ်ငန်းများကို လုပ်ငန်းအပ်နှံဆောင်ရွက်ရာတွင် တင်ဒါခေါ်ဆိုစဉ်ကတည်းက ဌာန လိုအပ်ချက်အဖြစ် Health, Safety and Environment အပိုင်းကို ထည့်သွင်းခေါ်ဆိုပြီး တင်ဒါအောင်မြင်သည့်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုသည့်အခါတွင်လည်း လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များကို စာချုပ်၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ထည့်သွင်း ချုပ်ဆိုပါကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာကုမ္ပဏီက လိုက်နာဆောင်ရွက်မှုရှိစေရန် အထူးကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး၊ လစဉ်တင်ပြသည့်အစီရင်ခံစာများတွင်လည်း လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်က င်းရှင်းရေးကိစ္စရပ်များကို သီးသန့် အစီရင်ခံစာအဖြစ် တင်ပြစေပါကြောင်း၊ မဟာဓာတ်အားလိုင်း တာဝါတိုင်ကြီးများပေါ်သို့ တက်ရောက်၍ လုပ်ကိုင်ရသည့်အခါတွင် ကျွမ်းကျင်မှုရှိသော ဝန်ထမ်းများကိုသာ တက်ရောက် စေပြီး လုပ်ငန်းခွင်ဝတ်စုံများ (Personal Protective Equipment-PPE)များ မဖြစ်မနေ ဝတ်ဆင်စေပါကြောင်း၊ လုပ်ငန်းခွင်ရှိ ဝန်ထမ်းများ၏ အသက်အာမခံနှင့် မတော်တဆထိခိုက်မှု အာမခံကိုလည်း သက်ဆိုင်ရာကုမ္ပဏီက မဖြစ်မနေထားရှိပေးရန် စာချုပ်၏အစိတ်အပိုင်းတစ်ရပ် အဖြစ် ထည့်သွင်းချုပ်ဆို ဆောင်ရွက်လျက်ရှိပါကြောင်း။


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဝန်ထမ်းများ လုပ်ငန်းခွင်တွင် မတော်တဆ ထိခိုက်နစ်နာ၊ အသက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် လိုင်းဝန်ထမ်းများ ဓာတ်အားလိုင်းများ ထိတွေ့ကိုင်တွယ်ပြုပြင်ရာတွင် သတ်မှတ်ထားသော သတ်မှတ်ချက်လုပ်ငန်းအဆင့်ဆင့်(SOP)အတိုင်း လိုက်နာဆောင်ရွက်ရန် မြို့နယ်လျှပ်စစ်မန်နေဂျာ၊ လက်ထောက်မန်နေဂျာ၊ ဒု-လက်ထောက်မန်နေဂျာနှင့် ကျွမ်းကျင်လုပ်သားကြီးတို့ကို သင်တန်းများ အဆင့်ဆင့်ပို့ချပေး လျက်ရှိရာ နေ့စားလိုင်းဝန်ထမ်းများ၏ လျှပ်စစ်အန္တရာယ်လျော့နည်းစေရေး သင်တန်းအမှတ်စဉ် ၁/၂၀၁၇ မှ ၅/၂၀၁၇ အထိ သင်တန်းသားဦးရေ(၂၀၄)ဦးအားလည်းကောင်း၊ လျှပ်စစ်ကျွမ်းကျင် မွမ်းမံမှု သင်တန်းအမှတ်စဉ် ၁/၂၀၁၈ မှ ၃/၂၀၁၈ အထိ သင်တန်းသားဦးရေ (၉၀)ဦးအား လည်းကောင်း၊ အခြေခံလျှပ်စစ်ကျွမ်းကျင်သင်တန်းအမှတ်စဉ် ၁/၂၀၁၉တွင် သင်တန်းသားဦးရေ (၅၃)ဦးအားလည်းကောင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် သင်တန်းများပို့ချပေးခဲ့ပါ ကြောင်း၊ နေပြည်တော်၌ ဖွင့်လှစ်ထားသည့် ဗဟိုသင်တန်းကျောင်းတွင် Safety Equipments အသုံးပြုပုံများနှင့် ပတ်သက်သော Training Seminar များ၊ Presentation များအား တက်ရောက်စေခြင်းနှင့် အသိပညာပေးဗဟုသုတများ လက်ဆင့်ကမ်းမျှဝေခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် JICA, ADB စသည့် အဖွဲ့အစည်းများက လျှပ်စစ်အန္တရာယ်ဆိုင်ရာ အကာအကွယ်ပစ္စည်းများ စနစ်တကျ အသုံးပြုနည်းတို့အား သင်တန်းပို့ချခြင်း၊ ဟောပြောပွဲများပြုလုပ်ခြင်း၊ လက်တွေ့ကွင်းဆင်း သရုပ်ပြခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။


ဌာနဝန်ထမ်းများအနေဖြင့် ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ System Improvement လုပ်ငန်းများ၊ မီးပျက်မီးပြင်လုပ်ငန်းများ စသည့်လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အထူးအလေးထားဆောင်ရွက်ရန် ညွှန်ကြားချက်များထုတ်ပြန်ထားရှိခြင်း၊ တာဝန်ရှိသူအဆင့်ဆင့်မှ ရှင်းလင်းပြသပေးခြင်း၊ ဓာတ်အားလိုင်းတိုင်ပေါ်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက် ၍ လုပ်ငန်းအတွေ့အကြုံရှိပြီး လုပ်ငန်းကျွမ်းကျင်သူများကို စိစစ်တာဝန်ပေးအပ်ခြင်းတို့ကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း။


Personal Protective Equipments (PPE)များနှင့် Safety Equipment များကို မြို့နယ်အသီးသီးသို့ ဖြန့်ဖြူးထောက်ပံ့ပေးထားပြီး စနစ်တကျသုံးစွဲခြင်း ရှိ/မရှိကို ရုံးချုပ်မှ အကြီးတန်းကြီးကြပ်အင်ဂျင်နီယာ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာတို့မှ လစဉ်စစ်ဆေးကြပ်မတ်လျက် ရှိပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်အန္တရာယ်ကြောင့် ထိခိုက်မှု ဖြစ်ပေါ်ခဲ့ပါက အလားတူဖြစ်ရပ်မျိုးမရှိစေရေးအတွက် အသိပညာပေးစာ၊ ညွှန်ကြားစာများ ကိုလည်း အချိန်နှင့်တစ်ပြေးညီ ထုတ်ဝေညွှန်ကြားလျက်ရှိပြီး ဖြစ်ရပ်မှန်ပေါ်ပေါက်စေရန် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း၍ ထိရောက်စွာ အရေးယူအပြစ်ပေးခြင်းများ ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။


MDN