ပွင့်ဖြူ      ဒီဇင်ဘာ      ၁၀

 

မကွေးတိုင်းဒေသကြီး၊  ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်မီးအသုံးပြုရာတွင် အန္တရာယ်ကင်းစွာ စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် ဓာတ်အား ချွေတာစွာ အသုံးပြုသည့်အလေ့အကျင့်များ ရရှိစေရေးအတွက် ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းက အများပြည်သူ သိရှိ လေ့လာနိုင်ရန် မြို့နယ်ရုံးရှေ့တွင် အသိပညာပေးဆိုင်းဘုတ် စိုက်ထူပြသဆောင်ရွက်ထားရှိကြောင်း အဆိုပါ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ထံမှ သိရသည်။

 

အဆိုပါ အသိပညာပေးဆိုင်းဘုတ်တွင် ပွင့်လင်းရာသီကာလ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် လိုက်နာရမည့်အချက်များ၊ ဓာတ်ပြတ်တောက်မှု လျော့နည်းကျဆင်းရေး ဓာတ်အားချွေတာသုံးစွဲရမည့် နည်းလမ်း၊ ဓာတ်အားချွေတာသုံးစွဲဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် လျှပ်စစ်မီးအား ပေါ့ဆစွာ ကိုင်တွယ် အသုံးပြုခြင်းကြောင့် ကြုံတွေ့ရမည့် ဆိုးကျိုးများ ပါဝင်ကြောင်း သိရသည်။

 

ယနေ့ နံနက်ပိုင်းက အသိပညာပေးဆိုင်းဘုတ် ပြသဆောင်ရွက်ထားရှိမှုအား ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများက စိတ်ဝင်တစ်စား ဝင်ရောက်လေ့လာဖတ်ရှုကြပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်နှင့်  ဝန်ထမ်းများက အသိပညာပေးဆိုင်းဘုတ်တွင် ပြသဆောင်ရွက်ထားမှုများနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြောင်း သိရကာ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖတ်ရှု နိုင်ရေးအတွက် အွန်လိုင်းစနစ်ဖြင့် အသိပေးနှိုးဆော်ထားရှိကြောင်းလည်း သိရသည်။ 

 

ခင်ဝါဝါလှိုင် ( ပြန်/ဆက် )