နေပြည်တော်၊ ဖေဖော်ဝါရီ ၅
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်း ပြုပြင်ခြင်း သင်တန်း အမှတ်စဉ် (၁/၂၀၂၄) နှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၁/ ၂၀၂၄) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ထူးချွန်သူများကို တစ်ဆင့်မြှင့်ပညာရပ်များ ဆက်လက် သင်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ဆောင်ရွက်တတ်စေရန်နှင့် AMI စနစ်ကို Energy Meter, Server, Database နှင့် ဆက်သွယ်ရေးနည်းပညာ ပေါင်းစပ်ပြီး ခေတ်မီသည့် မီတာဖတ်ရှုမှုစနစ်၊ ဓာတ်အားကွပ်ကဲ/ ထိန်းသိမ်းမောင်းနှင်သည့် စနစ်တို့၏ လုပ်ဆောင်မှုကို သိရှိနားလည်စေရန် သင်တန်းကို စီမံဖွင့်လှစ်သည့်အတွက် ထိုက်သင့်သည့်ပညာရပ် အခြေခံကောင်းများရရှိမည်ဖြစ်ကြောင်း၊ သင်တန်းမှ သင်ကြားပို့ချချက်များ၊ အပြန်အလှန်ဆွေးနွေးခြင်းမှရရှိသည့် အသိပညာ၊ အတွေ့အကြုံများနှင့် ဝန်ကြီးဌာန၏ မူဝါဒ၊ ချမှတ်ထားသော စည်းကမ်းများနှင့်အညီ လျှပ်စစ် အင်ဂျင်နီယာကောင်းများအဖြစ် ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးတို့ကို စိတ်ကောင်း စေတနာအပြည့်နှင့် စွမ်းစွမ်းတမံကြိုးစားအားထုတ် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်း ပြုပြင်ခြင်း သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ကို သင်တန်းသား (၂၅) ဦးဖြင့်လည်းကောင်း၊ အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ကို သင်တန်းသား (၂၄) ဦးဖြင့်လည်းကောင်း စာတွေ့ လက်တွေ့ရက်သတ္တ (၅) ပတ်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်း အတွင်း ဝန်ထမ်းများ သက်သာချောင်ချိရေးနှင့် သန့်ရှင်းလတ်ဆတ်စွာ စားသုံးနိုင်ရေးအတွက် ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဌာနခွဲများအလိုက် စိုက်ပျိုးထားရှိသည့် နှစ်ရှည်သီးနှံပင်နှင့် ရာသီအလိုက် သီးနှံပင်စိုက်ခင်းများ စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်