သံတွဲ၊ ဖေဖော်ဝါရီ ၂၆
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်ရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် တိုးတက်မှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ပင်မတမံ၊ ရေပိုလွှဲ၊ ရေယူအဆောက်အအုံ၊ ရေလွှဲဥမင်လိုဏ်၊ ရေထိန်းတံခါးပြွန်၊ ဖိအားမြင့်သံမဏိ ပိုက်လိုင်း၊ ဓာတ်အားပေးစက်ရုံနှင့် Switch Yard စသည့်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပင်မ တမံရေဝပ်ဧရိယာအတွင်း ကျရောက်သော ကျေးရွာများ ရွှေ့ပြောင်းပေးခဲ့မှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက မိမိတို့နိုင်ငံတွင် ရေအရင်းအမြစ်များစွာရှိသဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာသော ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။
ယခု စီမံကိန်းပြီးပါက ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိမည့်အပြင် ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားဖြင့် ဒေသအခြေခံခရီးသွားလုပ်ငန်းများကို တိုးချဲ့ဆောင် ရွက်နိုင်မည်ဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာပြီးစီးအောင် ကြိုး ပမ်းဆောင်ရွက်ကြရန်နှင့် ပင်မတမံရေဝပ် ဧရိယာအတွင်း ကျရောက်သဖြင့် ရွှေ့ပြောင်း ပြန်လည်နေရာချထားရသည့် ကျေးရွာများမှ မိသားစုများ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက် သွယ်ရေး၊ ရေရရှိရေးနှင့် အခြားလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တမံဝဲဘက်ကမ်းရှုရပ်မှနေ၍ စီမံကိန်းဧရိယာအတွင်း ပင်မတမံ တည်ဆောက်ပြီးစီးမှု၊ ရေယူအဆောက်အဦ ဆောက်လုပ်နေမှု၊ ဓာတ်အားပေး စက်ရုံတည်ဆောက် တပ်ဆင်နေမှု၊ စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်မှု၊ လျှပ်စစ် ပစ္စည်းများ သိုလှောင်ရုံဝင်းအတွင်း ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
အဆိုပါစီမံကိန်းသည် ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့၏ အရှေ့မြောက်ဘက် (၁၂) မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင်တည်ရှိပြီး ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန အမှတ် (၄) တည်ဆောက်ရေးက တာဝန်ယူ တည်ဆောက် အကောင်အထည်ဖော်လျက်ရှိသည်။
ပင်မရေလှောင်တမံမှာ ဇုန်အမျိုးအစား (ကျောက်ဖြည့်တမံ) ဖြစ်ကာ ကန်ရေပြည့် ရေသိုလှောင်ပမာဏ ၆ ဒသမ ၉၆ သိန်း ဧကပေ သိုလှောင်နိုင်ကြောင်း၊ (၃၇) မဂ္ဂါဝပ်ဓာတ် အားပေးစက် (၃) လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား (၁၁၁) မဂ္ဂါဝပ်ရှိကာ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်နိုင်မည်ဖြစ် ကြောင်း၊ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၇၅ ဒသမ ၆၄ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်ကုန်တွင် ၇၆ ရာခိုင်နှုန်း ပြီးစီးမည်ဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင် စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
သတင်းစဉ်