နေပြည်တော် ဩဂုတ် ၄
စွန့်လွှတ်စွန့်စားလိုသည့် စိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေ ကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းလျက် ရှိသည်။
ထိုသို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဩဂုတ် (၂) ရက် မွန်းလွဲပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စေတနာ၊ မေတ္တာအပြည့်ဖြင့် စားသောက်ဖွယ်ရာများကို ရှေ့တန်းမြေသို့ပေးပို့နိုင်ရေး စိတ်အားထက်သန်စွာဖြင့် စုပေါင်းပြင်ဆင် ထုပ်ပိုးဆောင်ရွက်နေမှုကို ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် ဌာနဆိုင်ရာအကြီးအကဲများက လိုက်လံကြည့်ရှုအားပေးကြသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လက်ဘက်အကြော်စုံဘူး (၅၀၀)၊ ခေါက်ဆွဲခြောက် (၅) ထုပ်တွဲ (၅၀၀)၊ နန်းမြိုင်ကော်ဖီ အထုပ် (၃၀) ပါအထုတ်ကြီး (၅၀၀)၊ တီးမစ် (၃၀) ပါ အထုတ် (၂၅၀)၊ ငါးတန်အချိုပေါင်း (၂၀၀) ဂရမ် (၁၀၅)ဘူး၊ ပဲထောပတ် (၂၀၀) ဂရမ် (၁၇၄)ဘူး၊ ငါးပိကြော် (၂၀၀) ဂရမ် (၁၆၈)ဘူး၊ ကြက်အာလူး (၂၀၀) ဂရမ် (၈၃) ဘူး၊ ငါးနီတူခြောက်ကြော် (၁၂၂) ဘူး၊ အာဗြဲခြောက်ကြော်ဘူး (၁၅၀)၊ ဂျူးမြစ်/ ပဲပုတ်/ မြေပဲကြော် (၃၂) ဘူး၊ ငံပြာရည်ကြော် (၁၆၆)ဘူး၊ စုစုပေါင်း အစားအသောက် (၁၂) မျိုးကို ပေးပို့လှူဒါန်းခဲ့ကြသည်။
ထို့အပြင် နိုင်ငံတော်လုံခြုံရေး၊ နယ်မြေကာကွယ်ရေးအတွက် အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားကာ ရှေ့တန်းစစ်မြေပြင်တွင် ရဲရင့်စွာဖြင့် တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများအတွက် စိတ်ဓာတ်ခွန်အား၊ နိုးကြားတက်ကြွစေရန် ကျန်းမာပါစေ၊ ဘေးအန္တရာယ်ကင်းပါစေ၊ တရားသောစစ်အောင်မြင်ပါစေ အစရှိသည့် ဆုတောင်းမေတ္တာ စာလွှာများကိုလည်း ထည့်သွင်းပေးပို့ခဲ့ကြသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာ (၁၂) မျိုးအတွက် စုစုပေါင်းတန်ဖိုးငွေကျပ် (၁,၂၀၀,၂၅၀၀) (ကျပ်တစ်ရာ့နှစ်ဆယ်သိန်းနှစ်ထောင့်ငါးရာ တိတိ) ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်သို့ သွားရောက်ပေးပို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


