နေပြည်တော်၊ ဇွန် ၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများစွမ်းဆောင်မှု အရည်အသွေး တိုးတက် မြင့်မားစေရေး မွမ်းမံသင်တန်းများ သင်တန်းဆင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်က သင်တန်းမှရရှိသော အတွေ့အကြုံများကို အခြေခံ၍ သင်ယူလေ့လာခဲ့သည့် စာတွေ့၊ လက်တွေ့ သင်ခန်းစာများကို မိမိတို့လုပ်ငန်းခွင် အသီးသီးတွင် အကျိုးရှိရှိ ပြန်လည်အသုံးချသွားရန်နှင့် နည်းပညာအသစ်များကို စဉ်ဆက်မပြတ် လေ့လာသွားကြရမည်ဖြစ်ကြောင်း၊ လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ်ဆောင်ရွက်ခြင်းနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးတို့ကို ကောင်းမွန်သည့် စိတ်စေတနာအပြည့်ဖြင့် ဆောင်ရွက်နိုင်သော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းသွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးသန့်စင်က စာရင်းအင်းအချက်အလက် ပြုစုခြင်းနှင့် သုံးသပ်တင်ပြခြင်း သင်တန်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင် / ထိန်းသိမ်း ပြုပြင်ခြင်းသင်တန်း အမှတ်စဉ် (၂) တွင် ထူးချွန်ဆု ရရှိသူများကိုလည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၂)တွင် ထူးချွန်ဆုရရှိသူများကိုလည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြပြီး ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်