နေပြည်တော် ဖေဖော်ဝါရီ ၂၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို အခမဲ့သွားနှင့် ခံတွင်းဆိုင်ရာ ကုသမှုများ၊ အထွေထွေကျန်းမာရေးစစ်ဆေးကုသမှုများနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ရုံးအမှတ်(၂၇) ရဲရွာခန်းမ၌ကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန နေပြည်တော် (ခုတင်-၁၀၀၀) အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဇေယျာဝင်းက “သက်ရှည်ကျန်းမာ နည်းလမ်းရှာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထွေထွေရောဂါကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဖြိုးသီဟက အဝလွန်ခြင်းနှင့် ပတ်သက်၍ လည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး ဆရာဝန်ကြီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန အထူးကု ဆရာဝန်ကြီးများနှင့် ကုသရေးအင်အား ၃၅ ဦးပါ အဖွဲ့က သွားနှင့်ခံတွင်းဆိုင်ရာ စစ်ဆေးကုသမှုများ၊ အထွေထွေကျန်းမာရေး စစ်ဆေးကုသမှုများကို ဆောင်ရွက်ပေးကြရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်း ၄၄၂ ဦးတို့ကို အခမဲ့ကျန်းမာရေးဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


