နေပြည်တော်၊ ဒီဇင်ဘာ ၈

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Russian State Atomic Energy Corporation “ROSATOM” တို့ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်း များဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဦးသောင်းဟန် က ယနေ့တွေ့ဆုံဆွေးနွေးရခြင်းသည် မိမိတို့ဝန်ကြီးဌာနနှင့် ROSATOM တို့အကြား ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများအတွက် လိုအပ်သည်များ ပေါင်းစပ်နိုင်ရန်နှင့် မြေပြင်တွင်လိုအပ်ချက်များ ပေါင်းစပ်နိုင်ရန်ပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်ပါ၍ ရုရှား - မြန်မာ နှစ်နိုင်ငံနှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာဖြင့် ရေရှည်ပူးပေါင်းမှု၏ အကျိုးရလဒ်များလည်းဖြစ်ပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့တွင် စက်တင်ဘာ ၅ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (7th Eastern Economic Forum-EEF) ကာလအတွင်း စက်တင်ဘာ ၆ ရက်တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ROSATOM တို့အကြား “Road Map on Cooperation in the field of the use of Nuclear Energy for Peaceful Purposes for 2022-2023 “အား လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ ထို့ပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဆိုချီမြို့တွင် ကျင်းပခဲ့သည့် ATOMEXPO -2022 ကာလအတွင်း ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား စီမံရေးဦးစီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rosatom Energy Projects, Joint Stock Company တို့သည် ရုရှား - မြန်မာ Small Modular Reactor (SMR) Projects အတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုဆောင်ရွက်ရန် သဘောတူစာချုပ်ကို နိုဝင်ဘာ ၂၁ ရက်တွင်လည်းကောင်း၊ နားလည်မှုစာချွန်လွှာ (MOU) ကို နိုဝင်ဘာ ၂၂ ရက်တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြသဖြင့် ပိုမိုတိုးတက်သည့် ရလဒ်ကောင်းများ ရရှိနေပြီဖြစ်ပါကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုလာရောက်သော ROSATOM ကုမ္ပဏီအနေဖြင့် ထပ်မံတိုးချဲ့၍ ရင်းနှီးမြှုပ်နှံနိုင်ရန်၊ ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရန်၊ အသေးစားရေအား လျှပ်စစ်နှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်စေရန်၊ လေအားလျှပ်စစ် အကောင်အထည်ဖော်နိုင်ရေး စီမံကိန်းလုပ်ငန်းများတွင်လည်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် ပူးပေါင်းပါဝင်နိုင်ရန် ဆွေးနွေးမှုများလည်း ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းဆွေးနွေးမှုများအပေါ်တွင်လည်း ဆက်လက်တိုးတက်အောင် ဆောင်ရွက်စေလိုကြောင်း၊ နည်းပညာအကူအညီများ၊ တည်ဆောက်ရေးများနှင့် ရင်းနှီးမြှုပ်နှံမှုများတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ဖိတ်ခေါ်လိုပါကြောင်း၊ တိုးတက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်အတွက် အပူစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုများဆောင်ရွက်ခြင်းနှင့် စက်ရုံများတည်ဆောက်နိုင်မည့် ကနဉီး နေရာများကို ကြည့်ရှုလေ့လာ ဆွေးနွေးခြင်းတို့အပြင် ယမန်နေ့ကလည်း မြန်မာနိုင်ငံအတွင်း လေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ဆောင်ရွက်နိုင်ရန် အလားအလာရှိသော နေရာများနှင့် အသေးစား ရေအားလျှပ်စစ် တည်ဆောက်အကောင်အထည်ဖော်ရန် နေရာများကိုလည်း မြေပြင်ကွင်းဆင်း လေ့လာမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သဖြင့် လေ့လာတွေ့ရှိ ချက်များအပေါ် ရလဒ်ကောင်းများရရှိစေရေး ဆက်လက်ဆွေးနွေးစေလိုပါကြောင်း ပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် စီမံကိန်းလုပ်ငန်းများအလိုက် အကောင်အထည်ဖော်မည့်အဖွဲ့များနှင့် အသေးစားရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေး၊ ပြန်ပြည့်မြဲစွမ်းအင် လေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေး၊ အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးနှင့် မြန်မာနိုင်ငံတွင် အသုံးပြုမည့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် လီသီယံ ဘက္ထရီထုတ်လုပ်သည့် စက်ရုံတည်ဆောက်နိုင်ရေး စသည့်ကဏ္ဍများအလိုက် ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်