နေပြည်တော် ဖေဖော်ဝါရီ

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ လျှပ်စစ်ဓာတ်အား သုံးစွဲမှု၊ လျှပ်စစ်ဓာတ်အား သယ်ယူဖြန့်ဖြူးနိုင်ရေးအတွက်  ဓာတ်အားလိုင်း တိုးချဲ့ဆောင်ရွက်မှုနှင့် မြို့ကြီးများ၌ Smart  Technology  အပါအဝင် မီတာလေးမျိုးစနစ် ကျင့်သုံးရေးတို့အား ရှင်းလင်းတင်ပြသွားသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်း တိုးတက်လျက် ရှိသည်ဟူသော အချက်မှာ ပြည်သူလူထုက လေးလေးနက်နက် သိရှိသင့်သော အချက်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏  လက်ရှိ  လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ၃၁၈၉ မဂ္ဂါဝပ်ဖြစ်ပြီး သုံးစွဲမှုက ထုတ်လုပ်မှုထက် ပိုများ လျက်ရှိပါသည်။ တစ်နည်းအားဖြင့်ဆိုသော် လိုအပ်လျက်ရှိသော လျှပ်စစ် ဓာတ်အားကို အလုံအလောက် ထုတ်လုပ်နိုင်ခြင်း မရှိသေးပါ။

 

 

သို့သော်  လက်ရှိစီမံချက်များအတိုင်းသာ  အကောင်အထည်ဖော်         ဆောင်ရွက်နိုင်ပါက ၂ဝ၂၁ ခုနှစ်တွင် ၄၂၈ မဂ္ဂါဝပ်၊ ၂ဝ၂၂ ခုနှစ်တွင် ၆၈၈ မဂ္ဂါဝပ်တို့ကို သီးသန့်အရန် လျှပ်စစ်ဓာတ်အားအဖြစ် သိုမှီးထားနိုင်တော့ မည်ဖြစ်ပါသည်။  လျှပ်စစ်ဓာတ်အား တိုးချဲ့ထုတ်လုပ်ရေး စီမံကိန်းများ၌ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများက ၁၅ ရာခိုင်နှုန်း၊Heavy  Fuel Oil (HFO)သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံများက ၁၈ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများက ၃ဝ ရာခိုင်နှုန်း၊ Liquefied   Natural  Gas (LNG) သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ များက ၃၂ ရာခိုင်နှုန်းနှင့် နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ   များက ရာခိုင်နှုန်းတို့ရှိကြောင်း သိရှိရပါသည်။ လျှပ်စစ်ဓာတ်အားတို့ကို တိုးချဲ့ထုတ်လုပ်ရာ၌ မတူကွဲပြားသော စွမ်းအင်ရင်းမြစ်တို့အား ဖြန့်သုံး ထားသည်ကို တွေ့ရှိရပါသည်။ သို့သော် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တင်ပြထားသည့်  လျှပ်စစ်ဓာတ်အား တိုးချဲ့ ထုတ်လုပ်ရေးစီမံကိန်းတို့၌  ကျောက်မီးသွေးသုံး  လျှပ်စစ်ဓာတ်အားပေး   စက်ရုံတို့ မပါဝင်သည်ကို သတိပြုမိပါသည်။ တိုးချဲ့သုံးစွဲမည့် စွမ်းအင်ရင်းမြစ် တို့၌ LNG အား ရေပြင်တွင် Floating  Storage  Re-gasification  Unit   ဖြင့်  သိုလှောင်၍ လျှပ်စစ်ဓာတ်အားပေးစက်ရုံ (Combined     Cycle  Power  Plant) သို့ ပိုက်သွယ်တန်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည်  ပုံစံသစ်တစ်မျိုး ဖြစ်ပါသည်။

 

 

များမကြာမီကာလအတွင်း လျှပ်စစ်ဓာတ်အားတို့ကို သုံးစွဲမှုနှင့်အညီ    လုံလုံလောက်လောက် ထုတ်လုပ်နိုင်တော့မည် ဖြစ်သော်လည်း  လျှပ်စစ်ဓာတ်အား သယ်ယူဖြန့်ဖြူးရေး အပိုင်း၌ ဓာတ်အားလိုင်းဆိုင်ရာ အဆင့်မြှင့်တင်၊ တိုးချဲ့ဆောင်ရွက်မှုတို့ကို ဖြည့်ဆည်းဆောင်ရွက်စရာ ကိစ္စရပ်များ ကျန်ရှိ နေဦးမည် ဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အား သယ်ယူဖြန့်ဖြူးရာ၌ နိုင်ငံတော်ရှိ မြို့ပေါင်း ၄၈၂ မြို့အနက် မြို့ပေါင်း ၃၅ဝ ကိုသာ  မဟာဓာတ်အားလိုင်း (National  Grid)  စနစ်ဖြင့် ဆောင်ရွက်နိုင်ပါသည်။ ကျန် ၁၃၂ မြို့သည် မဟာဓာတ်အားလိုင်းဖြင့် ချိတ်ဆက်မထားသည့် တခြားသော နည်းလမ်းတို့ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ရယူရပါသည်။ လက်ရှိ မဟာဓာတ်အားလိုင်း ပြင်ပနည်းလမ်းတို့၌ အသေးစား ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများနှင့် ဒီဇယ်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတို့သည် အဓိကနည်းလမ်းများ ဖြစ်ပါသည်။ နောင်တိုးချဲ့ ဆောင်ရွက်မည့် မဟာဓာတ်အားလိုင်း ပြင်ပ နည်းလမ်းတို့၌ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတို့ ပါဝင်လာသည်ကို ဝမ်းမြောက်ဖွယ် သိရှိရပါသည်။ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့နှင့်  မန္တလေးမြို့တို့ကဲ့သို့သော  မြို့ကြီးတို့၌ ကုန်ကျစရိတ် အနည်းအများပေါ်မူတည်၍ မီတာစနစ် လေးမျိုး ကျင့်သုံးမည်ကို ရှင်းလင်းတင်ပြသွားပြီး ပြည်သူလူထုက မိမိနှင့် ကိုက်ညီရာ မီတာစနစ်ကို ရွေးချယ်သုံးစွဲနိုင်ကြောင်းကိုလည်း တင်ပြသွားပါသည်။ နိဂုံးချုပ်အားဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား  ထုတ်လုပ်၊ ဖြန့်ဖြူး၊ သုံးစွဲမှုအခြေအနေတစ်ရပ်လုံးကို ပစ္စုပ္ပန်အတွက်သာမက အနာဂတ် ကာလအတွက်ပါ ခြုံငုံသုံးသပ်ထားသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ တင်ပြချက်ကို ကြိုဆိုပါကြောင်း လေးစားစွာ ဖော်ပြအပ်ပါသည်။ 

 

မြန်မာ့အလင်း