လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေပုဒ်မ ၄၁ နှင့် အညီ လျှပ်စစ်ဓာတ်အားခနှုန်းထား ပြင်ဆင် သတ်မှတ်ရန်ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၅/၂၀၂၄)၏ သဘောတူညီချက်အရ လျှပ်စစ်ဓာတ်အားခနှုန်းထားများကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ ပြင်ဆင်သတ်မှတ်ခဲ့သည်။

 

လျှပ်စစ်ဓာတ်အားခ တိုးမြှင့်သတ်မှတ်လိုက်ခြင်းနှင့်ပတ်သက်၍ ပြည်သူများအကြားနှင့် လူမှုစီးပွား နယ်ပယ်များတွင် ဂယက်ရိုက်ခတ်မှုများ ရှိမည်ဖြစ်သည်။ သို့သော်အခြေအနေမှန်ကို ကြောင်းကျိုးဆင်ခြင် သုံးသပ်ကြည့်ရမည်ဖြစ်သည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံခြင်းနှင့် ပတ်သက်ပြီး ဖြစ်သင့်ဖြစ်ထိုက် လုပ်သင့်လုပ်ထိုက်သော အခြေအနေမှန်များကို အများပြည်သူတို့အနေဖြင့် ရှင်းလင်းစွာ သိရှိထားရန်လိုပြီး လျှပ်စစ်ဓာတ်အားကို စနစ်တကျထုတ်လုပ်သုံးစွဲနိုင်ခြင်းအားဖြင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမှုများကို လည်း သိမြင်နိုင်ရမည်ဖြစ်သည်။

 

နိုင်ငံတော်၏ လူမှုစီးပွားဘဝနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လျှပ်စစ်ဓာတ်အားရရှိရေးသည် အဓိကကျသောကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများနှင့် ဓာတ်အားလိုင်းကြီးများ အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်လျက်ရှိပြီး  လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများအား တည်ငြိမ်သော လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ် မြင့်မားလာသဖြင့် လျှပ်စစ်ဓာတ်အားခနှုန်းထားများကို ပြင်ဆင်သတ်မှတ်ရန် လိုအပ်လာသည်။

 

လက်ရှိတွင် လျှပ်စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်း လိုအပ်နေချိန်တွင် ၅၀ ရာခိုင် နှုန်းကျော်သာ ထုတ်လုပ်နိုင်သည်။ ထိုထုတ်လုပ်နိုင်မှုအနက် ၅၀ ရာခိုင်နှုန်းခန့်ကို ရန်ကုန်မြို့ကြီးသို့ ပေးဝေနေရသည်။ အများပြည်သူ လျှပ်စစ်မီးရရှိစေရန်အတွက် အရင်းအနှီး၊ ကုန်ကျစရိတ်၊ တည်ဆောက်ရေး၊ ပြုပြင်ရေး၊ ထိန်းသိမ်းရေးလုပ်ငန်း များကို အမြောက်အမြား ရင်းနှီးပေးဆပ်ကြရသည်။ အဓိကမှာ တစ်ယူနစ်ကုန်ကျ စရိတ် ကျပ် ၃၀၀ မှ ကျပ် ၅၀၀ ခန့်ဖြစ်နေချိန်တွင် ၃၅ ကျပ်နှုန်းဖြင့် ကောက်ခံနေရသည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကိုအရှုံးခံပြီး အခက်အခဲ အမျိုးမျိုးဖြင့် ဆောင်ရွက်နေလျှင် ပုံမှန်လည်ပတ်နိုင်ရန်မှာ လွယ်ကူမည်မဟုတ်ပေ။

 

၂၀၂၃ ခုနှစ် စက်တင်ဘာလ Global Petro Price မှကောက်ယူထားသည့် စစ်တမ်းတွင် ကမ္ဘာ့နိုင်ငံအချို့၏ လျှပ်စစ်ဓာတ်အား တစ်ယူနစ်ဈေးနှုန်း နှိုင်းယှဉ်ချက်အရ မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဓာတ်အားခအသက်သာဆုံးနိုင်ငံတွင် ပါဝင်နေသည်ကိုတွေ့ရသည်။  မြန်မာနိုင်ငံ၌  လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် အခက်အခဲအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးရှိသည်။ ပြည်သူများအနေဖြင့် ဓာတ်အားခ တက်မည်ကို မနှစ်သက်ကြသဖြင့်  နိုင်ငံတော်က အရှုံးခံထုတ်လုပ်ဖြန့််ဖြူးပေးနေသည်။ အခြားနိုင်ငံများတွင် ဓာတ်အားခကို အပြည့်အဝကောက်ခံပြီး လုံလောက်အောင်ဖြန့်ဖြူးပေးနေသလို ခြိုးခြံချွေတာ သုံးစွဲမှုများကိုလည်း အတုယူသင့်သည်။

 

နိုင်ငံတော်အနေဖြင့် အမြင့်ဆုံးပျမ်းမျှ ဓာတ်အားလိုအပ်ချက်သည် မဂ္ဂါဝပ် ၅၈၀၀ ခန့်ရှိရာ လက်ရှိအချိန်တွင်  ပြည်ပမှ မှာယူတင်သွင်းရသည့် ဓာတ်ငွေ့ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှုတွင် ဓာတ်ငွေ့ဈေးနှုန်း လေးဆခန့်မြင့်တက်လာသောကြောင့် ရပ်တန့်ထားရခြင်း၊ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံအချို့တွင် ဓာတ်အားပေးစက်များကို နှစ်စဉ်ထိန်းသိမ်းပြုပြင်ခြင်း၊ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားပို့လွှတ်ပေးနေသည့်  တာဝါတိုင်များအား အကြမ်းဖက်သမားများက  အကြိမ်ကြိမ်မိုင်းခွဲ ဖျက်ဆီးမှုများကို ပြန်လည်ပြုပြင်တည်ဆောက်နေရခြင်း စသည့်ကုန်ကျစရိတ် အမြောက်အမြားနှင့် အရှုံးခံထုတ်လုပ်မှုစရိတ်ကို ကာမိစေရန်အတွက် ဓာတ်အားခတိုးမြှင့်ရန် မဖြစ်မနေလိုအပ်လာသည်။

 

ပြည်သူများအနေဖြင့် လျှပ်စစ်မီး အချိန်ပိုင်းပြတ်တောက်ရသည့် အခြေအနေနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိနိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲ တိုးတက်ဆောင်ရွက်မှုများကို နားလည်သဘောပေါက်ရန်လိုပေသည်။ ဓာတ်အားခပေးဆောင်ရမှု မြင့်မားလာသည်နှင့်အတူ လျှပ်စစ်မီးကို ခြိုးခြံချွေတာ သုံးစွဲခြင်းဖြင့် တိုးမြင့်လာသောမီတာခကို ထိန်းသိမ်းဆောင်ရွက်နိုင်မည်ဖြစ် သလို အိမ်ထောင်စုတစ်စုချင်းအလိုက် လျှပ်စစ်မီးကို ချွေတာသုံးစွဲလိုက်ခြင်းအားဖြင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာမရရှိသည့် အခြားမြို့ရွာဒေသများနှင့် အရေးကြီးသော ဆေးရုံ၊ စာသင်ကျောင်း အစရှိသည့်နေရာများသို့ လျှပ်စစ်ဓာတ်အားများ ပိုမို ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။

 

သို့ဖြစ်ရာ ပြည်သူများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် နိုင်ငံ၏အခြေအနေ၊ နိုင်ငံတော်၏ ဆောင်ရွက်ချက်များနှင့် ဓာတ်အားခတိုးမြှင့်ကောက်ခံရသည့် အကြောင်းရင်းများကို  နားလည်သဘောပေါက်ပြီး “ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုသကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူ နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့် လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်ကြခြင်းအားဖြင့် ပိုမိုတိုးတက်ကောင်းမွန်သည့် အနာဂတ်ဝန်းကျင်သစ်ကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။

 

ကြေးမုံ