၁၁ မတ်

ဗင်နီဇွဲလားနိုင်ငံရဲ့လမ်းတွေပေါ်မှာ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုနဲ့ သမ္မတ နီကိုလပ် မာဒူရိုကိုထောက်ခံသူတွေဟာ ခေါင်းဆောင်နှစ်ဦးရဲ့ တိုက်တွန်းမှုအရ သူ့ထက်ငါအပြိုင်အဆိုင် ဆန္ဒဖော်ထုတ်လျက်ရှိပါတယ်။ အခုဆိုရင် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်နေခဲ့တာ သုံးရက်မြောက်နေ့ကို ရောက်ရှိလာပါပြီ။

လျှပ်စစ်ဓာတ်အားပြတ်တောက်

ကရာကတ်မြို့မှာ မစ္စတာဂွိုက်ဒိုကို ထောက်ခံကြတဲ့ ပြည်သူအချို့ဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ငရုတ်ကောင်း ဖျန်းဆေးတွေနဲ့ လူစုခွဲခံခဲ့ရပါတယ်။ မိမိကိုယ်ကို ယာယီသမ္မတအဖြစ်ကြေညာထားတဲ့ မစ္စတာဂွိုက်ဒိုကတော့ သမ္မတမာဒူရိုနဲ့အကြီးအကျယ်မသင့်မမြတ်ဖြစ်နေတဲ့ အချိန်အခါပါပဲ။ မတ်လ ၇ ရက်ကစပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှု အများအပြားဖြစ်ပွားခဲ့မှုကြောင့် ဗင်နီဇွဲလားကို အတော်လေးထိခိုက်စေခဲ့ပြီး နောက်တစ်ရက်မှာတော့ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပါတယ်။

လက်လျှော့မယ့်အနေအထားမရှိသေး 

အတိုက်အခံဦးဆောင်တဲ့ အောက်လွှတ်တော်ခေါင်းဆောင်မစ္စတာဂွိုက်ဒိုကို ယာယီသမ္မတအဖြစ် ထောက်ခံတဲ့နိုင်ငံပေါင်း ၅၀ ကျော်ရှိနေပေမယ့် မစ္စတာမာဒူရိုဘက်မှာလည်း စစ်တပ်ရဲ့ကျောထောက်နောက်ခံပေးမှုကရှိနေတဲ့အပြင် နီးကပ်တဲ့မဟာမိတ်တွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်တို့ကလည်း ထောက်ခံပေးထားတဲ့အတွက်မစ္စတာမာဒူရိုအနေနဲ့ကလည်း အာဏာပြိုင်ဆိုင်မှုတစ်ခုမှာ လွယ်လွယ်နဲ့ လက်လျှော့အရှုံးပေးမယ့် အနေအထားမျိုးကို တွေ့မြင်ရခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့စနေနေ့က အတိုက်အခံတွေ စုဝေးဆန္ဒပြကြတဲ့ နေရာ တွေကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းခဲ့ပါတယ်။ လူထုစုဝေးမှုမှာ မိန့်ခွန်းပြောကြားပြီးနောက်မှာ မစ္စတာဂွိုက်ဒိုက မကြာခင်မှာ နိုင်ငံအတွင်းခရီးစဉ်တစ်ခုသွားမှာဖြစ်ပြီး ၄င်းအား ထောက်ခံသူတွေကိုကရာကတ်မှာ ပြုလုပ်မယ့် လူထုဆန္ဒပြပွဲတွေမှာ ပါဝင်ဖို့ ဆင့်ခေါ်သွား မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

တပ်မတော်ကိုကျေးဇူးတင်

ဒီအချိန်မှာ မစ္စတာ မာဒူရိုကတော့ ၄င်းကို သစ္စာစောင့်သိနေဆဲဖြစ်တဲ့ တပ်မတော်ကို ကျေးဇူးတင်လျက်ရှိပြီး ၄င်းတို့ဟာ အတိုက်အခံတွေကအာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ဖြိုခွင်းနိုင်ခဲ့တယ်လို့ ပြောဆိုနေပါတယ်။ Miraflores သမ္မတနန်းတော်အပြင်ဘက်မှာ မိန့်ခွန်းပြောကြားခဲ့စဉ်အတွင်း မာဒူရိုက ဂွိုက်ဒိုဟာ အမေရိကန်ရဲ့ လူရွှင်တော်လည်းဖြစ်၊ ရုပ်သေးရုပ်လည်းဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီလူတွေဟာ စစ်ရေးအရအာဏာသိမ်းဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေကိုဖိတ်ခေါ်လာပြီး အစိုးရဘက်က အာဏာသိမ်းဖို့ကြံစည်သူတွေကိုအနိုင်ရခဲ့တယ်လို့ ၄င်းက ဆိုပါတယ်။

နောက်ခံအကြောင်းရင်း

သမ္မတမာဒူရိုက မစ္စတာဂွိုက်ဒိုဟာ အမေရိကန်ကနယ်ချဲ့ဝါဒရှိသူတွေရဲ့ အားကိုးနဲ့ ၄င်းကိုဖြုတ်ချပြီး အာဏာသိမ်းဖို့ လုပ်နေတာ လို့ စွပ်စွဲလျက်ရှိပါတယ်။

မစ္စတာမာဒူရိုဟာ ၂၀၁၃ ခုနှစ်မှာ ဟူဂိုချာဗက်ဇ် သေဆုံးပြီး နောက် သမ္မတနေရာကိုရောက်ရှိလာခဲ့သူဖြစ်ပြီး ၄င်းလက်ထက်မှာ ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွားရေးအကြီးအကျယ် ပြိုလဲခဲ့ရပါတယ်။

အစားအစာနဲ့ ဆေးဝါးတွေ မလုံမလောက်ဖြစ်လာရသလိုငွေကြေးဖောင်းပွမှုအခြေအနေဟာဆိုရင်လည်း အတော်လေးဆိုးရွား နေပါတယ်။ ဒီတော့ ပြည်သူသုံးသန်းလောက်ကို ဗင်နီဇွဲလားကနေ ထွက်ခွာသွားရလောက်အောင် စီးပွားရေးအကျပ်အတည်းဖြစ်စေ ခဲ့တဲ့အတွက် မာဒူရိုအပေါ် အပြစ်တင်ဝေဖန်လာကြတဲ့ နိုင်ငံတွေက များသထက်များလာတာကြောင့် မာဒူရိုအစိုးရအဖွဲ့ဟာ ပိုပြီးသီးခြား ဆန်လာရပါတယ်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုက ဘာတွေဖြစ်လာစေသလဲ

လက်တင်အမေရိကမှာရှိတဲ့ အကြီးဆုံးရေအားလျှပ်စစ်ပေးဝေမှုတွေထဲက တစ်ခုဖြစ်တဲ့ဘိုလီဗာဒေသက ဂူရီရေအားလျှပ်စစ်သုံး ဓာတ်အားပေးစက်ရုံမှာ ဖြစ်ပွားတဲ့ပြဿနာတွေကြောင့် ဓာတ်အား ပြတ်တောက်မှုတွေ အများအပြားဖြစ်စေခဲ့ပါတယ်။

အရင်က ဓာတ်အားပေးဝေခဲ့တဲ့ ဧရိယာတော်တော်များများ ဓာတ်အားပြတ်တောက်မှုဖြစ်ပွားခဲ့တယ်လို့  EI National သတင်းစာက ဖော်ပြပါတယ်။

ကရာကတ်မြို့ရဲ့ အချို့နေရာတွေမှာ မီးပွိုင့်တွေပြန်ပြီး အလုပ်လုပ်နေပြီလို့ဆိုပေမယ့် မြို့တော်ရဲ့ မြေအောက်မီးရထားစနစ်ကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။ တကယ်တမ်း ဗင်နီဇွဲလားနိုင်ငံဟာ နိုင်ငံရဲ့ ရေနံတူးဖော်မှုထက် ပြည်တွင်းလျှပ်စစ်ဓာတ်အားအတွက်အကြီးစားရေအားလျှပ်စစ် အခြေခံအဆောက်အအုံအပေါ်မှာ မှီခို အားထားနေရပါတယ်။ သို့သော်လည်း ရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်းက အဓိကဆည်တွေကို ထိခိုက်ပျက်စီးစေခဲ့ပြီး မကြာခဏမီးပျက်တာ တွေက အထူးအဆန်း မဟုတ်တော့ပါဘူး။

ဟက်ကာတွေရဲ့အန္တရာယ်ကနေကာကွယ်မည်

သမ္မတမာဒူရိုက လျှပ်စစ်ဓာတ်အားပေးရုံတွေကို အမေရိကန်ရဲ့ကူညီထောက်ပံ့ပေးမှုတွေနဲ့ ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

ကျွန်ုပ်တို့မှာ သက်သေအထောက်အထားတွေရှိတယ်။ ၄င်းတို့အနေနဲ့ ဒီကိစ္စကိုတာဝန်ယူရလိမ့်မယ်။ လျှပ်စစ်ဓာတ်အားပေးစနစ်ကို ဟက်ကာတွေလက်ချက်မမိအောင် ကာကွယ်ဖို့အရေးယူဆောင်ရွက်မှု အသစ်တွေ ပြုလုပ်သွားမယ်လို့ ၄င်းက ပြောပါတယ်။ မစ္စတာဂွိုက်ဒို ကတော့ မီးပျက်တာတွေဟာ နှစ်တွေအများကြီးကြာအောင် ရင်းနှီးမြှုပ်နှံမှုမရှိခဲ့တဲ့ အကျိုးဆက်ပဲလို့သုံးသပ်ခဲ့ပါတယ်။

ဖရိုဖရဲအခြေအနေတွေ

ပြီးခဲ့တဲ့သောကြာနေ့တုန်းက ဆေးရုံအချို့မှာ ဖရိုဖရဲအခြေအနေ တွေ့ရှိခဲ့ပြီး ဆေးရုံမှာတက်ရောက်နေကြတဲ့ လူနာတွေရဲ့ ဆွေမျိုးသား ချင်းတွေက အရေးပေါ် မီးစက်တွေမောင်းပြီး လူနာတွေကို မှောင်တဲ့အခန်းတွေကနေ တခြားနေရာတွေကို ရွှေ့ပြောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ ကရာကတ်မြို့ တက္ကသိုလ်ဆေးရုံမှာ အသက် ၂၅နှစ်ရှိ လူနာ မာရီရယ်လ်စီအာရေဟာ အသက်ရှူစက်အလုပ် မလုပ်တော့တဲ့အတွက် သေဆုံးခဲ့ရပါတယ်။

ဆရာဝန်တွေက လူနာအသက်ရှင်နိုင်ဖို့ အတတ်နိုင်ဆုံး အရေးပေါ် အသက်ရှူစေတဲ့နည်းတွေနဲ့ လုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ကရာကတ် ကလေးဆေးရုံမှာရှိတဲ့ မီးစက်တွေလည်း အဆင်မပြေခဲ့ပါဘူး။ ဆေးရုံဝန်ထမ်းတွေက အလင်းရောင်ရဖို့အတွက် ၄င်းတို့ရဲ့ မိုဘိုင်းဖုန်းတွေကို သုံးပြီးတစ်ညလုံး အလုပ်လုပ်ခဲ့ရတယ်လို့ဆိုပါတယ်။ 

ကိုးကား - အေအက်ဖ်ပီ၊ ဘီဘီစီ
ကလျာမိုးမြင့်