မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုက နှစ်စဉ် မြင့်တက် နေသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လျှပ်စစ်ဓာတ်အား သည် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည့်အလျောက် စက်ရုံ၊ အလုပ် ရုံများ၊ ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာသည်နှင့် အမျှ ဓာတ်အားကို တိုးချဲ့ထုတ်လုပ်ရန် လိုအပ်လာသည်။ တစ်ဖက်တွင်လည်း ပြည်သူလူထု၏ ဝင်ငွေတိုးတက်လာမှု အတိုင်းအတာအရ လျှပ်စစ်ပစ္စည်းများ သုံးစွဲမှုတိုးတက်မြင့်မား လာခြင်းနှင့်အတူ ဓာတ်အားလိုအပ်ချက်လည်း မြင့်မားလာသည်။ သို့ဖြစ်သည့်အလျောက် စက်ရုံ၊ အလုပ်ရုံများနှင့် လူနေအိမ်ခြေ များအတွက် ဓာတ်အားလိုအပ်ချက်တို့ မြင့်တက်လာရခြင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၇သန်းကျော် ရှိရာ လျှပ်စစ်သုံးစွဲမှုအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ၂၄၉၇ မဂ္ဂါဝပ်၊ ၂၀၁၆ ခုနှစ်တွင် ၂၈ဝ၂ မဂ္ဂါဝပ်၊ ၂ဝ၁၇ ခုနှစ်တွင် ၃ဝ၇၅ မဂ္ဂါဝပ်၊ ၂၀၁၈ ခုနှစ်တွင် ၃၅၈၇ မဂ္ဂါဝပ် သုံးစွဲခဲ့သည်ကို ကြည့်ခြင်းအား ဖြင့် နှစ်စဉ်ဓာတ်အား သုံးစွဲမှု တိုးတက်နေသည်မှာ မြင်သာသည်။ ဓာတ်အားသုံးစွဲမှုနှင့် ထုတ်လုပ်မှုတို့အကြား အပြည့်အဝမရရှိ သေးသော်လည်း ဓာတ်အားတိုးချဲ့ ထုတ်လုပ်ဖြည့်ဆည်းပေး လျက်ရှိသည်မှာ အသေအချာပင်ဖြစ်ရာ နိုင်ငံတော်ဓာတ်အား စနစ်မှ လျှပ်စစ်ဓာတ်အား သုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅ဝရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ်အခမ်းအနားကို မကြာမီ ကျင်းပသွားရန် စီစဉ်နေသည်ဟု သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံ၏ ဓာတ်အားလိုအပ်ချက်ကို နှစ်အလိုက် တိုးချဲ့ ထုတ်လုပ် ဖြည့်ဆည်းပေးလျက်ရှိပြီး ခရစ်နှစ် ၂ဝ၃ဝ ပြည့်နှစ်တွင် မြန်မာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာခိုင်နှုန်းပြည့်သုံးစွဲနိုင်ရေး အတွက်လည်း ဦးတည်ကြိုးပမ်း လျက်ရှိသည်။ အမျိုးသား လျပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (National Electrification Plan-NEP) ကို အကောင်အထည်ဖော်လျက်ရှိရာ မဟာ ဓာတ်အားလိုင်းနှင့် ၁၀ မိုင်အထက် ဝေးကွာသည့် ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးတွင်မူ အခြားနည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဟု သိရသည်။ အခြားနည်းလမ်းများဟု ဆိုရာတွင် နေစွမ်းအင်၊ ရေစွမ်းအင်၊ လေစွမ်းအင်၊ ဇီဝလောင်စာ စွမ်းအင် စသည်ဖြင့် နည်းလမ်းများဖြင့် ဆောင်ရွက်ကြမှာဖြစ် သည်။ ယခုနှစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား ၄၀၃၂ မဂ္ဂါဝပ် သုံးစွဲခဲ့သည်ဟု ခန့်မှန်းထားရာ ၂ဝ၃ဝ ပြည့်နှစ် တွင် တစ်နိုင်ငံလုံး ဓာတ်အားသုံးစွဲမှု ရာနှုန်းပြည့်ရရှိရေးအတွက် လက်ရှိထုတ်လုပ်မှု၏ နှစ်ဆကျော်ကျော်ကို ၁၀ နှစ်တာကာလ အတွင်း တိုးတက်ထုတ်လုပ်နိုင်မှ ရည်မှန်းထားချက်ကို ပြည့်မီ နိုင်မည်ဖြစ်သည်။
နိုင်ငံ၏လိုအပ်ချက်အရ ဓာတ်အားတိုးချဲ့ ထုတ်လုပ်ဖို့ လိုအပ်သကဲ့သို့ ဓာတ်အားများ လျော့နည်းပျောက်ဆုံးမှု မရှိရေး၊ ခိုးယူသုံးစွဲမှု မရှိရေး၊ အလေအလွင့်မရှိစေရေးတို့ကိုလည်း ထိထိ ရောက်ရောက် ဆောင်ရွက်သွားကြရမှာ ဖြစ်သည်။ လျှပ်စစ် ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့်မူ လျှပ်စစ်ဓာတ်အားကို စနစ်တကျ သုံးစွဲပြီး ဓာတ်အားလေလွင့်ဆုံးရှုံးမှု မရှိစေရေး၊ ခိုးယူသုံးစွဲမှုမရှိစေရေးတို့အတွက် တစ်တပ်တစ်အား ဝိုင်းဝန်း ကူညီကြခြင်းဖြင့် လျှပ်စစ်ဓာတ်အား မရောက်ရှိနိုင်သေးသည့် ကျေးလက်ဒေသများ ညအမှောင်တွင် လျှပ်စစ်မီးရောင်ဖြင့် တောက်ပထွန်းပြောင်နိုင်ပါစေကြောင်း။ ။
မြန်မာ့အလင်း