ဝက်လက် ဒီဇင်ဘာ ၁၀

 

နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံးအနေဖြင့် (၅၀)ရာခိုင်နှုန်းပြည့် မြောက်မှု အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ရွှေပန်းကုံး ကျေးရွာရှိ ၆၆/၃၃ ကေဗွီ ၃၀အမ်ဗွီအေ ရွှေပန်းကုံးဓာတ်အားခွဲရုံဖွင့်ပွဲကို ဒီဇင်ဘာလ ၁၀ရက် နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာရှိ ၆၆/၃၃ ကေဗွီ ၃၀ အမ်ဗွီအေ ရွှေပန်းကုံးဓာတ်အားခွဲရုံအား စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိသူများက တက်ရောက် ဖွင့်လှစ် ပေးခဲ့ပြီး ဓာတ်အား ခွဲရုံအတွင်းသို့ လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

089

 

 “ကျွန်တော်တို့ ကျေးရွာက စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတဲ့ ကျေးရွာဖြစ်တယ်၊ ပတ်ဝန်းကျင်ကျေးရွာ တွေကလည်း ဒီအတိုင်းပါပဲ။ ဟိုတုန်းကတော့ လျှပ်စစ်မီးရပေမယ့် အားအပြည့် အဝမရတဲ့ အတွက် လယ်ယာသုံး စက်ကိရိယာအပိုပစည်းတွေ လုပ်တာတို့ ဆန်ကြိတ်ခွဲစက်တွေ လည်ပတ်တာတို့ မလုပ် နိုင်ခဲ့ဘူး၊ အခုဓာတ်အားခွဲရုံ တည်ဆောက်ပေးခဲ့တဲ့အတွက် ပိုပြီးတော့ လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်ဟု ရွှေပန်းကုံးကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးဟန်ထွန်း က ပြောသည်။

 

ရွှေပန်းကုံး ဓာတ်အားခွဲရုံအား ဖွင့်လှစ်နိုင်ခဲ့သဖြင့် ဝက်လက်မြို့နယ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာ (၁၁၄)ရွာ၊ အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာ(၄၂)ရွာတို့အား လျှပ်စစ်ဓာတ်အား အဓိက ဖြန့်ဝေ ပေးသွား မည်ဖြစ်ကြောင်းနှင့်  ၆၆/၃၃ ကေဗွီ ၃၀အမ်ဗွီအေ ရွှေပန်းကုံးဓာတ်အားခွဲရုံအား စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ရန်ပုံငွေမှ ငွေကျပ်(၁.၉၁၉)ဘီလီယံ အကုန်အကျခံ တည်ဆောက် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)