ဘားအံ  ၉  ဒီဇင်ဘာ

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ တစ်နိုင်ငံလုံး ဓါတ်အားသုံးစွဲသူ အိမ်ထောင်စု (၅၀%)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံး၌ ကျင်းပသည်။

 

08

 

ရှေ့ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်နှင့် ပြည်နယ် ဥပဒေချုပ်ဦးစောချစ်မြင့်လေးတို့က လျှပ်စစ်ဓါတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ (၅၀)ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ် မုဒ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော် ဓါတ်အားစနစ်မှ လျှပ်စစ်ဓါတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏(၅၀)ရာခိုင်နှုန်း ပြည့်မြောက်သည့်ကာလတွင် ကရင်ပြည်နယ် အတွင်း၌လည်း လျှပ်စစ်ဓါတ်အားသုံးစွဲမှု ၅၀ ရာခိုင်နှုန်းပြည့်မြောက်ခဲ့သည့် အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း၊ ကရင်ပြည်နယ်အတွင်း ဓါတ်အားလိုင်းများ တိုးချဲ့ တည်ဆောက်ခြင်း၊ ခွဲရုံများ တည်ဆောက်ခြင်း၊ ရှိပြီးသော ဓါတ်အားလိုင်းနှင့်ဓါတ်အားခွဲရုံများအား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အလေးထား ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တွင် မီးလင်းပြီးအိမ်ထောင်စု ၄၉၃၅၆ စု ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၁၆ ဒသမ ဝ၂ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မီးလင်းပြီးအိမ်ထောင်စု ၆၀၄၈၃ စု ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၁၉ ဒသမ ၆၃ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မီးလင်းပြီးအိမ်ထောင်စု၆၅၈၅၈စု ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၂၂ ဒသမ ဝ၃ ရာခိုင်နှုန်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မီးလင်းပြီး အိမ်ထောင်စု ၁၀၄၇၈၆ စုရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃၄ ဒသမ ဝ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ၅၀ ရာခိုင်နှုန်း မီးလင်းခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

 

089

 

အဆိုပါအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ တက်ရောက် လာသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)