နေပြည်တော်၊ ဒီဇင်ဘာ ၂
လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်မြို့နယ်၊ ကျိုက်ဝိုင်းရှိ လျှပ်စစ်ကျွမ်းကျင်မှု သင်တန်းခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်မှ Virtual စနစ်ဖြင့် တက်ရောက်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ လျှပ်စစ် (စွမ်းအား) အထူးပြု အင်ဂျင်နီယာကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဂဟေပညာရှင်များအသင်းဥက္ကဋ္ဌ၊ တာဝန်ရှိသူများ၊ နည်းပြဆရာ/ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းအား လျှပ်စစ်နှင့်ပတ်သက်သည့် အခြေခံသဘော တရားများ၊ လျှပ်စစ်ဥပဒေ၊ လျှပ်စစ်နည်းဥပဒေ၊ လျှပ်စစ်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်စေရန်၊ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများတွင် ပိုမိုကျွမ်းကျင်စွာ ဆောင်ရွက်လာနိုင်စေရန်၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချသော စာတွေ့၊ လက်တွေ့ကိုသာမက လုပ်ငန်းခွင်အတွင်းမှ အတွေ့အကြုံ၊ အသိပညာ၊ နည်းပညာများကိုလည်း တစိုက်မတ်မတ် လေ့လာသင်ယူရင်း မိမိအရည်အသွေး တိုးတက်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းလို ကြောင်းပြောကြားသည်။
လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းတွင် အခြေခံလျှပ်စစ်၊ လျှပ်စစ်တိုင်းတာရေး မီတာများ၊ အခြေခံအီလက်ထရောနစ်၊ လျှပ်စစ်ပတ်လမ်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မြေစိုက်ကြိုးနှင့် မိုးကြိုးလွှဲ၊ လျှပ်စစ်ဝါယာများ၊ လျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း၊ လျှပ်တာပြောင်းအခြေခံ၊ အေစီ-ဒီစီ မော်တာများ၊ အေစီ-ဒီစီ မော်တာများ (မော်တာနှိုးခလုတ်)၊ ဓာတ်အားခွဲရုံနှင့် ကောင်းကင်ဓာတ်အားလိုင်းအကြောင်း သိကောင်းစရာများ၊ လျှပ်စစ်ကြိုးသွယ်တန်းပြီး စစ်ဆေးခြင်းနှင့် မြေဓာတ်ချစစ်ဆေးခြင်း၊ ရုတ်ချည်းဗို့အားမြှင့် ထိန်းချုပ်ရေးကိရိယာ၊ လျှပ်စစ်သွယ်တန်း တပ်ဆင်ရာတွင် လိုက်နာရမည့်အချက်များ၊ ဓာတ်လှေကား၊ စက်လှေကားတို့၏ အခြေခံသဘောတရားများ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် အထွေထွေဗဟုသုတ၊ လျှပ်စစ်သွယ်တန်းတပ်ဆင်မှု၏ အကျိုး နှင့် အပြစ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ အေစီ-ဒီစီလျှပ်ထုတ်စက်၊ လျှပ်စစ်ဥပဒေနှင့် လျှပ်စစ် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လျှပ်စစ်စစ်ဆေးရေးဌာနအကြောင်းသိကောင်းစရာများ စသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးမည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံများမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၆၀) တက်ရောက်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်အထိ ရက်သတ္တပတ် ရှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


