ယင်းမာပင်   ၁၆   သြဂုတ်     


စစ်ကိုင်းတိုင်းဒေသကြီး၊  ယင်းမာပင်ခရိုင်၊  ယင်းမာပင်မြို့နယ်အတွင်း  လျှပ်စစ်မီး  မရရှိသေးသည့် ထင်းအဓိကထား သုံးစွဲနေရသော ကျေးရွာများသို့ ကိုရီးယားသမ္မတနိုင်ငံClimate  Change Center(CCC)၏ အစီအစဉ်ဖြင့် စွမ်းအားမြှင့်မီးဖို အခမဲ့ဖြန့်ဝေရေး ကနဦးအလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ် ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ယင်းမာပင်မြို့ မိုးလံလေလုံအားကစားခန်းမ၌ ကျင်းပကြောင်း သိရသည်။ 


ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးတင့်ကျော်လွင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲလင်းအောင်တို့က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦးက‘‘ကျွန်တော်တို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန အနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ Climate  Change Center(CCC)တို့ ပူးပေါင်းပြီး လျှပ်စစ်မီး  မရရှိသေးသည့် ထင်းအဓိကထား သုံးစွဲနေရသော ကျေးရွာများကို စွမ်းအားမြှင့် မီးဖိုသုံးစွဲခြင်းဖြင့် မီးဖိုထုတ်လုပ်ရာတွင် မြေသားကို မီးဖုတ်ရန် မလိုသည့်အတွက် မီးဖို(၁၀)ဖိုထုတ်လုပ်တိုင်း အရွယ်ရောက် သစ်ပင်တစ်ပင် ခုတ်လဲခြင်းမှ သက်သာစေခြင်း၊ ကျေးလက်အိမ်ထောင်စု တစ်စုသည် ဖိုခုံလောက် မီးဖိုသုံးစွဲပါက တစ်နှစ် ထင်း ၂ဒသမ ၅တန် လိုအပ်သော်လည် စွမ်းအားမြှင့်မီးဖို သုံးစွဲပါက ထင်း ၂ဒသမ ၅တန်၏ ၄၀ရာခိုင်နှုန်း ထင်း တစ်တန် လျော့နည်းသက်သာခြင်း၊ မီးအပူရှိန်ပြင်းပြီး ချက်ပြုတ်မှုကို မြန်ဆန်သက်သာ စေခြင်း၊ ယခင်သုံးစွဲနေကျ သာမန်လောင်စာများအပြင် ထင်းချောင်းငယ်များ၊ စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများဖြစ်သည့် ပဲစင်းငုံရိုး၊ ပြောင်းရိုး၊ ဝါရိုး၊ ထန်းလက်နှင့် ထန်းသီးခြောက်များဖြင့် လွယ်ကူ သက်သာစွာ ချက်ပြုတ်နိုင်ခြင်း၊ သဘာဝတောများမှ   ထင်း၊   မီးသွေး လောင်စာထုတ်ယူသုံးစွဲမှု လျော့ချနိုင်ခြင်းနှင့် ဒေသခံလူထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခြင်း အကျိုးကျေးဇူးများကိုရရှိစေမှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။    
    

ဆက်လက်၍ ယင်းမာပင်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေမျိုးထွန်းက စွမ်းအားမြှင့်မီးဖိုဖြန့်ဝေရေးစီမံကိန်းနှင့် ပတ်သက်၍ရှင်းပြောကြားပြီး စွမ်းအားမြှင့်မီးဖို အသုံးပြုနည်းကို လက်တွေ့ပြသည်။  ယင်းနောက် တက်ရောက်လာသောပြည်သူများမှ စွမ်းအားမြှင့်မီးဖို နှင့်ပတ်သက်၍ သိရှိလိုသည်များမေးမြန်းရာ မြို့နယ်ဦးစီးမှူး ဦးနေမျိုးထွန်းက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။ ယင်းမာပင်မြို့နယ်အတွင်း လျှပ်စစ်မီး  မရရှိသေးသည့် ထင်းအဓိကထား သုံးစွဲနေရသော ကျေးရွာအုပ်စု(၁၂)စုမှ ကျေးရွာ(၄၃)ရွာ၊အိမ်ထောင်စု (၉၃၆၄)စုအတွက် စွမ်းအားမြှင့်မီးဖို (၉၃၆၄)လုံးကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကုန်အပြီး အခမဲ့ ဖြန့်ဝေပေးမည် ဖြစ်ကြောင်း သိရသည်။


သန်းဌေးအောင်(ကနီ)