နေပြည်တော် နိုဝင်ဘာ၂၆

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန Microsoft Office (Excel) ကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို  ယနေ့နံနက်  ၉  နာရီခွဲတွင် နေပြည်တော်ရှိ  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း၌   ကိုဗစ်-၁၉  ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ယခု သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်သည် ဝန်ထမ်းများအသိပညာ ၊ အတက်ပညာ တိုးပွားစေရန်အတွက် အရည်အချင်းမြှင့် သင်တန်းများဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ သို့မှသာ ဝန်ကြီးဌာနအတွက် အထောက်အကူပြုနိုင်မည့် ဝန်ထမ်းကောင်းများ ပေါ်ပေါက်လာ နိုင်မှာဖြစ်ကြောင်း၊ ဝန်ထမ်းကောင်းဆိုသည်မှာ အသိပညာ၊ အတက်ပညာပြည့်စုံမှုအပြင် နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ် သစ္စာစောင့်သိသူများကို ဆိုလိုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူတစ်ဦးချင်းတစ်ယောက်ချင်း၊ အဖွဲ့အစည်းများအလိုက် လူ့စွမ်းအားအရင်းအမြစ် ( Human Resources Development- HRD )သည် အခြေခံအကျဆုံးနှင့် အရေးကြီး လိုအပ်ချက်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကို အလေးထား ဆောင်ရွက်လျက်ရှိနေသည်ကို တက်ရောက်လာကြသည့် ဌာနအကြီးအကဲများ၊ အရာထမ်းများနှင့် သင်တန်းသူ၊ သင်တန်းသား အားလုံးလည်း သိရှိလိမ့်မည် ဖြစ်ပါကြောင်း။

 

ဝန်ထမ်း များအနေနှင့်လည်း Microsoft Office (Excel) ကွန်ပျူတာ  ကျွမ်းကျင်မှုသင်တန်း တွင် သင်ကြား ပေးလိုက်သည့် ဘာသာရပ်များကို လုပ်ငန်းခွင်တွင် အကျိုးရှိရှိအသုံးချပြီး ဆက်လက် ကြိုးစားလေ့လာ ဆည်းပူးသွားကြရန်နှင့် မိမိတို့၏ ရှိပြီးသားအရည်အသွေးများအား ပိုမိုတိုးတက်စေရန် ရုံးလုပ်ငန်း တာဝန်များ ကို ( IT ) နည်းပညာများ အသုံးပြု၍ ထိရောက်မြန်ဆန်ရေး အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုပါကြောင်း၊ သင်တန်းသားများ အနေဖြင့်လည်း ပေးအပ်လာသည့်တာဝန်နှင့် ဝတ္တရားများကို အရည်အသွေးပြည့်ပြည့်ဝဝဖြင့် ထမ်းဆောင်သွားနိုင်ရန်၊ မိမိတို့တတ်သိထားသည့် (IT) နည်းပညာရပ်များအား လက်ဆင့်ကမ်း သယ်ဆောင် သွားကြရန်နှင့်  နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက်  အားကိုးအားထားပြုနိုင်သည့် သီလ ၊ သမာဓိ ၊ ပညာနှင့် ပြည့်စုံသော ဝန်ထမ်းကောင်းများဖြစ်ရေး ဝိုင်းဝန်းကြိုးစားကြရန် ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သည့် သင်တန်းသား များအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်က  သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာ နှင့်သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်သည်။

 

ယင်းနောက် ဆုရရှိသည့်သင်တန်းသားများက သင်ကြားပေးလိုက်သည့် Microsoft Office( Excel ) ကွန်ပျူတာ ဘာသာရပ်နှင့်ပက်သက်၍ Power Point Presentation  ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)