နေပြည်တော် ဧပြီ ၁၄

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် အခမ်းအနားကို ယနေ့ သင်္ကြန်အကျနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ် (၂၇)၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။ 

ရိုးရာမဟာသင်္ကြန် အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးသန့်စင်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူများနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပြီး ဦးစီးဌာနများနှင့် လုပ်ငန်းများကိုယ်စားပြု သင်္ကြန်အလှမယ် ယိမ်းအကအဖွဲ့များမှ  ယိမ်းအကများ၊ တေးသံသာများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူ ဧည့်သည်တော်များက အတာရေများ အပြန်အလှန် ပက်ဖျန်းကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဦးစီးဌာနများနှင့် လုပ်ငန်းများ ကိုယ်စားပြု ယိမ်းအက အဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်