နေပြည်တော် ၁၇ ဇန်နဝါရီ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ပုံမှန်သတင်းထုတ်ပြန်ခြင်း (၁/၂၀၁၉)အခမ်းအနား ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ်၊ ကျိုက်မရော မြို့နှင့် သံဖြူဇရပ်မြို့များနယ်များအတွင်းဖြတ်သန်း၍ ၆၆ကေဗွီ မော်လမြိုင်-သံဖြူဇရပ်ဓာတ်အားလိုင်း ၄၀ ဒသမ ၄၈မိုင်၊ ၆၆/၃၃/၁၁ကေဗွီ ၂၀အမ်ဗွီအေ သံဖြူဇရပ်ဓာတ်အားခွဲရုံနှင့် မော်လမြိုင်ဓာတ်အားခွဲရုံ Switch Bay Extension လုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှု၊ ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသများရှိ ပြည်သူများ လူမှုဘဝ တိုးတက်ရေးအတွက် လိုအပ်သောလျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်မှ ရရှိသုံးစွဲနိုင်ရန် ၆၆ကေဗွီ ဘူးသီးတောင်-မောင်တောဓာတ်အားလိုင်း ၉ ဒသမ ၁ မိုင် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ဧရာဝတီတိုင်းဒေသကြီး၊ ငရုပ်ကောင်းတောင်မြို့နယ်နှင့် ငရုပ်ကောင်းမြို့နယ်များရှိ ၆၆ကေဗွီ ဓာတ်အားလိုင်း ၁၅ ဒသမ ၅၄ မိုင် တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်မှု၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်နှင့် ငွေဆောင်မြို့နယ်များရှိ ဒေသနေပြည်သူများ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားကို ရရှိသုံးစွဲနိုင်ရေးနှင့် ဗို့အားပြည့်ဝစွာသုံးစွဲနိုင်ရေးတို့အတွက် ၆၆ကေဗွီ ပုသိမ်-ငွေဆောင် ဓာတ်အားလိုင်း ၁၄ ဒသမ ၉၂ မိုင် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှုကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံအသစ် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ မကွေး တိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်း မြိုင်ပေနက်ရှာဖွေရေး အစမ်းတွင်းအမှတ်(၁) တူးဖော်မည့် အခြေအနေ၊ ပုဂ္ဂလိကစက်သုံးဆီသိုလှောင်ကန်စခန်းများနှင့် အရောင်းဆိုင်များမှ သိုလှောင်ဖြန့်ဖြူးရောင်းချသည့် စက်သုံးဆီများ သတ်မှတ်အရည်အသွေးနှင့် အခြင် အတွယ် မှန်ကန်ပြည့်ဝမှုရှိ/မရှိ ရှောင်တခင်စစ်ဆေးအရေးယူဆောင်ရွက်မှုများကို ယခုထက်ပို၍ တိုးမြှင့်ပြုလုပ်ဆောင်ရွက်သွားမည့်အခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနှင့် ဗို့အားပြည့်မီစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ဝန်ကြီးဌာန မူဝါဒအရ ဓာတ်အားလိုင်းများ ကြိုတင်ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်စပ်လျဉ်း၍ သတင်း ထုတ်ပြန်ခဲ့သည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့်သတင်း ထုတ်ပြန်ရေး အဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သတင်းမီဒီယာသမား များ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)