လှိုင်းဘွဲ ၉ ဇွန်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာအုပ်စု ရှမ်းရွာတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က လျှပ်စစ်ဝိုင်ယာလျှော့ဖြစ်၍ နေအိမ်(၃)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါမီလောင်မှုဖြစ်စဉ်မှာ ရှမ်းရွာကျေးရွာနေ ဦးဆောင်ဌေး၏ အောက်တိုက်ခံ၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ သွပ်မိုး နေအိမ်ရှိ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်၍ မီးစတင်လောင်ကျွမ်းကာ ဦးမောင်နိန်းရွှေ၏ စပါးကျီ(စပါးတင်း ၅၀ ရှိ) တစ်လုံး၊ ဒေါ်မထက်၏ နေအိမ် (၁)လုံး၊ ဒေါ်တောင်းတူ၏ နေအိမ် (၁)လုံးတို့ပါ ကူးဆက်လောင်ကျွမ်း ဆုံးရှုံးခဲ့ပြီး အခြား လူ/တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
အဆိုပါ မီးလောင်ရာသို့ လှိုင်းဘွဲမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးလှိုင်းထွေးနှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းဇော်နှင့် အဖွဲ့များ၊ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များ၊ ရွာသူရွာသားများက စုပေါင်းမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)