ကိုငြိမ်းငယ်(ကျွန်းဒေါင့်)

လူမှုနယ်ပယ်တွင် လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြသည့်အတွက် အောင်မြင်မှုနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ရာတွင် လူတစ်ယောက်နှင့်တစ်ယောက် တူညီကြမည်မဟုတ်ပေ။ လူတစ်ယောက် ဆရာဝန် ဖြစ်လာခြင်းသည်  သူ့အတွက်အောင်မြင်မှု ဖြစ်နိုင်သလို အခြားလူတစ်ယောက် အင်ဂျင်နီယာ ဖြစ်လာ ခြင်းသည်လည်း ထိုအခြားလူအတွက် အောင်မြင်မှု ဖြစ်နိုင်ပေသည်။ ထို့အတူပင် လူတစ်ယောက် စာရေးဆရာ  ဖြစ်လာခြင်းသည်လည်း သူ့အတွက် အောင်မြင်မှုဖြစ်နိုင်ပါသည်။ မိဘအပေါ် အလုပ်အကျွေးပြု ကျေးဇူးဆပ်နိုင်ခြင်းကို အောင်မြင်မှုဟု ခံယူထားသူများလည်း  ရှိပေလိမ့်မည်။ မည်သို့ပင်ဆိုစေ  အောင်မြင်မှုဟူသည် “လူတစ်ယောက်က သူ၏ရည်မှန်းချက်အတိုင်း လက်တွေ့ဘဝတွင် အကောင်အထည်ဖော် လုပ်ဆောင်သွားနိုင်ခြင်းပင်” ဖြစ်သည်။

ဗီဇအဖြစ်ပါရှိပြီးဖြစ်

ကျွန်ုပ်တို့ လူသားများသည် ချစ်ခင်ယုယမှုကို ခံယူလိုခြင်း၊ ချမ်းသာကြွယ်ဝလိုခြင်း၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် နေရလိုခြင်း၊ အောင်မြင်မှုများ ရရှိလိုခြင်း  စသောလိုအင်ဆန္ဒများ ရှိကြသည်ပင် ဖြစ်သည်။ အလွန်သေးငယ်သော ညောင်စေ့တွင် ကြီးထွားရှင်သန်ပြီး ပွင့်စေ၊ သီးစေတတ်သော ဗီဇများပါရှိ၍  အကြောင်းအခွင့်  တိုက်ဆိုင်သောအခါ ရှင်သန်ကြီးထွားလာကြသည်။  လူသားများသည်လည်း အောင်မြင်ရလိုမှုနှင့်ပတ်သက်၍ လိုအင်ဆန္ဒများသည် သန္ဓေတည်ကတည်းက  ဗီဇအဖြစ်ပါရှိပြီး ဖြစ်လေသည်။ အကြောင်းအခွင့် တိုက်ဆိုင်၍ လူမှုအဖွဲ့အစည်းများနှင့်တွေ့သောအခါ ထိုလိုအင်ဆန္ဒများမှာ ရှင်သန်ကြီးထွားလာကြသည်။ ဥပမာအားဖြင့်  မိသားစုတစ်စုတွင် သုံးနှစ်အရွယ်ကလေးငယ်သည် ပင် သူ့အပေါ်၌ ချစ်ခင်ယုယပေးခြင်းကို ခံယူလိုမှု၊ ကောင်းမွန်စွာ နေထိုင်စားသောက်ရလိုမှု၊ ချစ်ခင်ရသူများနှင့် အတူတူနေရလိုမှု  စသောလိုအင်ဆန္ဒများမှာ သိသာထင်ရှားစွာ ဖြစ်ပေါ်လာပေသည်။

ကျောင်းတက်ရမည့်  အရွယ်ရောက်လာ၍ စာသင်ကျောင်းသို့ရောက်လာသောအခါ သူငယ်ချင်းများ၊ အဖွဲ့အစည်းများနှင့် ထိတွေ့ရ၍ လူမှုဆက်ဆံရေးနယ်ပယ် ပိုမိုကျယ်ပြန့်လာပေသည်။  ထိုအခါ ထိုအဖွဲ့အစည်းများထဲတွင် သူ့အပေါ်၌ အသိအမှတ်ပြုမှုကို ခံယူရရှိလိုခြင်း၊ အောင်မြင်ကျော်ကြားလိုခြင်း စသောလိုအင်ဆန္ဒများ  ရှင်သန်ပေါ်ပေါက်လာပေသည်။ ၎င်းလိုအင်ဆန္ဒများကို ရရှိလာစေရန်လည်း ကလေးသဘာဝအလျောက်  ကြိုးစားကြပေသည်။ထိုအကြောင်းအရာကို ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့ လူသားများသည်   ကိုယ်ပိုင်ခံယူချက်များဖြင့် အောင်မြင်မှုများကို ရရှိလိုကြောင်း သိသာထင်ရှားပေ သည်။
လူသားတိုင်းသည် ဘဝတွင် “ရပ်တည်နိုင်ရေးအတွက် လှုပ်ရှားကြိုးစား” နေကြရပေသည်။ အခြေခံ  စားဝတ်နေရေးမှသည် ကြီးမားသောရည်မှန်းချက်နှင့် အောင်မြင်မှုများအထိ  မျှော်မှန်းကြိုးစားကြရပေ သည်။  အောင်မြင်မှုရရှိရန်မှာလည်း မိမိတို့၏ သက်ဆိုင်ရာနယ်ပယ်အလိုက် ကြိုးစားဆောင်ရွက် ခြင်းရှိမှသာဖြစ်ပေမည်။  အောင်မြင်မှုဟူသည် စောင့်ဆိုင်းရမည့်အရာမဟုတ်၊  ဆောင်ရွက်ရမည့် အရာသာဖြစ်သည်ဟူသော စကားလည်းရှိပေသည်။ ထို့ကြောင့် လူသားတိုင်း ရလဒ်ကောင်းများရရှိပြီး အောင်မြင်ရစေဖို့ အဓိကအချက် သုံးချက်ကို မျှဝေရေးသားလိုက်ပါသည်။

မိမိ၏အတွေးများကို အဆင့်မြှင့်

ပထမအချက်အနေဖြင့်  မိမိ၏အတွေးများကို ဂရုစိုက်ပြီး  လှပအောင် အဆင့်မြှင့်နေရပါမည်။ ရလဒ်ကောင်းများရရှိဖို့အတွက် မိမိ၏အလုပ်များကို  ကောင်းမွန်ပြည့်စုံစွာ ပြီးမြောက်ဖို့ လိုအပ်ပေသည်။ မိမိ၏အလုပ်များကို   ပိုမိုကောင်းမွန်လာစေဖို့ တွေးတောကြံဆပြီး အဆင့်မြှင့်တင်ပေးနေရပါမည်။ လက်ဆွဲအိတ်တစ်လုံးကို   သယ်ယူမည်ဆိုလျှင် အားအင်ကိုထုတ်မှ အားအင်ထွက်လာပြီး အလုပ်ပြီး မြောက်ပေမည်။ ထို့အတူပင် အတွေးအကြံကောင်းဟူသည် ထုတ်ပေးမှသာလျှင် ထွက်ရှိလာပါမည်။ မိမိ၏ အလုပ်ကိုပိုမိုကောင်းမွန်အောင် တွေးရပါမည်။ ကြံဆရပါမည်။ သို့သော် ကောက်ကျစ်မှုမပါစေရန်လည်း လိုအပ်ပေသည်။ မိမိလုပ်နေကျ အလုပ်တွေပါဆိုပြီး အလုပ်အပေါ် ပိုမိုကောင်းမွန်အောင် တွေးတောကြံဆ ခြင်းမရှိပါက ရလဒ်ကောင်းများနှင့် ဝေးနေမည်ပင်  ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် မိမိ၏ခံစားချက်နှင့် ခံယူချက်များကို ဂရုစိုက်ပြီး အဆင့်မြှင့်နေရပါမည်။ နံနက်ခင်း အိပ်ရာက မထရသေးခင် မိမိ၏အတွေးထဲ တွင် အလုပ်သွားရမည်ကို ပျင်းနေပါက ရလဒ်ကောင်း များနှင့် ဝေးနေမည်ပင်ဖြစ်သည်။ ရလဒ်ကောင်းများသည် အလုပ်ကြိုးစားခြင်းနှင့်ကင်း၍ မဖြစ်နိုင်ပေ။မိမိ၏ခံစားချက်များဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိစေ ရန် အားထုတ်ရပေမည်။ လုပ်ငန်းခွင်မဝင်မီ မေတ္တာ ဘာဝနာပွားများခြင်း၊ ကိုယ်လက်လှုပ်ရှားပြုလုပ် ခြင်းတို့ဖြင့်  ကိုယ်ရောစိတ်ပါ   ကြည်လင်စေ၍ ယုံကြည်မှုနှင့်  ခွန်အားများရရှိစေပါသည်။ ထိုသို့ မိမိကိုယ်မိမိ ယုံကြည်မှုဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက် နိုင်ခြင်းသည် အလုပ်အပေါ်တွင် ရလဒ်ကောင်းများ ဆီသို့ ဦးတည်စေပါသည်။

ခံယူချက်များကို အဆင့်မြှင့်တင်

တတိယအချက်အနေဖြင့်  မိမိ၏အတွေးနှင့် ခံစားချက်များကို ကောင်းမွန်အောင်အဆင့်မြှင့်တင် ပြီး လုပ်ဆောင်မှု(အပြုအမူ)ဖြင့် ကြိုးစားရပေမည်။ အတွေးများ၊ ခံစားချက်နှင့် ခံယူချက်များ မည်မျှပင် ကောင်းသည်ရှိစေ လက်တွေ့လုပ်ဆောင်မှုမရှိလျှင် ရလဒ်ကောင်းများ မရရှိနိုင်ပေ။ ရလဒ်ကောင်းနှင့် အောင်မြင်မှုဟူသည် စောင့်ဆိုင်းနေရုံဖြင့် မရရှိနိုင်ပေ။ ဆောင်ရွက်မှသာလျှင် ရရှိနိုင်ပါမည်။ ဥပမာအား ဖြင့် ကားတစ်စီးသည် အင်ဂျင်စွမ်းရည် မည်မျှပင် ကောင်းသည်ဖြစ်စေ ကားစက်နှိုးပြီး မရွေ့လျားပါက ရလဒ်အဖြစ် အလုပ်မပြီးမြောက်နိုင်တော့ပေ။ စွမ်းရည်ရှိနေသော်လည်း လက်တွေ့ဘဝတွင် အမှန် တကယ်အလုပ်မလုပ်ပါက ရလဒ်အဖြစ် ထွက်ပေါ် လာနိုင်ခြင်းမရှိပေ။ ထို့ကြောင့် ကျွန်ုပ်တို့ အမှန်တကယ်ပြောင်းလဲလိုလျှင် ကျွန်ုပ်တို့၏အတွေးများ၊ ခံစားချက်နှင့် ခံယူချက်များကို အဆင့်မြှင့်တင်ကြရပေမည်။  နံနက်ခင်း  အိပ်ရာမှနိုးလာသည်နှင့် ဇိမ်ခံချင်နေ၍ မဖြစ်ပေ။ သက်ဆိုင်ရာ အလုပ်ခွင်သို့  သွားရောက်ရမည်ကို ပျင်းနေ၍ မဖြစ်ပေ။ အနာဂတ်အတွက် ပြောင်းလဲလိုလျှင် ဦးစွာအိပ်ရာသိမ်းပြီး လက်တွေ့ကြိုးစား လုပ်ဆောင်ကြရပေမည်။
အချုပ်အားဖြင့်ဆိုရလျှင်  ရလဒ်ကောင်းများရရှိရန် မိမိ၏အလုပ်အပေါ်တွင် ကောင်းမွန်အောင် ကြိုးစားလုပ်ဆောင်ကြရပါမည်။ အလုပ်များကောင်းမွန်လာစေရန်လည်း   အလုပ်အပေါ်တွင် ထားရှိသော   မိမိ၏ခံစားချက်နှင့်  ခံယူချက်များ ကောင်းမွန်စေရပါမည်။ ခံစားချက်နှင့် ခံယူချက်များ ကောင်းမွန်စေရန်မှာလည်း မိမိ၏ အတွေးအခေါ်များ ကို လှပပြီး မှန်ကန်စေရန် အဆင့်မြှင့်တင်ကြရပါမည်။ ထို့ကြောင့် စာချစ်သူများအပေါ် အကြံပြုလိုသည်မှာ “မိမိတို့၏အတွေးများကို ဂရုစိုက်ပြီး မြင်အောင်ကြည့် ပါ”ဟူ၍ဖြစ်သည်။  မိမိတို့၏  အတွေးများကို လှပအောင် ပြောင်းလဲနိုင်ပြီး ခံစားချက်များပြောင်းကာ  လုပ်ဆောင်မှုများပြောင်းလဲ၍ ရလဒ်ကောင်းများဆီသို့ ရောက်ရှိနိုင်ကြပါစေကြောင်း ဆန္ဒပြုရင်းရေးသား လိုက်ပါသည်။ ။