၄ မတ်
“ခုနေခါ မဲဆောက်လို့ပြောလိုက်ရင် မြန်မာ အလုပ်သမားတွေပြေးမြင်မယ်၊ အရင်က တော့ မဲဆောက်လို့ပြောလိုက်ရင် မြန်မာအဖွဲ့အစည်းတွေနဲ့ အဲဒီအဖွဲ့အစည်းတွေဆီဝင်၊ ထွက်သွားလာနေတဲ့ အနောက်နိုင်ငံသားတွေကို ပြေးမြင်တာပေါ့။ အခုတော့မဲဆောက်က စားသောက်ဆိုင်ပိုင်ရှင်တွေဘန်ဂလိုနဲ့ ဟိုတယ်ပိုင်ရှင်တွေဟာ မြန်မာအဖွဲ့အစည်းတွေရှိခဲ့တဲ့ မဲဆောက်ကိုပြန်တမ်းတနေကြတယ်။ သူတို့ အလုပ်အကိုင်တွေ မကောင်းတော့လို့လေ”။
မဲဆောက်-မြဝတီခရီးစဉ်ကို လိုက်ပို့ပေးတဲ့ ပဲခူးသားကားဆရာလေးက ပြောပြ နေတာဖြစ်တယ်။ နံနက် ၁၁ နာရီလောက်ကျမှ မဲဆောက်တစ်ခွင်လှည့်လည်မယ်လုပ်တော့ အပြင်မှာ နေပူနေပေမယ့်အလည်ထွက်တဲ့ ကားလေးထဲမှာတော့ကားအဲကွန်းနဲ့ အေးနေတယ်။ ဇန်နဝါရီလကုန်ပိုင်းရောက်လာသော်လည်း ရန်ကုန်မှာ ဟုတ်တိပတ်တိမအေးသေးဘဲ ရှိနေပေမယ့် မဲဆောက်ရောက်တဲ့ နံနက်ခင်းမှာတော့ မဲဆောက်ဆောင်းက အေးနေတယ်။ ကားဆရာလေးက မဲဆောက်က လည်စရာ ခြောက်နေရာ လိုက်ပို့ပေးမယ်ပြောပြီး လည်မယ့်နေရာတွေက ဖဝေါဘုရားနဲ့ နတ်နန်း၊ နဂါးလိုဏ်ဂူ၊ သံလိုက်တောင်၊ ရွှေကျောင်းတော်၊ ၉၇ ထပ်ရေတံခွန်နဲ့ ကျောက်တုံးပန်းခြံတို့ ဖြစ်တယ်။အရင် ဦးဆုံးတော့မဲဆောက်- ချင်းမိုင်အဝေးပြေးလမ်းနံဘေးမှာ တည်ရှိတဲ့ ဖဝေါဘုရားနဲ့ နတ်နန်းကိုဦးတည်ရောက်ရှိတယ်။ မြန်မာတွေက ဦးအောင်ဇေယျလို့ သိထားသူကို ထိုင်းလူမျိုးတွေက ဖဝေါနတ်ဆိုပြီး ရုပ်တုထုလုပ်ရှိခိုးနေကြတာဖြစ်တယ်။ နတ်နန်းဘုရား ဝန်းကျင်မှာ သတိပေးစာတန်းတွေကို ထိုင်းနဲ့မြန်မာ နှစ်ဘာသာနဲ့ရေးထိုးထားပြီး မဲဆောက်မြို့ထဲ လှည့်ကြည့်တော့လည်း အလားတူ နှစ်ဘာသာဆိုင်းဘုတ်တွေ အမြောက်အမြားတွေ့ခဲ့ရတယ်။
အသိတစ်ခုတိုး
“ပွမ်ခနဲ”ကြားလိုက်ရတဲ့ ကားဟွန်းတီးသံကြောင့် ဦးအောင်ဇေယျရုပ်တုကို ကြည့်နေရင်းကနေ အလန့်တကြားလှည့်ကြည့်မိတော့ လမ်းပေါ် ဖြတ်မောင်းသွားတဲ့ ကား တစ်စီးက ဟွန်းတီးသွားတာဖြစ်တယ်။ တစ်ခါ ရုပ်တုဘက်လှည့်ပြီး ကြည့်နေတုန်း ကားဟွန်းသံ”ပွမ်ခနဲ” ထပ်ကြားရပြန်ပြီး ဒီတစ်ခါကတော့ နတ်နန်းဝင်းထဲဝင်လာတဲ့ အန်စာတုံးကားက နတ်နန်းကိုဦးခိုက်ရင်း ဟွန်းတီးလိုက်တာ ဖြစ်တယ်။ ကိုယ်တိုင် မဲဆောက်ကနေ ချင်းမိုင်ကို ခ ရီးသည်တင်ကားနဲ့ ဖြတ်သန်းတော့လည်း အဲဒီနတ်နန်းနားရောက်တော့ ကားဆရာက ဟွန်းနှစ်ချက်တီးတယ်။ ဪ ကားဟွန်းသံနဲ့နတ်နန်းကို ဦးခိုက်ကြတာပါလားလို့ အသိတစ်ခုတိုးတယ်။ နတ်နန်းနဲ့ ဘုရားဝင်းထဲမှာ ဘုရားဖူးလာကြသူတွေကို ကြည့်လိုက်တော့ထိုင်းပရိသတ်ထက် မြန်မာပရိသတ်က ပိုများနေတာ သတိထားမိတယ်။ ဒါတောင်ကိုယ်တွေသွားတဲ့နေ့က ကြားရက် တနင်္လာနေ့ဖြစ်ပြီး စနေ၊ တနင်္ဂနွေဆို မြန်မာ ပရိသတ်အမြောက်အမြား လာကြတယ်လို့ကားဆရာလေးက ပြောပြတယ်။ ရန်ကုန်ပြန်ရောက်ပြီး ဖတ်ရတဲ့သတင်းတစ်ခုအရ မဲဆောက်ကိုသွားလည်ကြတဲ့ မြန်မာတွေတစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာနေပြီး ၂၀၁၈ ခုနှစ် တစ်နှစ်လုံးမှာ မြန်မာ တစ်သန်းကျော် မဲဆောက်ကို သွားရောက်လည်ပတ်ခဲ့ကြတယ်လို့ သတင်းကဆိုတယ်။ တကယ်လည်း မြန်မာခရီးသည်တွေကို မဲဆောက်မြို့နေရာအနှံ့မှာ ကိုယ်တိုင်တွေ့မြင်ခဲ့ရပြီး မြန်မာတွေ လည်လည်ထွက်နိုင်ကြတာကို မုဒိတာပွားရပါတယ်။
အရောင်းပြခန်းဖွင့်
မွန်းတည့်ချိန်ကျော်တော့ နေပူတာ သိသာလာတာကြောင့် ကားဆရာလေးပြောတဲ့ နေရာခြောက်ခုစလုံး မသွားနိုင်တော့ဘဲ အဝေးပြေးလမ်းတစ်နေရာကနေ ရပ်ကွက်တစ်ခုထဲဝင်သွားရတဲ့ မြွေဘုရား ဆိုတာဆီပဲ ချီတက်ခဲ့ကြတယ်။ မြွေဘုရားသာ ဆိုတယ် ဘုရားထဲမှာတော့ ဘီလူး၊ ဆင်၊ မျောက်၊ သတ္တဝါအစုံရဲ့ အရုပ်တွေ အမြောက်အမြားတွေ့ခဲ့ရပြီး ဘုရားပွဲရက်ဖြစ်လို့ မုန့်ဟင်းခါးကျွေးတယ်ဆိုတာနဲ့ ဝင်စားလိုက်ကြသေးတယ်။ ဆီမပါ ပျားမပါနဲ့၊ ငှက်ပျောအူလှိုင်လှိုင်သုံးပြီး ချက်ထားတဲ့ မုန့်ဟင်းခါးက ထိုင်းမကျ၊ မြန်မာမကျ၊ ပန်းကန်ခွက်ယောက်တွေ ထိုင်ဆေးနေတဲ့ ကလေးမလေးတစ်ယောက်အနားသွားပြီး ဒါဘာရွာလဲလို့ မြန်မာလိုမေးကြည့်တော့ မဲဆောက်က ရပ်ကွက် ၉ လို့ဖြေတယ်။ ဒီရပ်ကွက်ထဲမှာ သီးနှံမျိုးစုံစိုက်ခင်း တွေရှိပြီး မြန်မာတွေနဲ့ စက်တွေနဲ့ ထွန်ယက်စိုက်ပျိုးကြပါသတဲ့။ ဘုရားပွဲရက်သာ ပြောတယ်၊ လော်စပီကာသံလည်းမကြားရတော့ ထူးဆန်းသလိုဖြစ်ခဲ့ရပေမယ့် ထိုင်းလူမျိုးတွေ တိတ်တိတ်ဆိတ်ဆိတ်နေထိုင်တတ်တာ သိထားတာကြောင့် သိပ်တော့ အထူးအဆန်းမဖြစ်ခဲ့ရဘူး။ အဲဒီရပ်ကွက်ထဲကထွက်ပြီး အဝေးပြေးလမ်းပေါ် ပြန်တက်၊ မဲဆောက်စက်မှုဇုန်ဘက် ဆက်ထွက်ခဲ့ကြတယ်။ မဲဆောက်မြို့ကနေ မိနစ် ၂၀ လောက် ကားစီးသွားရပြီး အထည်ချုပ်စက်ရုံဝင်းတစ်ခုထဲ ကားနဲ့လှမ်းဝင်ခဲ့ကြ တော့ စက်ရုံနံဘေးက အထည်မျိုးစုံအရောင်း ပြခန်းက ဆီးကြိုနေတယ်။ အထည်ချုပ်စက်ရုံက နာမည်ရှိတဲ့စက်ရုံဖြစ်ပြီး သူ့စက်ရုံထွက် အထည်တွေထဲက ချုပ်ရိုးကြောင်းလေး နည်းနည်းလွဲသွားတဲ့အထည်တွေကို သူ့စက်ရုံထဲမှာပဲ အရောင်းပြခန်းဖွင့် ရောင်းချနေတာ ဖြစ်လို့ ဘရန်းတစ်ထည် ဘတ် ၂၀ဝ၀ လောက်ရှိတာကို ဘတ် သုံး၊ လေးရာလောက်နဲ့ဝယ်ယူနိုင်ကြတယ်။
ယုံယုံကြည်ကြည်အပ်နှံထား
“အထည်ပျက်တွေမှန်ပေမယ့် အပေါက်အပြဲတွေတော့ မဟုတ်ပါဘူး”လို့ အရောင်းပြခန်းက မြန်မာကလေးမလေးက ပြောတယ်။ စက်ရုံထဲ အထည်ချုပ်စက်ရုံချည်း သုံးရုံရှိပြီး မြန်မာ တစ်ထောင်ကျော် အလုပ်လုပ်နေကြ တာတွေ့မြင်ခဲ့ရတယ်။ မဲဆောက်မှာ တစ်ရက်ဘတ် ၃၀ဝ လောက်ရတဲ့ အထည်ချုပ်စက်ရုံဖြစ်ပြီး ချုပ်နိုင်ရင် ချုပ်နိုင်သလောက် ဘောက်ဆူးရတယ်လို့လည်း စက်ရုံအလုပ်သမလေးတစ်ယောက်က ပြောပြတယ်။ မိသားစုငါးယောက်အတွက် ဘောင်းဘီ၊ အင်္ကျီဝယ်တာ ဘတ် ၂၀ဝ၀ ဖိုးလောက်နဲ အားလုံးအတွက် အဆင်ပြေပြေရပြီး ဒါမျိုး မြို့ပေါ်က ဈေးဝယ်စင်တာတွေမှာဝယ်ရင် ဘတ်တစ်သောင်းဖိုးလောက် ပေးရနိုင်တယ်။ ဝယ်ခြမ်းပြီး မဲဆောက်ဈေးဘက်ပြန်ထွက်ခဲ့ကြတယ်။ ဈေးနားက တရုတ်ကြက်ဆီထမင်းဆိုင်မှာ ကြက်ဆီထမင်းဝင်စားရင်း စားကောင်းလှတဲ့ ဒီလိုကြက်ဆီထမင်းမျိုး ရန်ကုန်မှာ ဝယ်စားမရတဲ့အကြောင်း ပြောဖြစ်ကြတယ်။ ဆိုင်ထဲမှာလည်း ကြက်ဆီထမင်းတစ်ပွဲ ကြက်အသည်းအမြစ်နဲ့လို့ စားပွဲထိုးက မြန်မာလိုအော်မှာနေသံကြားရတော့ မြန်မာပြည်ထဲမှာလိုပဲ ခံစားလိုက်ရတယ်။ မဲဆောက်မှာကတော့ ဘယ်သွားသွား၊ ဘာဝယ်ဝယ်၊ ဘာပြောပြော မြန်မာလိုပဲ အဆင်ပြေပြေပြောဆိုဝယ်ခြမ်း နိုင်တာကြည့်ပြီး မဲဆောက်မှာ ထိုင်းတွေရော ရှိသေးရဲ့လားလို့ အတွေးရောက်ပြီး မေးစမ်း ကြည့်တော့ မြန်မာတွေအနေများပြီး ထိုင်း သူဌေးတွေက ဗန်ကောက်မှာပဲ နေကြပါသတဲ့။ ထိုင်းသူဌေးက ကရင်နဲ့ မွန်တိုင်းရင်းသား လူယုံတွေဆီမှာ သူတို့လုပ်ငန်းတွေကို ယုံယုံကြည်ကြည်အပ်နှံထားပြီး သူတို့ကတော့ ဗန်ကောက်မှာပဲ နေကြတယ်။ မဲဆောက်မှာ လူတွင်ကျယ်လုပ်နေကြသူတွေအများစုကတော့ မြန်မာပြည်ဖွား အိန္ဒိယသားတွေပဲဖြစ်တာလည်း မြင်တွေ့ ခဲ့ရတယ်။
စိတ်ဝင်စားဖို့ကောင်း
မြန်မာဘက်ခြမ်း မြဝတီမြို့နဲ့ ထိုင်း ဘက်ခြမ်း မဲဆောက်မြို့တို့ကို ယှဉ်ကြည့်ရင်သန့်ရှင်းသပ်ရပ်မှုအပိုင်း၊ အစားအသောက်ကောင်းမွန်လုံခြုံမှုအပိုင်း၊ လမ်းပန်းဆက်သွယ်ရေးအပိုင်းတို့မှာ အစစမဲဆောက်က သာတယ်။
အေးချမ်းဆိတ်ငြိမ်မှုအပိုင်း၊ ဝယ်ခြမ်းစားသောက် တည်းခိုနေထိုင်မှုအပိုင်းတို့မှာလည်း မဲဆောက်က အစစဈေးချိုသာပြီး တည်ငြိမ်တယ်။ မဲဆောက်မှာ တည်းခိုစရိတ် ဘတ် ၅၀ဝ လောက်သုံးရင်း အစစအဆင်ပြေပေမယ့် မြဝတီမှာ ကျပ်သုံးသောင်း သုံးပြီး တည်းခိုနေထိုင်လည်း အဆင်မပြေဘူး။ ဈေးနှုန်းချင်းယှဉ်ကြည့်ရင် အတူတူပဲဖြစ်ပေမယ့် ဝန်ဆောင်မှုက အပြတ်အသတ်ကွာတယ်။ ကဗျာဆရာမ ငွေတာရီရဲ့ ကဗျာ ထဲကလို “သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့် ငါ့မြေ မှာ နီဝါတင့်ရမပေါ့” ဆိုတဲ့ စိတ်ဓာတ်တွေ၊ လုပ်နည်းကိုင်နည်းတွေ အစစပြောင်းလဲစီမံခန့်ခွဲလုပ်ကိုင်ကြဖို့ အချိန်တန်ပြီလို့တောင်ပြောမရဘဲ နောက်ကျကျန်ရစ်ပြီလို့တောင် ပြောနိုင်တယ်။ မြန်မာတွေ မဲဆောက်ကိုသွားရောက်လည်ပတ်ကြပါ။ ထိုင်းအစိုးရက မြန်မာဧည့်သည်တွေ သွားလာလည်ပတ်လို့ရအောင် ဗီဇာမလိုဘဲ ခြောက်ညအိပ်ခုနစ်ရက် ခရီးသွားလာခွင့်ပြုထားပြီး မြန်မာ တွေလာလည်အောင် စီမံလုပ်ဆောင်ပေး ထားတယ်။ မြဝတီဘက်ကို ထိုင်းဧည့်သည်တွေ ဝင်၊ ထွက်သွားလာချင်အောင် မြန်မာ ဒေသဆိုင်ရာတာဝန်ရှိသူတွေ ဘယ်လိုစီမံခန့်ခွဲ လုပ်ဆောင်ကြမလဲဆိုတာလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။
ကိုရွှေအောင်