သိပ္ပံစာရေးဆရာကိုကိုအောင်
ငလျင်လှုပ်ခြင်းနှင့် ကျောက်ချပ်လွှာကြီးများ ကမ္ဘာ့အရပ်ရပ်တွင် ဖြစ်ပွားခဲ့ဖူးသော ဘေးအ္တရာယ်များအနက် ငလျင်လှုပ်ခြင်း သည် ရှောင်လွှဲ၍မရသလို ကြိုတင်၍လည်း မသိရှိနိုင်သော သဘာဝဘေးအ္တရာယ် တစ်မျိုးဖြစ်သည်။ ထို့ကြောင့်ပင် ငလျင်လှုပ်မည့်အရေးကို တွေးတောပူပန်ခြင်းဖြင့် စိတ်ဖိစီးမှုဖြစ်ရန် မလိုအပ်ပေ။ သို့ရာတွင် ငလျင်၏ သဘောသဘာဝကိုမူ ကောင်းစွာ နားလည်သဘောပေါက်ကာ သတိရှိနေကြရန် လိုအပ်သည်။
ရှေးခေတ်အခါများက ငလျင်လှုပ်ခြင်းသည် မြေစောင့်နတ်မင်းက ဒဏ်ခတ်ခြင်း ဖြစ်သည်ဟုလည်းကောင်း၊ မြေအောက်ရှိ ဧရာမသတ္တဝါကြီး အိပ်ပျော်နေရာမှ နိုးထလာခြင်းဖြစ်သည်ဟုလည်းကောင်း စွဲမှတ်ယုံကြည်ခဲ့ကြသည်။ အကယ်စင်စစ် ငလျင်လှုပ်ခြင်းမှာ ကမ္ဘာ့ကျောက်ချပ်လွှာကြီးများ တစ်ခုနှင့်တစ်ခု တွန်းတိုက် ရွေ့လျားခြင်းပင် ဖြစ်သည်။ ဤမြေကမ္ဘာ့ကြီးသည် အက်ပြီး မကွဲသေးသော ကြက်ဥ ပမာပင် ဖြစ်သည်။ အက်ကြောင်းများကြောင့် ပြတ်ထွက်နေသော်လည်း အကာပိုင်းရှိ အကျိအချွဲများနှင့် ကပ်ငြိနေသည့်အတွက် ဝေးရာသို့ ကွဲကွာသွားခြင်းမရှိသော ကြက်ဥအခွံ အကွဲစကလေးများနှင့် သဏ္ဌာန်တူသည့် ကျောက်ချပ်လွှာကြီးများပေါ်၌ ကမ္ဘာ့တိုက်ကြီးများက ပေါလောမျောလျက် တည်ရှိနေကြသည်။
ကမ္ဘာ့ကုန်းမြေ တိုက်ကြီးများကို ကျောက်ချပ်လွှာအစုအဖွဲ့ပေါင်း နှစ်ဆယ်ခန့်ဖြင့် ဖွဲ့စည်းထားသည်။ ယင်းကျောက်ချပ်လွှာကြီးများသည် တစ်ခါတစ်ရံ တစ်ခုနှင့်တစ်ခု တွန်းတိုက်မိကြသလို တစ်ခါတစ်ရံ၌မူ တစ်နေရာဆီသို့ ကွဲထွက်သွားကြလေ့ရှိသည်။ ကျောက်ချပ်လွှာကြီးများ ရွေ့လျားကြသည့်အခါ ကမ္ဘာ့တိုက်ကြီးများကလည်း ယင်းတို့နှင့်အတူ လိုက်ပါရွေ့လျားရင်း တည်နေရာနှင့် တည်နေပုံများကလည်း အခါအားလျော်စွာ ပြောင်းလဲနေကြရသည်။
သာဓကအားဖြင့် အတ္တလန္တိတ်သမုဒ္ဒရာ ခြားနေသော တောင်အမေရိကတိုက်နှင့် အာဖရိက တိုက်တို့သည် လွန်ခဲ့သော နှစ်ပေါင်း ၁၃၅ သန်းခန့်က တစ်ဆက်တစ်စပ်တည်း တည်ရှိနေခဲ့ကြရာမှ ကျောက်ချပ်လွှာကြီးများ၏ ရွေ့လျားမှုကြောင့် လိုက်ပါရွေ့လျားရင်း ပထဝီအနေအထား ပြောင်းလဲလာခဲ့ကြခြင်းဖြစ်သည်။
ကမ္ဘာမြေ၏ နက်ရှိုင်းသော အတွင်းပိုင်းရှိ ပူလောင်နေသည့် ကျောက်ချော်ရည်များသည် မြင့်မားသောဖိအားနှင့် တွန်းကန်မှုတို့ကြောင့် ကမ္ဘာ့မျက်နှာပြင်အခွံ ပိုင်းသို့ တိုးထွက်ရောက်ရှိလာခြင်းဖြင့် အခွံလွှာအသစ်ကို ဖြစ်ပေါ်လာစေသည်။ အသစ်ဖြစ်ပေါ်လာသည့် အခွံလွှာ၏ အောက်သို့ ရောက်ရှိသွားသော မူလအခွံ ဟောင်းမှာ အလွန်ပူလောင်နေသည့် ကမ္ဘာ့အတွင်းပိုင်းအထိတိုင် ကျရောက်သွားပြီး အရည်ပျော်သွားကြသည်။ ဤနည်းအားဖြင့် ကမ္ဘာ့မြေမျက်နှာပြင် အခွံပိုင်းသည် အမြဲတမ်း ပြောင်းလဲလျက်ရှိနေသည်။
ရှေးခေတ် ပထဝီပညာရှင်တို့က သမုဒ္ဒရာကြမ်းပြင်ဟူသည်မှာ ကုန်းမြေတိုက်ကြီး များ၏ အနိမ့်ပိုင်း နေရာများဖြစ်သည်ဟု ယူဆထားခဲ့ကြသည်။ အကယ်စင်စစ် အားဖြင့် သမုဒ္ဒရာကြမ်းပြင်များ တည်ရှိနေသော ကျောက်ချပ်လွှာကြီးများနှင့် ကမ္ဘာ့တိုက်ကြီးများ တည်ရှိနေသည့် ကျောက်ချပ်လွှာကြီးများမှာ တစ်ဆက်တစ်စပ်တည်း မဟုတ်သလို မြေလွှာတစ်မျိုးတည်းဖြင့် ဖွဲ့စည်းထားခြင်းလည်း မဟုတ်ပေ။
သမုဒ္ဒရာရာကြမ်းပြင် ကျောက်ချပ်လွှာများ
ကမ္ဘာ့ကုန်းမြေတိုက်ကြီးများကို နှမ်းဖတ်ကျောက်နှင့်တူသော ဆီလီကွန်နှင့် အလူမီနီယမ်တို့ ရောနှောနေသည့် ကျောက်သားများဖြင့် ဖွဲ့စည်းထားပြီး သမုဒ္ဒရာ ကြမ်းပြင်များကိုမူ ဆီလီကွန်နှင့် မဂ္ဂနီဆီယမ်တို့ ရောနှောပါဝင်နေသည့် Basalt ခေါ် မီးတောင်ချော်နက် ကျောက်သားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ကမ္ဘာ့တိုက်ကြီးများ၏ ကျောက်သားမြေလွှာများသည် ယင်းတို့ထက် ပို၍ လေးလံမာကျောသော သမုဒ္ဒရာကြမ်းပြင် မီးတောင်ချော်နက် ကျောက်များပေါ်၌ တည်ရှိနေကြသည်။ ကမ္ဘာမြေ၏ နက်ရှိုင်းသောအတွင်းပိုင်းတွင် အလွန်ပူလောင်ပြီး အရည်ပျော်နေသည့် ကျောက်ချော်ရည်များသည် ဖိအားကြောင့် သမုဒ္ဒရာရာကြမ်းပြင် ကွဲထွက်ရာ အက်ကြောင်းများမှတစ်ဆင့် တိုးထွက်လာပြီး အပေါ်ယံသို့ ရောက်ရှိသည့်အခါ အေး၍ မာကျောသွားကြခြင်းဖြင့် သမုဒ္ဒရာကြမ်းပြင်အသစ်ကို ဖြစ်ပေါ်လာစေသည်။
သာဓကအားဖြင့် အတ္တလ္တိတ်သမုဒ္ဒရာကြမ်းပြင်သည် အက်ကွဲကြောင်း၏ တစ်ဖက်တစ်ချက်ဆီသို့ ရွေ့လျားလျက်ရှိနေသည်။ သို့ရာတွင် ရွေ့လျားသည့်နှုန်းမှာ အလွန်နှေးကာ တစ်နှစ်တာအတွင်း စင်တီမီတာ အနည်းငယ်မျှသာ ခရီးပေါက် ရောက်သည်။ ယင်းကဲ့သို့ ရွေ့လျားနေကြရင်း ကမ္ဘာ့တိုက်ကြီးများ၏ အစွန်းသို့ ရောက်ရှိလာသည့်အခါ ပိတ်ဆို့ခံရသကဲ့သို့ဖြစ်ပြီး တိုက်ကြီးများ၏ အောက်ဘက်သို့ ဝင်ရောက်ကျဆင်းသွားသည်။ နက်ရှိုင်းသည့်အတွင်းပိုင်းသို့ အရောက်တွင် ပြင်းထန် လွန်းသော အပူရှိန်ကြောင့် အရည်ပျော်သွားသည်။ ဤနည်းဖြင့် သမုဒ္ဒရာကြမ်းပြင်တို့သည် အမြဲတမ်းဆိုသလို အသစ်နှင့်အဟောင်း လဲလှယ်ဖြစ်ပေါ်လျက် ရှိနေကြသည်။
ဆန်အန်ဒရီးစ် ပြတ်ရွေ့ကြောင်းကြီး
ကမ္ဘာ့ကုန်းမြေတိုက်ကြီးများသည် ကျောက်ချပ်လွှာကြီးများ၏ ရွေ့လျားမှုကြောင့် ကွဲထွက်ရာမှ အက်ကွဲကြောင်းများကို ဖြစ်ပေါ်လာစေသည်။ ကမ္ဘာ့ဒေသအနှံ့တွင် လှုပ်ခတ်ခဲ့သော ငလျင်များ၏ ၉၀ ရာခိုင်နှုန်းခန့်သည် ပြတ်ရွေ့ကြောင်း (Fault)ဟု ခေါ်ဆိုကြသော အဆိုပါ အက်ကွဲကြောင်းများ တစ်လျှောက်နှင့် အနီးတစ်ဝိုက်၌ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
သမုဒ္ဒရာရာရေပြင်အောက် တောင်တန်းများအထိ ရောက်ရှိသော ယင်းအက်ကွဲကြောင်းများမှတစ်ဆင့် နက်ရှိုင်းသော အတွင်းပိုင်းရှိ အလွန်ပူလောင်သည့် ကျောက်ချော်ရည်များသည် ဖိအားကြောင့် ပြင်းထန်စွာပေါက်ကွဲပြီး အပြင်သို့ တိုးထွက်လာကြကာ ကျောက်ချပ်လွှာများကို တွန်းတိုက်ရွေ့လျားစေခြင်းဖြင့် ပြင်းထန်သော ငလျင်များကို ဖြစ်ပေါ်လာစေသည်။
ကမ္ဘာပေါ်ရှိ ပြတ်ရွေ့ကြောင်းကြီးများအနက် San Andreas Fault သည် အလွန်ထင်ရှားသော ကမ္ဘာသိ ပြတ်ရွေ့ကြောင်းကြီးဖြစ်သည်။ ယင်းပြတ်ရွေ့ကြောင်းသည် အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်းခြေရှိ ကယ်လီဖိုးနီးယား ပြည်နယ်အတွင်း၌ တည်ရှိသည်။ ကယ်လီဖိုးနီးယား ပြည်နယ်ကြီးသည် ကျောက်ချပ်လွှာကြီးနှစ်ခုပေါ်၌ ခွလျက် တည်ရှိနေသည်။ ပစိဖိတ် ကျောက်ချပ်လွှာပေါ်၌ တစ်စိတ်တစ်ပိုင်း တည်ရှိနေပြီး ကျန်အစိတ်အပိုင်းက မြောက်အမေရိက ကျောက်ချပ်လွှာပေါ်၌ တည်ရှိနေသည်။ ကယ်လီဖိုးနီးယားပြည်နယ်ကို ဆန်အန်ဒရီးစ် ပြတ်ရွေ့ကြောင်းကြီးက ပိုင်းခြားထားလျက်ရှိသည်။
ကယ်လီဖိုးနီးယားပြည်နယ်၏ တစ်စိတ်တစ်ပိုင်း တည်ရှိရာနေရာဖြစ်သော ပစိဖိတ် ကျောက်ချပ်လွှာသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနေစဉ် ကျန်တစ်စိတ်တစ်ပိုင်း တည်ရှိနေသော မြောက်အမေရိက ကျောက်ချပ်လွှာကြီးက ဆန့်ကျင်ဘက်အရပ်ဖြစ်သော အရှေ့တောင်ဘက်သို့ ရွေ့လျားလျက်ရှိနေသည်။ ထို့ကြောင့်ပင်လျှင် ကျောက်ချပ်လွှာကြီးနှစ်ခု၏ ဆုံရာဖြစ်သော ဆန်အန်ဒရီးစ် ပြတ်ရွေ့ကြောင်းကြီးတစ်လျှောက်နှင့် အနီးတစ်ဝိုက်တွင် ငလျင်ကြီးများ ဖြစ်ပေါ်လေ့ ရှိသည်။
သာဓကအားဖြင့် ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းရှိ လော့စ်အိန်ဂျလိစ် မြို့တွင် ၁၉၉၄ ခုနှစ်က အင်အားအလွန်ပြင်းထန်သော ငလျင်ကြီး လှုပ်ခဲ့ပြီးဖြစ်သည်။ လော့စ်အိန်ဂျလိစ်မြို့သည် ဆန်အန်ဒရီးစ် ပြတ်ရွေ့ကြောင်းကြီးမှ ကီလိုမီတာ ၅၀ ခန့်သာ ကွာဝေးသလို မြို့ပတ်ဝန်းကျင်၌လည်း သေးငယ်သော ပြတ်ရွေ့ကြောင်းများ အများအပြား တည်ရှိနေသည်။ ၁၉၉၄ ခုနှစ် ငလျင်ကြီးသည် ထိုပြတ်ရွေ့ကြောင်းငယ်ကလေးများထဲမှ ပြတ်ရွေ့ကြောင်းတစ်ခုကို ဗဟိုပြုခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့သမိုင်းမှ အင်အားပြင်း ငလျင်ကြီးများ
အလားတူပင် ၁၉၂၃ ခုနှစ်က ဂျပန်နိုင်ငံ၌ လှုပ်ခဲ့သော အင်အားပြင်း ငလျင်ကြီးသည်လည်း ပြတ်ရွေ့ကြောင်းများနှင့် နီးကပ်သော နေရာဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ငလျင်ကြီးသည် မြို့တော်တိုကျိုနှင့် ယိုကိုဟားမား ဆိပ်ကမ်း မြို့များကို ဆိုးဆိုးရွားရွား ပျက်စီးစေခဲ့သည်။
ထို့အတူ သမ္မတနန်းတော် အဆောက်အအုံကြီးပါ ပြိုကျခဲ့သည့်အတွက် အုပ်ချုပ်ရေးယန္တရားကိုပါ တုံ့ဆိုင်းသွားစေခဲ့သော ဟေတီငလျင်ကြီးသည်လည်းကောင်း၊ ပျက်စီးဆုံးရှုံးမှု ကြီးမားလွန်းသောကြောင့် လမ်းပန်းဆက်သွယ်ရေးကိုပါ ပြတ် တောက်သွားစေခဲ့သော ချီလီငလျင်သည်လည်းကောင်း၊ လူအသေအပျောက် အလွန်များခဲ့သည့် တရုတ်နိုင်ငံ စီချွမ်ငလျင်သည်လည်းကောင်း၊ မြို့တစ်မြို့လုံး နီးပါးကို အသစ်ပြန်လည်တည်ဆောက်ခဲ့ရသည့် ဂျပန်နိုင်ငံ ကိုဘေးငလျင်သည် လည်းကောင်း၊ မကြာသေးမီကမှ ဖြစ်ပွားခဲ့သော နီပေါငလျင်နှင့် အီကွေဒေါ ငလျင်တို့သည်လည်းကောင်း အရွယ်အစား အမျိုးမျိုးရှိကြသည့် ပြတ်ရွေ့ကြောင်း ကြီးငယ် အသွယ်သွယ်တို့ကို ဗဟိုပြုလျက် သို့တည်းမဟုတ် ပြတ်ရွေ့ကြောင်းများ၏ အနီးပတ်ဝန်းကျင်ကို ဗဟိုပြုလျက် ဖြစ်ပွားခဲ့ကြခြင်းပင်ဖြစ်သည်။
ယနေ့ခေတ်တွင် သိပ္ပံနှင့် နည်းပညာများ အလွန့်အလွန် တိုးတက်နေသည့်တိုင် ငလျင်လှုပ်မည့် အရေးကို ကြိုကြိုတင်တင် ခန့်မှန်းနိုင်ခြင်း မရှိကြသေးပေ။ ကမ္ဘာ့ ငလျင်လှုပ်ခတ်မှုအများဆုံး နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံသည် စက်မှုဖွံ့ဖြိုးပြီးဖြစ်သော ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်သည်နှင့်အညီ ငလျင်လှုပ်ခတ်မှု၏ အဦးအစဖြစ်သော မြေအောက်လှုပ်ရှားမှုများကို အချိန်ရနိုင်သလောက် ကြိုတင်ထောက်လှမ်း သိရှိနိုင်သည့် တိုင်းတာရေးစခန်း ကွန်ရက်ကြီးကို ဒေါ်လာသန်း ၅၀ဝ အကုန်အကျခံ၍ တည်ဆောက်ခဲ့သည်။
ငလျင်၏အစ မြေအောက်လှုပ်ရှားမှုများကို တိုင်းတာသည့် စခန်းပေါင်း ၁၀ဝဝ ကျော်ကို စီရင်စု တစ်ခုချင်းစီအလိုက် တစ်နိုင်ငံလုံး၌ ကွန်ရက်အဖြစ် ဖြန့်ကြက်ကာ ငလျင်ကြိုတင် သတိပေးဌာနနှင့် ချိတ်ဆက်ထားခဲ့သော ဂျပန်နိုင်ငံသည် ၂၀၁၁ ခုနှစ်ကဖြစ်ပွားခဲ့သည့် ငလျင်လှုပ်မည့်အရေးကို စက္ကန့်ပိုင်းမျှသာ ကြိုတင်သိရှိနိုင်ခဲ့သည်။
၂၀၁၁ ခုနှစ် မတ် ၁၁ ရက် မွန်းလွဲ ၂ နာရီ ၄၆ မိနစ်က ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်းပေါ်ရှိ ဆန်ဒိုင်းဒေသ အရှေ့ဘက် မိုင် ၈၀ ခန့်အကွာနေရာ၏ မြေအောက်အနက် ၂၅ ဒသမ ၂ မိုင်ကို ဗဟိုပြု၍ ပြင်းအား ၉.ဝ မဂ္ဂနီကျုရှိ အင်အားအလွန်ပြင်းထန်သော ငလျင်ကြီး လှုပ်ခတ်ခဲ့သည်။ဆက်သွယ်ရေးစနစ် အလွန်ကောင်းမွန်ပြီး တုံ့ပြန်ဆောင်ရွက်မှု အလွန်မြန်ဆန် သည့် ဂျပန်နိုင်ငံသည် စက္ကန့်ပိုင်းမျှသာ ကြိုသိရသည့် ငလျင်လှုပ်မည့်အရေးကို နိုင်ငံတစ်ဝန်း အချိန်ရနိုင်သလောက် ကြိုတင်ထုတ်ပြန်ခဲ့သည့်အတွက် ပျက်စီး ဆုံးရှုံးမှု ကြီးမားကျယ်ပြန့်ခဲ့သည့်တိုင် ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့သည့် အဆိုပါ ပျက်စီး ဆုံးရှုံးမှုများနှင့် နှိုင်းစာလျှင် လူအသေအပျောက်မှာ အလွန် နည်းပါးခဲ့သည်။ ထို အင်အားပြင်းငလျင်ကြီးကြောင့် ဂျပန်ပင်လယ်ကြမ်းပြင်သည် တစ်ဖက်တစ်ချက်သို့ ၇၉ ပေခန့် ရွေ့သွားခဲ့သည့်အပြင် အပေါ်ဘက်သို့လည်း ၁၀ ပေခန့် မြင့်တက် လာခဲ့သည်။ (ဆက်လက်ဖော်ပြပါမည်)