ဆီဆိုင်၊ ၃ ဖေဖော်ဝါရီ  

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရေးနှင့် ဒေသထွက်ကုန်များ ဈေးကွက်သို့ အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ တင်ပို့ရောင်းချနိုင်ရေးတို့အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၉၁ ဒသမ ၆၄၇ သန်းဖြင့် တင်ဒါအောင်မြင်သည့် Golden Top Point ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် လပ်တိုင်-ပင်အွန်း ကျေးရွာချင်းဆက်လမ်း (၇/၀)မိုင်အနက် (၁/၄)မိုင် ကျောက်ချောခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ကော်မတီဝင်များ၊ ဟိုပုံးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောသန်းချစ်တို့က ဖေဖော်ဝါရီ ၃ ရက်တွင် လုပ်ငန်းအရည်အသွေး ကောင်းမွန်မှုရှိ/မရှိကို မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

 

အဆိုပါ ကျေးရွာချင်းဆက်လမ်း ပြီးစီးပြီဖြစ်၍ ကျေးရွာ(၇)ရွာ၊ အိမ်ခြေ (၁၃၁၁)၊ လူဦးရေ (၆၁၅၈)ဦး၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)

 

mdn