လပွတ္တာမြို့နယ် ကန်ဘဲ့နယ်မြေရဲစခန်းမှ အမှုစစ်ဒုရဲအုပ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

နေပြည်တော် ၂၉ ဇန်နဝါရီ 

 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်နေ နစ်နာသူ လယ်သမားများက လယ်ထွန်ရန်အတွက် လိုအပ်သော ကျွဲ(၅)ကောင်ကို စာချုပ်စာတမ်းနှင့် ဝယ်ယူခဲ့ပြီး စက်လှေဖြင့် သယ်ဆောင်လာစဉ် လပွတ္တာမြို့နယ်၊ ကန်ဘဲ့နယ်မြေရဲစခန်းမှ အမှုဆင်ဖမ်းဆီး တရားစွဲ၍ ငွေကြေးတောင်းခံခဲ့ခြင်းနှင့် တရားရုံး သက်သေခံဖြစ်သော ကျွဲများကို ရောင်းချခဲ့သည့်အတွက် အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့သည်။

 

တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကန်ဘဲ့နယ်မြေ ရဲစခန်းမှ အမှုစစ် ဒုရဲအုပ်အောင်နိုင်ဦးသည် တရားခံ၏ ဇနီးထံမှ အမှုကိစ္စ ညှိနှိုင်းရန် ငွေကျပ် (၅)သိန်းနှင့် တရားခံများ အာမခံရရှိရေးအတွက် ငွေကျပ်(၅)သိန်းတို့ကို တောင်းခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကန်ဘဲ့နယ်မြေရဲစခန်းမှ အမှုစစ် ဒုရဲအုပ်အောင်နိုင်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ကန်ဘဲ့နယ်မြေရဲစခန်းတွင် ဇန်နဝါရီ ၂၈ ရက် ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူ နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။ 

 

(သတင်းစဉ်)