လပွတ္တာ  ၇  ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ရေထွက်ပစ္စည်း(ကဏန်း)ဝယ်ယူ စုဆောင်းတင်ပို့ရောင်းချသည့် လုပ်ငန်းများ အရှိန်အဟုန်မပျက်စေရေးအတွက် လပွတ္တာခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဒေါ်ဝါဝါသိန်း၊ မြို့နယ်ဦးစီးဌာနမှူး ဦးထွန်းဝင်းအောင်နှင့် ဝန်ထမ်းများလိုက်ပါလျက် ကဏန်းအဝယ်ဒိုင်များသို့  ဇွန် ၆ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

လပွတ္တာမြို့နယ်အတွင်းရှိ ရေထွက်ပစ္စည်း(ကဏန်း) ဝယ်ယူစုဆောင်းတင်ပို့ရောင်းချသည့် လုပ်ငန်း လုပ်ကိုင်သူ (၁၃၂)ဦး ရှိပါကြောင်း၊ ယခင်နှစ် တင်ပို့ရောင်းချမှု တန်ချိန်(၉၆၅၀)ရှိပါကြောင်း၊ ယခုနှစ်တွင် တရုတ်နိုင်ငံဝူဟန် ကိုဗစ် ကိစ္စကြောင့် ဇန်နဝါရီလမှစ၍ အဝယ်ဈေးကွက်မရှိသည့်အတွက် လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပါကြောင်း၊ လုပ်ငန်းများရပ်ဆိုင်းခဲ့ရသည့်အတွက် ကဏန်ဖမ်းဆီး ရှာဖွေသည့်ရေလုပ်သားများ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့ခဲ့ရသလို အဝယ်ဒိုင်များလည်း လုပ်ငန်းများအဆင်မပြေမှု များစွာကြုံတွေ့ခဲ့ရပါကြောင်း၊ မေလအတွင်း အဝယ်အနည်းငယ်ရှိသော်လည်း ကဏန်းကုန်တက်မှာ ယခင်နှစ်များထက် လျော့နည်းနေပါကြောင်း စစ်ဆေးတွေ့ရှိရသည်။

 

ငါးလုပ်ငန်းဦးစီးဌာန ကွင်းဆင်းစစ်ဆေးရးအဖွဲ့မှ အဆိုပါရေထွက်ပစ္စည်း(ကဏန်း) ဝယ်ယူစုဆောင်း တင်ပို့ရောင်းချသည့် ဒိုင်များအား Corona Virus Disease (COVID-19) နှင့် ပတ်သက်သော အသိပညာပေး ထုတ်ပြန်ချက်များအား တိကျစွာလိုက်နာဆောင်ရွက်ရေး၊ ဌာနမှ သတ်မှတ်ထားသော ကဏန်းအရွယ်အစားများနှင့် ကိုက်ညီမှုရှိရေး၊ အရွယ်အစားမပြည့်မီသော ကဏန်းငယ်များအား မဖမ်းဆီးရေး၊ အခက်အခဲများနှင့် ထူးခြားဖြစ်စဉ်များအား ဌာနသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်နိုင်ရေး၊ ရေထွက်ပစ္စည်း(ကဏန်း) ဝယ်ယူစုဆောင်းတင်ပို့ရောင်းချသည့် လုပ်ငန်းကုန်စည်စီးဆင်းမှုများ အရှိန်အဟုန် မပျက်စေရေးနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ ချမှတ်ထားသည့် ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ရှင်းလင်းပြောကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

MDN