လပွတ္တာ ၁၅ မတ်
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့ပေါ်ရှိ လူမှုရေးအဖွဲ့အစည်းများစုပေါင်း၍ ကိုရိုနာဗိုင်းရပ်ရောဂါလက္ခဏာအကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များကို လူစည်ကားရာ စျေးများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်နှင့် တစ်အိမ်တက်ဆင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဆောင်ရွက်ကြကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ လောလောဆယ် သင်လုပ်နိုင်တာ ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက် အိပ်စက်ပါ၊ နှာချေ ချောင်းဆိုးလျှင် ပါးစပ် နှာခေါင်းအုပ်ပါ၊ လက်ကို မကြာခဏဆေးကြောပါ။
ကိုရိုနာဗိုင်းရပ် ကြိုတင်ကာကွယ်ရေး ရိုးရှင်းထိရောက်သည့် နည်းလမ်းများမှာ ကြက်၊ ဘဲနှင့် ငှက်များ အပါအဝင် တိရစ္ဆာန်တွေကို အကာအကွယ် မလုပ်ထားဘဲ ထိတွေ့ခြင်းမပြုပါနဲ့၊ အသားစိမ်းနဲ့ ကျက်အောင်မချက်ထားတဲ့ အသားများစားခြင်း ရှောင်ကြဥ်ပါ။ လူစုလူဝေးဖြစ်တဲ့ နေရာတွေကို ရှောင်ပါ၊ ဖျားနာနေတဲ့ လက္ခဏာရှိသူတွေနဲ့ အနီးကပ်ထိတွေ့ခြင်း မပြုပါနှင့်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။ လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးကြောပါ။ ချောင်းဆိုးခြင်း သို့မဟုတ် ရင်ကြပ်ခြင်းကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိပါက မျက်နှာဖုံးတပ်ဆင်ပါ။ ချောင်းဆိုး သို့မဟုတ် နှာချေပါက ပါးစပ်ကို တစ်ရှူးဖြင့်အုပ်ပါ။ ပြီးလျှင် အရည်စိုသွားသော တစ်ရှူးစက္ကူကို အမှိုက်ပုံးထဲသို့ ချက်ချင်းစွန့်ပစ်ပါ။
ကိုရိုနာဗိုင်းရပ်ရောဂါလက္ခဏာနှင့် ဆောင်ရန် ရှောင်ရန်များမှာ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည့်ရောဂါလက္ခဏာတို့ဖြစ်ပြီး ဆောင်ရန်ရှောင်ရန်များမှာ အစားအစာများကို ကျက်အောင်ချက်ပြုတ်စားပါ။ နှာချေလျှင်၊ ချောင်းဆိုးလျှင် ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်ထားပါ။ လူထူသောနေရာများကို ရှောင်ကြဥ်ပါ။ ဖျားနာနေသော တိရစ္ဆာန်များအား ထိတွေ့ခြင်းမှ ရှောင်ကြဥ်ပါ။ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ပါ။ ရောဂါလက္ခဏာတစ်ခုခုပြပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့ သွားရောက်ပြသပါ။ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း စနစ်တကျလက်ဆေးပါ။ နေမကောင်းဖြစ်လျှင် ဆေးရုံဆေးခန်းသို့သွားပါ။ အသေးစိတ်သိရှိလိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Website www.mohs.gov.mm နှင့် QR code အား Scan ဖတ်၍ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။
ဝင်းကျော်မြင့် (လပွတ္တာခရိုင် ပြန်/ဆက်)