မြောင်းမြ ၂၂ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နှင့် မြောင်းမြမြို့ကြား ပင်လယ်လေးမြစ်ကိုဖြတ်၍ ပြန်လည်ပြုပြင် တည်ဆောက်ခဲ့သည့် ပင်လယ်လေးမြစ်ကူးတံတားအား တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တံတားတည်ဆောက်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ ပင်လယ်လေးမြစ်ကူး မူလကြိုးတံတားဟောင်းမှာ ခံနိုင်ရည်ဝန်အား ကျဆင်းလာသည့်အတွက် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၁)မှ ပြည်ထောင်စုဘတ်ဂျက်ဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်ကာ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများကို စတင်ခဲ့ပြီး ရေလည်တိုင်များ ထည့်သွင်းကာ တံတားအပေါ်ထည် ပင်မတံတား (Steel Box Girder) နှင့် သံကူကွန်ကရစ်၊ RC ဘိုးပိုင်တို့ကို အသုံးပြုတွဲဖက်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
"တံတားကြီးပြီးစီးသွားရင် ခရီးသွားပြည်သူတွေနဲ့ ကုန်ပစ္စည်းတွေ သယ်ယူမှု ပိုအဆင်ပြေလာမှာပါ၊ တံတားပြုပြင် တည်ဆောက်နေတုန်းက ကျွန်တော်တို့ကုန်ကားတွေ အတော်အခက်အခဲ တွေ့ခဲ့ကြပါတယ်၊ ဇက်ရေယာဉ် စောင့်ရတာတွေ၊ အချိန်မမီလို့ မကူးရဘဲ ဇက်ရေယာဉ်ဆိပ်မှာ အိပ်စောင့်ခဲ့ရတာတွေ ရှိခဲ့တယ်၊ ခုတော့ ဒီအခက်အခဲတွေ လွန်မြောက်တော့မှာပါ" ဟု လပွတ္တာ-ရန်ကုန် ကုန်ကားမောင်းသူ ယာဉ်မောင်း ကိုကျော်မင်းဦးက ပြောသည်။
အဆိုပါ ပင်လယ်လေးမြစ်ကူးတံတားမှာ တံတားအရှည် ပေ ၁၃၄၀၊ အကျယ် ၃၀ ဒသမ ၅ ပေ၊ ရေလမ်းကင်းလွတ် အမြင့် ၂၉ ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၁၉၂ ပေနှင့် တံတားခွင့်ပြုတန်ချိန် ၆၀ တန်ဖြစ်ကြောင်း တံတားတည်ဆောက်ရေးအဖွဲ့မှ သိရသည်။
လပွတ္တာ(ပင်လယ်လေး)တံတားမှာ ယခင်ကြိုးတံတားအဖြစ် တည်ရှိစဉ်က တန် ၂၀ သာ သွားလာနိုင်ပြီး ယခု တံတားကြီး ပြင်ဆင်ပြီးစီးသွားသည့်အခါတွင် တန် ၆၀ အထိ သွားလာနိုင်မည်ဖြစ်ကာ ဒေသတွင်း သွားလာရေးနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
အောင်မင်း(မြောင်းမြ)