ရန်ကုန် နိုဝင်ဘာ ၁၉

ရန်ကုန်မြို့၊ လသာမြို့နယ်၊ အနော်ရထာလမ်းတွင် YBS ယာဉ်တစ်စီး အင်ဂျင်ခန်း အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။

နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီ ၄၇ မိနစ်ခန့်က လသာမြို့နယ်၊ အနော်ရထာလမ်းတွင် ခရီးသည်တင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၅၄ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

“YBS 21 ကားမီးလောင်တာ၊ ရန်ကုန်ဆေးရုံကြီး နောက်ကျောလောက်မှာဖြစ်တာ၊ ကားနောက်ပိုင်း အင်ဂျင်ခန်းက အပူလွန်ပြီးလောင်တာပါ၊ အသေးစိတ်ကိုတော့ သက်ဆိုင်ရာက စစ်ဆေးနေပါတယ်”ဟု အခင်းဖြစ်နေရာသို့ သွားရောက်ကူညီပေးခဲ့သူတစ်ဦးက ပြောပြသည်။ မီးလောင်မှုဖြစ်ပွားရာသို့ ရှင်သန်ရေးကူညီမှုအသင်းမှ ရေသယ်ယာဉ်တစ်စီးဖြင့် သွားရောက်၍ ရေအထောက်အကူပြု ကူညီပေးခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကြောင့် မော်တော်ယာဉ်၏ အင်ဂျင်ခန်းနှင့် ယာဉ်နောက်ပိုင်းမှ ထိုင်ခုံအချို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)၊ ဓာတ်ပုံ-ရှင်သန်ရေးကူညီမှုအသင်း