မောင်ခင်မင်(ဓနုဖြူ)
“ဆရာ ဟိုတလောက အကျဉ်းသားတွေလွှတ်တဲ့ သတင်း ဖတ်ရမယ်ထင်ပါတယ်”
“အေး... ဖတ်ရပါတယ်။ ထောင်တွေမှာ ထောင် ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတော်တော်များများကို လွှတ်လိုက်တာလေ။ ဘာဖြစ်လို့လဲ”
“ဒီလိုပါ ဆရာ။ အဲဒီသတင်းကို တချို့သတင်းစာ တွေထဲမှာ ရေးပုံမှားနေတယ်ထင်လို့ပါ”
“ပြောစမ်းပါဦးကွာ”
“အကျဉ်းသားအရေအတွက် ဘယ်လောက်ကို ‘လွှတ်လိုက်သည်’ လို့ တော်တော်များများ ရေးကြ ပါတယ်။ တချို့သတင်းစာတွေမှာတော့ အကျဉ်းသား အရေအတွက်ဘယ်လောက်ကို ‘စေလွှတ်လိုက်သည်’ လို့ရေးတာ တွေ့ရလို့ပါ ဆရာ။ အဲဒီ ‘စေလွှတ်’ ဆိုတဲ့ အသုံးမှားနေတယ်ထင်ပါတယ်”
“အေး... ဆရာလည်း အဲဒီအသုံးအကြောင်းကို အရင်ကပြောဖူးပါတယ်။ ဒါထက် မင်းက ဘာဖြစ်လို့ အဲဒီအသုံး မှားတယ်ထင်တာလဲ”
“ဆရာ ‘စေလွှတ်’ ဆိုတာ တစ်နေရာကို တစ်ခုခု လုပ်ဖို့ ခိုင်းလိုက်တာကိုဆိုလိုတာ မဟုတ်လား ဆရာ။ ကျွန်တော်ဖတ်ရတဲ့ စာတစ်ပုဒ်မှာ ‘စောယွမ်းကို လုပ်ကြံချေဟု မင်းချင်းတစ်ယောက်ကို စေလွှတ်လိုက် ၏’ လို့ တွေ့ပါတယ် ဆရာ”
“ဟုတ်ပါတယ်။ မင်းပြောတဲ့အတိုင်းပါပဲ။ ရှေးက စာတွေထဲမှာ မင်းသားကလေးက သူ ့ချစ်သူမင်းသမီး ကလေးကို အကြောင်းစုံလျှောက်ထားဖို့ ကျေးသား ကလေးကို စေလွှတ်တယ်ဆိုတာမျိုး သုံးတာပဲ။ အခု အကျဉ်းသားတွေကိုလွှတ်တာက ထောင်ထဲထည့်ထား ရာကနေပြီး သွားလိုရာသွားတော့လို့ လွှတ်လိုက် တာလေ။ တာဝန်တစ်ခုခုဆောင်ရွက်ဖို့ တစ်နေရာကို စေလွှတ်တာမှမဟုတ်တာ။ ဒီတော့ စေလွှတ်ဆိုတဲ့ အသုံးက မမှန်ဘူးဆိုတာ သေချာတာပေါ့ကွာ”
“ဘယ်လိုကြောင့် အဲဒီလိုမှားသုံးကြတာပါလဲ ဆရာ”
“ကဲ... ဘယ်လိုကြောင့် မှားသုံးတယ်ဆိုတာ သဲကွဲအောင် အဓိကစကားဖြစ်တဲ့ ‘လွှတ်’ ရဲ့ အဓိပ္ပာယ် ကို စဉ်းစားကြည့်ရအောင်။ အခုဆရာတို့ပြောနေကြတဲ့ ‘လွှတ်’ နဲ့ ဆိုင်တဲ့အနက် နှစ်ခုရှိတယ်။ ပထမအနက် တစ်ခုက ‘လွှတ်’ ဆိုတာ လွတ်အောင်လုပ်တာပဲ။ အကျဉ်းသားတွေကို ထောင်ထဲကလွတ်အောင် လွှတ်တယ်။ ငှက်ကို လှောင်အိမ်ထဲက လွှတ်တယ်။ ဖမ်းထားတဲ့လူတွေကို လွှတ်တယ်ဆိုတာမျိုး သုံးတယ်။ အခုအကျဉ်းသားတွေကိုလွှတ်တာ အဲဒီအဓိပ္ပာယ်ပေါ့”
“ဟုတ်ကဲ့ပါ”
“နောက်အနက်တစ်ခုက မင်းပြောသလို တစ်ယောက်ယောက်ကို တစ်ခုခုလုပ်ဖို့ တစ်နေရာရာ ကို သွားခိုင်းတဲ့အနက်ပေါ့။ ‘လူလွှတ်ပြီး စုံစမ်းတယ်’ ဆိုတာမျိုး၊ ‘အိမ်ကကောင်မလေးကို ဟင်းစားဝယ်ဖို့ ဈေးလွှတ်လိုက်တယ်’ ဆိုတာမျိုး သုံးတာလေ။ ဒီတော့ ထောင်ထဲကလူတွေကို လွှတ်တယ်ဆိုတာ ပထမအနက် နဲ့ သုံးတာကွဲ့ ။ ဒုတိယအနက်မဟုတ်ဘူး...”
“ဟုတ်ကဲ့ပါ။ ဒါဆိုရင် ]စေလွှတ်} လို့ သုံးတာ ကရော ဆရာ”
“ ‘စေလွှတ်’ လို့ သုံးတာက ‘စေ’ နဲ့ ‘လွှတ်’ အဓိပ္ပာယ်တူတွဲသုံးတာလေ။ ဒီနေရာမှာ ‘စေ’ ရဲ့ အဓိပ္ပာယ်က တစ်ခုခုလုပ်ဖို့ တစ်နေရာရာကို လွှတ်တဲ့ အဓိပ္ပာယ်ပဲ။ ‘ကျေးစေ’ တယ်ဆိုတာ ကျေးသားလေး ကို ချစ်သူဆီလွှတ်တဲ့အဓိပ္ပာယ်ပေါ့။ ရှေးက ]သံစေ သည်၊ သဝဏ်စေသည်’ ဆိုတာမျိုး သုံးတယ်လေ။ တစ်နေရာကို လွှတ်လိုက်တာပေါ့။ မင်းဖတ်လာတဲ့ စာလိုပဲ ‘ပုဂံသို့သွားနေသူကိုလုပ်ကြံချေဟု စေလိုက်၏’ ဆိုတဲ့ အသုံးလည်းရှိတယ်။ စွယ်စုံကျော်ထင်ကျမ်း ထဲမှာလေ ဒီမှာကြည့်”
“ဟုတ်ကဲ့ပါ”
“ဒီတော့ ရှေးက ‘စေလိုက်၏’ လို့ သုံးတာမျိုးခုခေတ်မှာ ‘လွှတ်လိုက်ပြီ’ လို့ သုံးတယ်။ စာဆန်ဆန် ခံ့ခံ့ညားညားဖြစ်အောင် ‘စေလွှတ်လိုက်၏’ လို့လည်း သုံးလို့ရတယ်။ အဓိပ္ပာယ်က ခုပြောသလို တစ်ခုလုပ်ဖို့ တစ်နေရာရာကို သွားခိုင်းလိုက်တာလေ။ အဲဒါကို အသုံးမှားပြီး အကျဉ်းသားတွေကို စေလွှတ်သည်လို့ သုံးလိုက်တော့ သူတို့ကို လွတ်လွတ်လပ်လပ် အိမ်ပြန် ခိုင်းတာမဟုတ်တော့ဘဲ တစ်ခုခုတာဝန်ပေးပြီး တစ်နေ ရာရာကို လွှတ်လိုက်တဲ့အဓိပ္ပာယ် ဖြစ်သွားတာပေါ့ကွာ”
“ဟုတ်ကဲ့၊ နားလည်ပါပြီဆရာ။ ဒါဆိုရင် တစ်ခု သိချင်ပါသေးတယ် ဆရာ”
“ပြောလေ”
“အကျဉ်းသားများကို လွှတ်လိုက်သည်” ၊ ‘အကျဉ်းသားခြောက်ထောင်ကျော်လွှတ်သည်’လို့ ရေးရင် အဓိပ္ပာယ်ပြည့်စုံနေရက်သားနဲ့ ဘာဖြစ်လို့ ‘အကျဉ်းသားများကို စေလွှတ်သည်’ လို့ သုံးကြတာ ပါလဲ ဆရာ”
“ဒါက တို့မှာရှိနေတဲ့ အစွဲကလေးတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ ဒါက ဘာလဲဆိုတော့ တစ်လုံးတည်း သုံးရင် အဓိပ္ပာယ်မပြည့်စုံသလိုလို တစ်ခုခုလိုနေသလို ထင်ပြီး နှစ်လုံးတွဲသုံးမှ အဓိပ္ပာယ်ပြည့်စုံတယ်လို့ ထင်တတ်ကြတဲ့အစွဲပဲကွဲ့”
“ဪ.. ဟုတ်ကဲ့ပါ”
“ဆရာတို့ နေ့တိုင်းသုံးနေတဲ့ စကားလုံးတွေကို ကြည့်ရင် စေလွှတ်လို နှစ်လုံးတွဲတွေ အများကြီး တွေ့နိုင်ပါတယ်။ မြန်မာစကားထဲမှာ အသံတစ်သံပဲပါ တဲ့ စကားလုံးတွေက အများစုပါ။ ကြိယာတွေကိုပဲ ကြည့်လေ။ ‘သွား၊ လာ၊ စားသောက်၊ ပြေး၊ ငို၊ နီ၊ ဖြူ၊ ကျဉ်းကျယ်၊ ချစ်၊ မုန်း၊ ကြောက်၊ ပျင်း’ ဆိုတဲ့ စကား မျိုးတွေ အများကြီးပဲ မဟုတ်လား။ အဓိပ္ပာယ်လည်း ရှိတယ်”
“ဟုတ်ကဲ့ပါ”
“ဒါပေမယ့် အဲဒီစကားလုံးတွေထဲက အဓိပ္ပာယ် ချင်းတူတဲ့ စကားလုံးတွေ ဒါမှမဟုတ် အဓိပ္ပာယ်ချင်း ဆက်စပ်တဲ့ စကားလုံးတွေကို နှစ်လုံးတွဲပြီး သုံးတဲ့ အလေ့က တော်တော်တွင်ကျယ်ခဲ့တာလေ”
“ဟုတ်ကဲ့ပါ”
“ဒါဆို မင်းသဘောပေါက်အောင် လေ့ကျင့်ခန်း လုပ်ကြည့်မယ်။ ဆရာက စကားလုံးတစ်လုံးပြောရင် မင်းက အဲဒီစကားလုံးနဲ့ တွဲသုံးလေ့ရှိတဲ့ စကားလုံးပါ တွဲပြီးပြောရမယ်။ အခုပြောတာ သဘောပေါက်ရဲ့လား”
“သဘောပေါက်ပါတယ် ဆရာ”
“ကဲ... ဒါဆိုရင် စမယ်၊ ‘ပြော’”
“ ‘ပြော’ နဲ့ တွဲသုံးတာဆိုရင် ‘ပြောဆို’ ပါ ဆရာ”
“ကြိယာတွေချည်းပြောမယ်နော်။ ‘ငို’”
“ငိုေကြွး”
“ကျဉ်း”
“ကျဉ်းမြောင်း”
“မေး”
“မေးမြန်း”
“ပျင်း”
“ပျင်းရိ”
“ကြောက်”
“ကြောက်လန့်”
“သတ်”
“သတ်ဖြတ်”
“ဟုတ်ပါပြီ။ ခုမင်းကိုယ်တွေ့ပဲလေ။ တစ်လုံးတည်း သုံးရင်လည်း ဒီအဓိပ္ပာယ်ပဲ။ အဲ... နှစ်လုံးတွဲသုံးတော့ ပိုပြီးခံ့ညားသလိုလို၊ ပိုပြီးလေးနက်သလိုလို ထင်တတ် ကြတာလေ။ ဒါကြောင့် ‘လွှတ်’ တစ်လုံးတည်းမသုံးဘဲ ‘စေလွှတ်’ လို့ သုံးကြတာပေါ့”
“မင်း ဆရာကြီးရွှေဥဒေါင်းရဲ့ စာတွေ ဖတ်ဖူး မှာပေါ့”
“ဖတ်ဖူးပါတယ် ဆရာ”
“ဆရာကြီးက ‘တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ’ ဆိုတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ မှတ်တမ်းထဲမှာ မြန်မာစာပေအရေးအသားအကြောင်း ကဏ္ဍတစ်ခုထည့်ရေးထားတယ်ကွဲ့ ။ အဲဒီမှာ မှတ်သား စရာတွေပါတယ်”
“ဟုတ်ကဲ့ပါ”
“ဆရာကြီးက မြန်မာစကားမှာ အတွဲလိုက်ကလေး သုံးတတ်တဲ့ ထုံးစံရှိတဲ့အကြောင်း ‘သွားရောက်၊ ဖမ်းဆီး၊ ပြောဆို၊ လုပ်ကိုင်၊ တုန်လှုပ်၊ ဖြည့်စွက်’ စတဲ့ စကားလုံးတွေကို သာဓကပြတယ်”
“ဟုတ်ကဲ့”
“ဆရာကြီးက အထူးသဖြင့် ကြိယာတွေမှာ အဲဒီလို တွဲသုံးတဲ့အလေ့ရှိကြောင်းပြောပြီး အဲဒီလို တွဲသုံးတဲ့အတွက် တချို့နေရာမှာ အဓိပ္ပာယ်လေးနက် ပေမယ့် တချို့နေရာကျတော့ မလေးနက်တဲ့အပြင် မမှန်မကန်အဓိပ္ပာယ်မျိုးတောင် ပေါ်လာတတ်တယ်-တဲ့”
“ဪသာ်... ဟုတ်ကဲ့”
“ဆရာကြီးက ဘာကိုသာဓကပြသလဲဆိုတော့ ‘သွား’ ကို ‘သွားရောက်’ လို့ နှစ်လုံးတွဲသုံးတာကို ပြတယ်။ ‘သွားလိမ့်မယ်’ လို့သုံးရင် အဓိပ္ပာယ်ပြည့်စုံ နေတာကို ‘သွားရောက်လိမ့်မည်’ လို့ သုံးလိုက်တဲ့အခါ ကျတော့ ‘ရောက်’ က အပိုဖြစ်နေတဲ့အကြောင်း၊ သွားတောင်မသွားသေးဘဲ ‘သွားရောက်’ လို့ သုံးရင် ‘ရောက်’ ဟာ အပိုဖြစ်နေကြောင်း၊ တကယ်လို့ မသွား ဖြစ်ရင် ‘ရောက်’ ဟာ အပိုဖြစ်နေရုံမက မှားတောင် မှားနေကြောင်း ဆွေးနွေးထားတာက မှတ်သားစရာ ကောင်းပါတယ်”
“မှတ်ထားပါမယ် ဆရာ”
“အဲဒီလိုပဲ ‘ရောက်ရှိ’ တို့၊ ‘ကျေးဇူးတင်ရှိ’ တို့ ဆိုတဲ့ အသုံးတွေမှာလည်း ‘ရှိ’က တွဲသုံးနေကျမို့ သုံးရ တာမျိုးဖြစ်နေတယ်။ အဓိပ္ပာယ်အထူးမရှိဘူးလေ။ အမှုမဲ့၊ အမှတ်မဲ့ သုံးရင်းနဲ့ ‘စေလွှတ်’လို့ မှားသုံးမိတာ မျိုး ဖြစ်လာနိုင်တာပေါ့ကွယ်”
“အဲဒီနှစ်လုံးတွဲသုံးတဲ့အခါ ခုနပြောသလို အဓိပ္ပာယ်တူချင်းတွဲသုံးတာလည်း ရှိတယ်။ အဓိပ္ပာယ် ဆက်စပ်တာချင်း တွဲသုံးတာလည်း ရှိတာဟာ တွဲသုံးတဲ့ စကားလုံးတွေက အဓိပ္ပာယ်ထင်ထင်ရှားရှား မပေါ်တာ လည်း ရှိတယ်။ ဆက်လေ့လာကြည့်ကြတာပေါ့”
“ဟုတ်ကဲ့ပါ”