ရန်ကုန် ၈ မတ်
မြန်မာနိုင်ငံအထက်ပိုင်း အညာဒေသ၏ ကျေးလက်သဘာဝ ရှုခင်းများကို ကျောထောက် နောက်ခံပြုထားသော လှတောသားနှင့်ယောက္ခမလောင်း ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ ၈ ရက်နေ့မှစ၍ အဆင့်မြင့်ရုပ်ရှင် ကြီးများတွင် ပြသလျက်ရှိကြောင်း သိရသည်။
ကျေးလက်ဟာသ ဇာတ်မြူးတစ်ပုဒ်အဖြစ် ဖန်တီးထားပြီး လှတောသားတို့၏ စကားကြွယ်ဝပုံ၊ ပရဟိတစိတ် ဓာတ်ရှင်သန်ဖွံ့ဖြိုးစေရန်၊ အတ္တမာနသည် အကျိုးမဲ့ခြင်းကိုသာ ဖြစ်ပွားတတ်သည်ကို တင်ပြရန်နှင့် ပရိသတ် တို့၏ စိတ်နှလုံးကို ဟဒယဖြင့် ရွှင်ပြုံးစေချင်သည့်အတွက် အဓိကထား ရိုက်ကူးထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“လှတောသားဆိုတာက အဲဒီဒေသက လူတွေက စကားကြွယ်တယ်။ သူတို့စကားလုံး အသုံးအနှုန်းတွေက ပိဿာလေးနဲ့ ဘေးပစ်သလို ထိတယ်။ ဒါကြောင့်မို့လို့ အဲဒီစကားလုံးတွေကို ရုပ်ရှင်အနေနဲ့ အသက်သွင်းရ အောင်ဆိုပြီး တိုင်ပင်ပြီးတော့ ဒီကားလေးကို ရိုက်ဖြစ်သွားတာပါ” ဟု ဒါရိုက်တာ ထပ်ဆင့်အကယ်ဒမီ ဇော်မြင့်ဦးက ပြောကြားသည်။
မြင့်မိုရ်ဦး ရုပ်ရှင်ထုတ်လုပ်ရေးမှ မေဖြိုးစီစဉ်သည့် လှတောသားနှင့်ယောက္ခမလောင်း ရုပ်ရှင်ဇာတ်ကားကြီး ကို ဇာတ်လမ်း၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာအဖြစ် ထပ်ဆင့်အကယ်ဒမီ ဇော်မြင့်ဦးက ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဇာတ်ကားကြီးတွင် အကယ်ဒမီ ခန့်စည်သူ၊ အိချောပို၊ ကျော်ကျော်၊ အကယ်ဒမီ ဂွမ်းပုံ(တက္ကသိုလ်)၊ ချမ်းမေမြတ်နိုးတို့အပြင် အကယ်ဒမီ မိုးဒီ၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဇော်ဝင်းနိုင်(မန်း)၊ ငြိမ်းချမ်း၊ ဆင်မ၊ ကောင်းဇံ၊ အောင်ဇော်မင်း၊ အေးသီတာ၊ အေးအေးခိုင်၊ ဂွမ်းပုံကြီး၊ မေဝင်းနိုင်၊ နန်းထိပ်ထားစံ အစ ရှိသော သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ရိုက်ကူးထားသည်။
ယင်းဇာတ်ကားတွင် ငွေဘော်အဖြစ် သရုပ်ဆောင်ထားသော ခန့်စည်သူ၊ အေးချစ်အဖြစ် သရုပ်ဆောင်ထားသော အိချောပိုတို့ကို တွေ့မြင်ရမည်ဖြစ်ပြီး မြန်မာ့ကျေးလက် အညာဒေသ၏ နောက်ခံရှုခင်းများ အကြားတွင် သရုပ်ဆောင်ပေါင်းများစွာ၏ ဟာသနှောသော ဇာတ်ရုပ်များကို မြင်တွေ့ခွင့်ရမည် ဖြစ်သည်။
ထင်ပေါ်၀င်း
ပုံစာ-ဒါရိုက်တာ ဇော်မြင့်ဦး