လွတ်လပ်ရေး အသီးအပွင့်များကို မျှဝေခံစား

၂၀၁၉ ခုနှစ်တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့သည် (၇၁)နှစ်ရှိပြီ။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရရှိပြီးသည်နှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ လွတ်လပ်သော နိုင်ငံသားများ ဘဝဖြင့် နေထိုင်ခဲ့ကြသည်။ ၇၁ နှစ်ကြာအချိန်အတွင်း မည်သည့်ကာလတွင် မည်မျှလွတ်လပ်စွာနေခဲ့ရသည်၊ မည်မျှလွတ်လပ်စွာ လုပ်ကိုင်ခဲ့ကြရသည်ကို ဤလွတ်လပ်ရေးအခါသမယတွင် ပြန်လည်ဆန်းစစ်ကြည့်ဖို့လိုမည်။

လွတ်လပ်ရေး၏ အသီးအပွင့်များကို မည်သို့ခံစားခဲ့ကြရသည်ကို စေ့စေ့တွေး၊ ရေးရေးကြည့်နိုင်သည်။ လွတ်လပ်ရေး၏ အသီးအပွင့်ဟူသည်မှာ ပြည်သူများအကျိုးကို ရှေးရှုသော ဒီမိုကရေစီခံစားခွင့်များပင်ဖြစ်သည်။ ဒီမိုကရေစီဟူသည် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ဖန်တီးခွင့်၊ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ လုပ်ကိုင်ခွင့်စသည့် စသည့် လွတ်လပ်ခွင့် အမျိုးမျိုးတို့ဖြစ်သည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရရှိပြီး သမိုင်းကြောင်းတစ်လျှောက်တွင် ခေတ်ကာလအပိုင်းအခြား သုံးပိုင်းပိုင်း၍ ဖြတ်သန်းခဲ့ကြရသည်ဟု ဆိုရမည်ဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက မျှော်မှန်းခဲ့သည့် များလူခပ်သိမ်း ကောင်းစားရေးဝါဒကို အမျိုးသားခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့ကြသည်။ ထိုဝါဒမှာ ဒီမိုကရေစီစနစ်ဖြစ်သည်။ ထိုဝါဒကို လွတ်လပ်ရေးရရှိပြီးသည်နှင့် စတင်အသက်သွင်းခဲ့သည်။ သို့သော် သက်ဆိုးမရှည်ပါချေ။ ၁၉၄၈ ခုနှစ်တွင် စတင်ခဲ့သည့် ပါလီမန်ဒီမိုကရေစီစနစ်သည် ၁၉၆၂ ခုနှစ်တွင် ဆယ်နှစ်ကျော်မျှဖြင့် အဆုံးသတ်ခဲ့သည်။

ပါလီမန်ဒီမိုကရေစီစနစ်တွင် ပြည်သူများ လွတ်လပ်ရေးအသီးအပွင့်များကို အတိုင်းအတာတစ်ခုအထိ ခံစားလိုက်ရသည်။ အချို့ဒေသများတွင် လွတ်လပ်စွာနေခွင့်မရှိသည့် မငြိမ်းချမ်းသောအဖြစ်များနှင့် ကြုံတွေ့ကြရသည်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများဟု ဆိုရမည်။ နိုင်ငံရေး ဂိုဏ်းဂဏများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့များ စိတ်ဝမ်းကွဲပြားမှုနှင့်ကြုံရသည်။ ယင်းကာလတွင် ဒီမိုကရေစီအသီးအပွင့်များကို ခံစားခဲ့ရသော်လည်း ပြည့်ပြည့်ဝ၀ မခံစားကြရဟု ဆိုရမည်။

၁၉၆၂ ခုနှစ်တွင် ပါလီမန်ဒီမိုကရေစီစနစ် အဆုံးသတ်ရပ်ဆိုင်းသွားသည်။ အာဏာရှင်စနစ် စတင်ပေါ်ပေါက်လာခဲ့သည်။ အာဏာရှင်စနစ်တွင် ဒီမိုကရေစီအသီးအပွင့်များ တစ်စတစ်စ ကြွေလွင့်ဆိတ်သုဉ်းသွားသည်။ ပြည်သူများမှာ ခွဲတမ်းစနစ်ဖြင့် ရပ်တည်ရသည်။ စားချင်တိုင်းမစားရ၊ လုပ်ချင်တိုင်း လုပ်မရကြ၊ ပြောချင်တိုင်းပြောမရ၊ ရေးချင်တိုင်း ရေးမရကြချေ။ ယင်းစနစ်သည် ဒီမိုကရေစီစနစ်၏ ဆန့်ကျင်ဘက်၊ ဒီမိုကရေစီစနစ်၏ ရန်ဘက်ဖြစ်သည်။ အာဏာရှင်စနစ်သည် ပြည်သူများအပေါ် ဖိနှိပ်သည့်စနစ်ဖြစ်ခဲ့ပြီး သက်ဆိုးရှည်ခဲ့သည်။ ပြည်သူများမှာ ဒုက္ခဆင်းရဲရောက်ခဲ့သည်။

၂ဝ၁၀ ပြည့်နှစ်တွင် ဒီမိုကရေစီစနစ် ပြန်လည်အသက်ဝင်လာသည်။ နှစ်ပေါင်း ၅၀ ကျော် ပျောက်ကွယ်ခဲ့သည့် ဒီမိုကရေစီစနစ်ကို စတင်အကောင်အထည်ဖော်သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို တစ်ဆင့်ချင်းဖော်ဆောင်သည်။ ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ပြည်သူ များက ရွေးချယ်တင်မြှောက်သော ပြည်သူ့အစိုးရနှင့် ဒီမိုကရေစီစနစ်ကို ဆက်လက်အကောင်အထည်ဖော်ကြသည်။ မျက်မှောက်ကာလသည် အသွင်ကူးပြောင်းရေးကို တက်လှမ်းနေသောကာလဖြစ်သည်။ ဒီမိုကရေစီ ခရီးလမ်းသို့ စတင်လျှောက်လှမ်းခါစ ကာလဖြစ်သည်။ ဒီမိုကရေစီ၏ တန်ဖိုးကို ပြည့်ဝအောင်ဆောင်ရွက်နေချိန်ဖြစ်သည်။ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ငြိမ်းချမ်းခြင်း၊ သာယာခြင်း၊ ဖွံ့ဖြိုးခြင်းစသည့် ကောင်းမြတ်သည့် တရားများနှင့်အညီ ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိအောင် ကြိုးပမ်း လျက်ရှိသည်။

သို့ဖြစ်ရာ လွတ်လပ်ရေး၏ မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီ အသီးအပွင့်များကို မျှဝေခံစားနိုင်ရေးအတွက် ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ပြည်သူ ပြည်သားတိုင်းက စည်းကမ်းတကျ လိုက်နာကျင့်ကြံဆောင်ရွက်ခြင်း၊ ပြည်သူအားလုံး စည်းလုံးညီညွတ်ခြင်းတို့ဖြင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို ဖြောင့်တန်းစွာဖော်ဆောင်ကာ ဒီမိုကရေစီ ပန်းတိုင်သို့ တက်လှမ်းကြပါရန် တိုက်တွန်းအပ်ပါသည်။ ။

ကြေးမုံ