နေပြည်တော် ၁၃ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သည့် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပလျက်ရှိရာ မြို့နယ်အလိုက် ကျင်းပနေမှုများကို ဖော်ပြလိုက်ရပါသည်။
ညောင်ဦးမြို့
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ဗိုလ်ချုပ်ပန်းခြံတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ ပြပွဲပြိုင်ပွဲများတွင် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ ပုံတူပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွက်ဆိုပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ကံစမ်းမဲဖောက်ခြင်း၊ လက်ကမ်းစာစောင်များဝေခြင်းများ ပြုလုပ်ရာ ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အခမ်းအနားသို့ ညောင်ဦးမြို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁) ဦးဝင်းမြင့်ခိုင်၊ မဲဆန္ဒနယ်အမှတ် (၂)ဦးမြင့်စိန်၊ ညောင်ဦးရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးဦးစိုးတင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်မိရပ်ဖများ စုစုပေါင်း ၄၀ဝ၀ ခန့်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ဖေလိန်း(ညောင်ဦး)
ဘိုကလေး
ယနေ့တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၄)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ဘိုကလေးမြို့ လွတ်လပ်ရေးပန်းခြံတွင် ပန်းချီဆေးရောင်ချယ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို ဝါသနာရှင် ကလေးသူငယ် (၁၁၃) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲတွင် အသက်(၇) နှစ်အောက်၊ အသက်(၈ နှစ်မှ ၁၁ နှစ်)ကြား၊ အသက်(၁၂ နှစ်မှ အသက် ၁၅နှစ်)ကြား စသဖြင့် အုပ်စု (၃) စုခွဲကာ အုပ်စုတစ်စုစီတွင် ပထမ၊ ဒုတိယ၊ တတိယဆု၊ နှစ်သိမ့်ဆု(၂) ဆုနှင့် ပြိုင်ပွဲဝင်အားလုံးအား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပြီး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယှဉ်ပြိုင်သူ အားလုံး လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဘိုကလေး (ပြန်/ဆက်)
ပန်းတောင်းမြို့
ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၄) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းတောင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့က ကဗျာရွတ်ဆိုပြိုင်ပွဲ ပန်းချီပြိုင်ပွဲ မိန့်ခွန်းပြောပြိုင်ပွဲများကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပန်းတောင်းမြို့ တိုင်းဒေသကြီး (၂) လွတ်တော်ကိုယ်စားလှယ်၊ ဒေါ်ပပဟန်က အဖွင့်အမှာစကားပြောကြားပြီး ပန်းတောင်းမြို့ပေါ်ရှိ ကျောင်းသား/ ကျောင်းသူများက ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ မိန့်ခွန်းပြောပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ အခမ်းအနားတွင် ခင်းကျင်းပြသထားသော နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။
သင်းသင်းအေး


