၂၀၁၉ ခုနှစ် ဒီဇင်ဘာဆောင်းဝတ်ရုံခြုံလွှားပြီး ခရစ္စမတ်နေ့၊ ကရင်နှစ်သစ်ကူးနေ့နှင့် နှစ်သစ်ကူးနေ့များကို အေးမြ ပျော်ရွှင်စွာဖြတ်သန်းပြီးလျှင် မြန်မာနိုင်ငံ၏ နှစ်ဦးအစ ဂုဏ်ယူဖွယ် လွတ်လပ်ရေးနေ့မှာလည်း မင်္ဂလာရှိစွာ ကျရောက်မည်ဖြစ်ပါသည်။ လွတ်လပ်ရေးနေ့ဆိုသည်နှင့် တစ်မျိုးသားလုံး၏ ရင်ထဲနှလုံးသားထဲတွင် သန္ဓေတည်နေသည့် မျိုးချစ်စိတ်ဓာတ်မှာလည်း နိုးကြားလာပါသည်။ လွတ်လပ်ရေး၏ အနှစ်သာရမှာ လွန်စွာတန်ဖိုးရှိသကဲ့သို့ လွတ်လပ်ရေး၏ အနက်အဓိပ္ပာယ်မှာလည်း ပိုမိုလေးနက်လွန်းလှပါသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ အင်အားဖြင့် နယ်ချဲ့ရန်စွယ်အသွယ်သွယ်ကို အသက်ပဓာနမထား တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ် အရင်းတည် ခုခံတိုက်ထုတ်နိုင်ခဲ့ခြင်းကြောင့်သာ အဖိုးမဖြတ်နိုင်သည့် လွတ်လပ်ရေးကို လက်ဝယ်ပိုင်ပိုင် ရရှိခဲ့ခြင်းဖြစ်ပါသည်။

 

မြန်မာဟူသည် ဂုဏ်ဒြပ်မမှိန်

 

မြန်မာတို့သည် သူ့ကျွန်မခံလိုစိတ်ရှိကြသည်။ ဘိုးဘေးဘီဘင် ခေတ်အဆက်ဆက်ကပင် ကိုယ့်ထီး ကိုယ့်နန်းဖြင့် ခိုင်မာစွာရပ်တည်ခဲ့သူများ ဖြစ်သည်။ ယဉ်ကျေးမှု စရိုက်သွင်ပြင် တူညီသည်။ အားနည်းသူကို ကူညီသည်။ သမိုင်းတစ်လျှောက် မြန်မာဟူသည် ဂုဏ်ဒြပ် မမှိန် လူ့စည်းကမ်း၊ ကျင့်ဝတ်သိက္ခာကို တိကျစွာလိုက်နာခဲ့သည်။ သတ္တိ၊ ဗျတ္တိဘက်တွင်လည်း ပြိုင်စံရှားသည်။ သို့သော် ခေတ်စနစ်နှင့်လျော်ညီသည့် အတွေးအမြင်၊ နည်းဗျူဟာ၊ လက်နက်အင်အား တိုင်းတစ်ပါးထက် မသာ လွန်ခဲ့ခြင်းကြောင့် သူ့ကျွန်ဘဝရောက်ခဲ့ရသည်။ ခေတ်စနစ်အလိုက် အတွေးအမြင်များ ဘက်ပေါင်းစုံမှ ပြုပြင် ပြောင်းလဲမှုအသွင်ဖြင့် နှစ်ပေါင်းများစွာ ခေါင်းငုံ့နေရသည့် ဘဝမှ လွတ်မြောက်ခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် တိုင်းရင်းသားရဲဘော်ရဲဘက်များကို အထူးကျေးဇူးတင်ရမည် ဖြစ်ပါသည်။ ဗိုလ်ချုပ်ဦးဆောင်သော အာဇာနည်ပုဂ္ဂိုလ်အပေါင်း၏ အသက်၊ သွေး၊ ချွေးများကို ဂုဏ်ပြုကြရပါမည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာ့သမိုင်းတွင် နေ့ထူးနေ့မြတ်ဖြစ်ပြီး မြန်မာ့ မျိုးချစ်သူရဲကောင်းများ၏ လက်ရုံးရည်၊ နှလုံးရည်ကို အောက်မေ့သတိတရရှိစေသော နေ့ရက် မင်္ဂလာအချိန်အခါလည်း ဖြစ်ပါသည်။

 

မရှိမဖြစ် ရေသောက်မြစ်

 

နိုင်ငံနှင့် လူမျိုးအတွက် မျိုးချစ်စိတ်ဓာတ်သည် မရှိမဖြစ် ရေသောက်မြစ် ဖြစ်ပါသည်။ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်လည်းဖြစ်သည်။ အမိမြေပေါ် ကျူးကျော်သည့် နယ်ချဲ့အားလုံး ထွက်ပြေးသည်အထိ ရရာလက်နက်စွဲကိုင် တိုက်ထုတ်နိုင်စွမ်းရှိသည့် စိတ်ဓာတ် ဖြစ်ပါသည်။ နိုင်ငံတော်သီချင်းမှ ကောက်နုတ်ကြည့်ရာတွင် “တရားမျှတ လွတ်လပ်ခြင်းနှင့်မသွေ၊ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ၊ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ၊ ထိန်းသိမ်းစို့လေ” ဟူသော စာသား များနှင့်အညီ လွတ်လပ်ရေး၏ အနှစ်သာရ၊ ပြည်ထောင်စု အမွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပါသည်။

 

သွေးဖြင့် ကမ္ပည်းတင်ခဲ့သည့် နေ့ထူးနေ့မြတ်

 

လွတ်လပ်ရေးအရသာကို နယ်ချဲ့ကျူးကျော်ခြင်း ခံစားဖူးသူများသာ အသိဆုံးဖြစ်ပါသည်။ တိုင်းတစ်ပါးသားတို့၏ ပညာရေး၊ လူမှုရေး၊ စီးပွားရေး နယ်ပယ်အသီးသီးတွင် ဖိနှိပ်ခဲ့မှုကြောင့် မြန်မာတို့ ရှေ့သို့မရောက် နောက်ကောက် ကျကျန်ခဲ့ရသည်။ ကိုလိုနီနယ်ချဲ့တို့၏ ဆိုးမွေများကို လက်မခံ တိုက်ထုတ်တွန်းလှန်ရန် စိတ်ကူးများဖြစ်ထွန်း ပေါ်ပေါက်ချိန်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက် လွတ်လပ်ရေး ရောင်နီသမ်းချိန် ဖြစ်ပါသည်။

 

လွတ်လပ်ရေးနေ့သည် အလွယ်တကူရေးထိုးခဲ့သည့် နေ့စွဲတစ်ခုမဟုတ်ပေ။ အခက်အခဲမျိုးစုံ၊ ဒုက္ခမျိုးစုံ ကြုံဆုံတိုက်ပွဲဝင်လျက် ထာဝရ ပြည်ထောင်စုကြီး အစဉ်ငြိမ်းချမ်းစေရေး သွေးဖြင့် ကမ္ပည်း တင်ခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ပြည်ထောင်စု တိုင်းရင်းသားအားလုံး စိတ်ဝမ်းတူညီ အရယူခဲ့သည့် လွတ်လပ်ရေးပုံရိပ်မသေ၊ ထာဝစဉ်ရှင်သန်စေမည့် ပြည်ထောင်စုစိတ်ဓာတ်အသက်သွင်းလျက် အမိမြေကို ကာကွယ်စောင့်ရှောက်သွားမည့် ရည်ရွယ်ချက်ကောင်းများဖြင့် လွတ်လပ်ရေးနေ့ အခမ်းအနားများ ကျင်းပနေမြဲဖြစ်ပြီး လွတ်လပ်စွာရှင်သန်ခြင်း၏ နိမိတ်ပုံရိပ်များဖြစ်ပါသည်။ ပြည်ထောင်စုအမွေ၊ လွတ်လပ်ရေးအောင်ပွဲအဖြစ် နှစ်စဉ်မပြတ် ဂုဏ်ယူပျော်ရွှင်စွာ ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၇၂)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

 

စည်းကမ်းသည် လူ့တန်ဖိုး

 

လွတ်လပ်ရေးမှပေးအပ်သည့် သင်ခန်းစာများတွင် နိုင်ငံနှင့်လူမျိုး ရေရှည်တည့်တံ့ရေး၊ အလုံးစုံဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်ထူကိုယ်ထစနစ်ဖြင့် စွမ်းဆောင်ရေး၊ စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီခေတ်ကို ဟန်ချက်ညီညီ ဖော်ဆောင်ရေး အသိအမြင်၊ ကျင့်စဉ်များပါဝင်သည်ကို တွေ့ရသည်။ စည်းကမ်းသည် လူ့တန်ဖိုးဖြစ်ပါသည်။ လူ့တန်ဖိုးမြှင့်တင် ခြင်းဖြစ်စဉ် လွတ်လပ်ရေးပိုင်ဆိုင်မှုအသွင်သည် ညီမျှစွာ အချိုးကျလျက်ရှိသည်။ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး ရှေ့သို့ချီတက်ရာတွင် စည်းကမ်းရှိရှိ၊ အလုပ်တွင်တွင် လျှောက်လှမ်းရမည်ဖြစ်ပါသည်။ နိုင်ငံ၏ စီးပွားရေးကို ဦးမော့စေပြီး လူမှုရေးရှုထောင့်အသွင် မနိမ့်ကျ ရင်ပေါင် တန်းနိုင်မှသာ နိုင်ငံတကာအလယ်တွင် တင့်တယ်နေမည် ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ခြင်း၏ အနှစ်သာရသည် အလုပ် ဖြစ်ပါသည်။ အလုပ်မြဲမြံအောင်မြင်စေရန် အဓိက တွန်းအားပေးသည်မှာ စိတ်ဓာတ်ဖြစ်ပါသည်။ စာသင် ကျောင်းများတွင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုသည့် အချက်များ ကျောင်းသားတိုင်း သိရှိလိုက်နာနိုင်စေရန် မီးမောင်းထိုး သင်ကြားပြသပေးလျက်ရှိသည်။ ပညာရေး နိမ့်ကျလျှင် အခြေခံအဆောက်အဦနှင့် ဒေသဖွံ့ဖြိုးရေး နောက်ကျကျန်နိုင်သည်။ ပညာရေး အလေးပေးဖော်ဆောင် နိုင်မှသာ နိုင်ငံသားအားလုံး အသိအမြင်တိုးပွားလျက် အမိမြေအတွက် အကျိုးပြုနိုင်မည့် အခွင့်အလမ်းများ စဉ်ဆက်မပြတ် ဖန်တီးနိုင်မည် ဖြစ်ပါသည်။ ပညာရေးသည် နယ်ပယ် ကဏ္ဍမျိုးစုံကို ပတ်သက်စီးဝင်နေသော အဓိကရေသောက် မြစ် ဖြစ်ပါသည်။

 

သမိုင်းသည် မမေ့စကောင်း

 

လွတ်လပ်ရေးနှင့်ထိုက်တန်သော နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန်ဖြစ်ထွန်းရန်လိုပါသည်။ နိုင်ငံသားတိုင်း လွတ်လပ်ရေး၏အနှစ်သာရကို တွေးမြင်ခံစားကြည့်ရပါမည်။ ငါသိ မဟုတ်ဘဲ စာသိဖြင့် လွတ်လပ်ရေးကြိုးပမ်း မှုကာလကို မျက်ဝါးထင်ထင် တွေ့ရှိနိုင်သည်။ မျိုးချစ် သူရဲကောင်းများ၏ အသက်၊ သွေး၊ ချွေး တောင်လိုပုံနေမည်။ ဓား၊ လှံ၊ လေးမြား လက်နက်စုံ အသုံးပြုကြပေမည်။ အား မတန်၊ မာန်မလျှော့သည့် အံတခဲခဲ မြန်မာ့စိတ်ဓာတ်ကိုလည်း တွေ့နိုင်သည်။ သမိုင်းသည် မမေ့စကောင်း ပြန်တွေးကောင်းသည့် သင်ခန်းစာပင် ဖြစ်ပါသည်။ သမိုင်းသည် အပြောအောက်တွင် မကြွင်းကျန်ဘဲ စာအုပ်စာပေများမှ ခေတ် အဆက်ဆက် အရိပ်ထင်ကျန်နေမည် ဖြစ်ပါသည်။ ထို့ကြောင့် လူတိုင်းစာဖတ်ရန်လိုပါသည်။ မိမိနိုင်ငံ၊ မိမိလူမျိုး အနှိမ်မခံ၊ ဦးမော့ရန်အတွက် စာဖတ်ကြရပါမည်။ လက်လှမ်းမီ စာအုပ်စာပေမှ အတွေးအခေါ်မြင့်မားစေသည့် စာအုပ်စာပေ အထိ တစ်ဆင့်ပြီးတစ်ဆင့် ဖတ်မှတ်သင့်ပါသည်။ ပညာအသိဖြင့် သတိအုပ်စိုးလျက် မြတ်နိုးတန်ဖိုးထားဖွယ် နိုင်ငံလွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်နိုင်မည် ဖြစ်ပါသည်။

 

လွန်စွာခါးသီးလှ

 

လွတ်လပ်ရေး သမိုင်းမှတ်တမ်းတစ်လျှောက် ၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘဝ ကျရောက်ခဲ့ရသည်။ နယ်ချဲ့ အင်္ဂလိပ်လက်အောက် သူ့ကျွန်ဘဝနေထိုင်ခဲ့ရသည့် အချိန်ကာလများသည် လွန်စွာခါးသီးလှပါသည်။ ထိုအခြေအနေများကို ကျော်လွှားနိုင်သည့် တစ်ခုတည်း သောစိတ်ဓာတ်မှာ ပြည်ထောင်စုစိတ်ဓာတ်(ဝါ) မျိုးချစ် စိတ်ဓာတ်သာ ဖြစ်ပါသည်။ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ် မရှိလျှင် လွတ်လပ်ရေးရရန် မမြင်သာပေ။ တိုင်းရင်းသား အားလုံး ညီရင်းအစ်ကိုပမာ ချစ်ခင်စည်းလုံးမှုဖြင့် မရှုံးစေဘဲ နိုင်အောင်နွှဲခဲ့ သည့် လွတ်လပ်ရေးအောင်ပွဲလည်း ဖြစ်ပါသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ဗြိတိသျှ ယူနီယံဂျက်အလံကို ဖြုတ်ချလျက် အမိနိုင်ငံတော်အလံကို လွှင့်တင်နိုင်ခဲ့ခြင်းမှာ တစ်မျိုးသားလုံးအတွက် ကြည်နူးစရာ အကောင်းဆုံးမြင်ကွင်းပုံရိပ် ဖြစ်ပါသည်။ လွတ်လပ်ရေးကြေညာစာတမ်း၊ သစ္စာအဓိဋ္ဌာန် ၉ ချက်၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများမှာလည်း ထိုအချိန်က နားဝင်အချိုမြိန်ဆုံး မြန်မာ့သူရဲကောင်းတို့ တေးသံသာများ ဖြစ်ပေမည်။

 

ထာဝစဉ် မွှေးပျံ့လျက်ရှိ

 

ခံစားနားလည်သူတိုင်း လွတ်လပ်ရေးတန်ဖိုးသည် ထာဝစဉ်လေးနက်လျက်ရှိသည်။ နယ်ချဲ့တို့၏ လူမဆန်သော နှိပ်စက်ကလူပြုမှု၊ မျိုးချစ်ပုဂ္ဂိုလ်များကို ချေမှုန်းမှုများသည် နှောင်းလူတို့ မခံစားနိုင်လောက်သည့် ဆင်းရဲ ပင်ပန်းခြင်းမျိုး ဖြစ်နိုင်သည်။ အသက်ပင်သေသေ အမိမြေ အတွက် ခေါင်းစဉ်တပ် နိုင်ငံ့ရှေ့ရပ်တည်သည့် ရဲဘော် အားလုံး ရှင်တစ်ဝက်၊ သေတစ်ဝက်ဖြင့် တိုက်ပွဲဝင်ခဲ့ကြ ရသည်။ အမိမြေအတွက် ဂုဏ်တင်စာသ သူရဲကောင်း စာရင်းဝင်ခဲ့ကြသည်။ လွတ်လပ်သော ပြည်သူ့ဘဝများစွာအတွက် မျိုးချစ်သူရဲကောင်းများ၏ အသက်၊ သွေး၊ ချွေး စတေးမှုသည် အချည်းအနှီးမဖြစ်၊ လွတ်လပ်ရေးနေ့ရောက်တိုင်း မြန်မာနိုင်ငံတစ်ဝန်းလုံး၏ မေတ္တာကို ခံယူရရှိပြီး လူသာသေသော်လည်း နာမည်မသေ စွမ်းရည် ပြည့်ဝ လူစွမ်းလူစရှိသူများ၏ ဂုဏ်ဒြပ်မှာ ထာဝစဉ် မွှေးပျံ့လျက်ရှိသည်။

 

ကမ္ပည်းတင်နိုင်ခဲ့ပြီ

 

ယနေ့ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားညီအစ်ကို များကြား မတူကွဲပြားမှုများရှိနေသော်လည်း အတူဆင်နွှဲခဲ့သည့် လွတ်လပ်ရေးအရသာကို ကောင်းစွာခံစားရရှိနေပြီ ဖြစ်ပါသည်။ လွတ်လပ်ခြင်း၊ ဝင့်ထည်ခြင်း၊ ပျော်ရွှင် အေးချမ်းခြင်းအစရှိသော လွတ်လပ်သောနိုင်ငံ၊ အချုပ်အခြာ အာဏာတည်တံ့သော နိုင်ငံတစ်နိုင်ငံ၏ အသွင်သဏ္ဌာန်ဖြင့် ကမ္ဘာ့အလယ်တွင် မြန်မာဟု ကမ္ပည်းတင်နိုင်ခဲ့ပြီဖြစ်သည်။

 


ကမ္ဘာ့အလယ် ခံ့ခံ့ထည်ထည် ရပ်တည်ရေးသည် နိုင်ငံသားအားလုံး၏ အရည်အချင်းလည်းဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ စံအင်္ဂါတွင် ပိုင်နက်နယ်မြေ၊ နိုင်ငံသားပြည်သူများ၊ အုပ်ချုပ်သူအစိုးရနှင့် အချုပ်အခြာအာဏာစိုးမိုးမှုတို့ ပါဝင် သဖြင့် တစ်စုံတစ်ခုမျှ လစ်ဟာ၍မရပေ။ ပိုင်နက်နယ်မြေ၊ ပြည်သူ၊ အစိုးရရှိသော်လည်း အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု မရှိလျှင် လွတ်လပ်သောနိုင်ငံဟု မခေါ်ဆိုနိုင်ပေ။

 

နယ်ချဲ့တို့၏ သွေးခွဲသပ်လျှိုအုပ်ချုပ်ခဲ့မှု စနစ်ဆိုး များသည် ပြည်ထောင်စုဖွားသွေးချင်းများအကြား စိမ့်ဝင် ခဲ့မှုကြောင့် ညီနောင်သားချင်းအချင်းချင်း စိတ်ဝမ်းကွဲပြားမှုများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးကြန့်ကြာခဲ့ရခြင်း ဖြစ်သည်။ ဘက်စုံဖွံ့ဖြိုးရေးကို အဟန့်အတားဖြစ်စေသည့် လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းရန် လိုအပ်ပါသည်။ အထွတ်အမြတ်လွတ်လပ်ရေးပင် အရယူ နိုင်ခဲ့သည့် ပြည်ထောင်စုစိတ်ဓာတ်သည် သိက္ခာရှိရှိ စွမ်းအင်ပြည့်ပြည့်ဖြင့် ငြိမ်းချမ်းသာယာသည့် နိုင်ငံတစ်နိုင်ငံကို အကောင်းဆုံးဖန်တီးတည်ဆောက်နိုင်ပါ သည်။ သွေးစည်းညီညွတ်မှုစွမ်းပကားသည် လွန်စွာ အင်အားတောင့်တင်းလေ့ရှိပါသည်။ အဖျက်ရန်စွယ် အမျိုးမျိုးကို တွန်းလှန်နိုင်စွမ်းရှိပါသည်။ လက်ဝယ်ပိုင်ပိုင် ရရှိခဲ့သည့် မြန်မာ့လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး ပြည်ထောင်စုဖွားသွေးချင်းများ၏ စည်းလုံးညီညွတ်မှုစွမ်းအားဖြင့်သာ ထိန်းသိမ်း စောင့်ရှောက်နိုင်ပါသည်။


ဒီမိုကရေစီအုတ်မြစ်စီတည်ဆောက်လျက်ရှိ


လက်ရှိအချိန်ကာလသည် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်နေသော အချိန်ကာလတစ်ခု ဖြစ်ပါသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး တရားမျှတလွတ်လပ်ခြင်း၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်း အခြေခံမူဘောင်များဖြင့် နိုင်ငံတော်ငြိမ်းချမ်းသာယာရေး အတွေးအမြင်ရှိရှိ၊ အဓိပ္ပာယ်ရှိရှိ ဒီမိုကရေစီအုတ်မြစ်စီ တည်ဆောက်လျက်ရှိပါသည်။ နိုင်ငံရေးဆွေးနွေးပွဲ များတွင် လက်နက်ကိုင်ပဋိပက္ခများ အလုံးစုံချုပ်ငြိမ်းရေး၊ ပြည်ထောင်စုဖွားအချင်းချင်း ဥမကွဲသိုက်မပျက် အေးအတူပူအမျှ လက်တွဲနေထိုင်ရေး၊ တန်းတူညီမျှအခွင့် အရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဘက်စုံဖွံ့ဖြိုးရေးကိစ္စများကို တက်ကုန်ဖွင့်ရွက်စုံလွှင့် ဆောင်ရွက်နေသည်ကို တွေ့ရပါသည်။


ထွန်းညှိနိုင်မည်


နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများ၊ တိုက်ပွဲများ မဆင်နွှဲခဲ့လျှင် လွတ်လပ်ရေးရရှိရန် လမ်းစမမြင်နိုင်ပေ။ ပင်လယ်ပြင်တွင် ကမ်းနှင့်ဝေးသည့်လှေပမာ ရှိနေမည်။ ဒုက္ခမျိုးစုံ၊ အခက်အခဲမျိုးစုံ ပို၍ကြုံဆုံရဖွယ်ရှိနိုင်သည်။ ထို့အပြင် လွတ်လပ်ရေးမရခဲ့လျှင် မြန်မာနယ်မြေသည် မြေပုံတွင် နယ်နိမိတ်သတ်မှတ်ချက်ပြသရန် ခက်ခဲနိုင်ပေသည်။ လွတ်လပ်ရေး၏အားသာချက်သည် ကိုယ့်လက် ကိုယ့်ခြေ ဆုပ်ကိုင်ပိုင်ဆိုင်နိုင်ခွင့်ရှိပါသည်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ခြင်းကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နိုင်သည်။ နိုင်ငံတစ်နိုင်ငံ၏ တောက်ပသည့် အဆင်း သဏ္ဌာန်ကို ပိုမိုပြသနိုင်သည်။ ပညာ၊ ကျန်းမာ၊ စီးပွားသာလျက် တရားမျှတခြင်း၊ လွတ်လပ်ခြင်း အလင်းတန်းများ ထွန်းညှိနိုင်မည် ဖြစ်ပါသည်။

 

ပြည်သူကိုအစဉ်ဗဟိုပြုနေ

 

မျက်မှောက်ခေတ် မြန်မာနိုင်ငံသည် လွတ်လပ်ရေး အသီးအပွင့်နှင့်အတူ ဖွံ့ဖြိုးမှု၊ တိုးတက်မှုအခြေအနေ ကောင်းများ ပိုင်ဆိုင်ရရှိလျက်ရှိသည်။ အစိုးရ၊ တပ်မတော် လက်တွဲညီညီ ဆောင်ရွက်မှုအရှိန်အဟုန်များသည် ပြည်သူကို အစဉ်ဗဟိုပြုနေသည်။ ဆေးရုံ၊ ကျောင်း၊ လမ်း၊ တံတား၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ အဆပေါင်းများစွာ တိုးတက်လာခဲ့သည်ကို တွေ့ရသည်။ ပွင့်လင်းမြင်သာသည့် ဒီမိုကရေစီခေတ်ဖြစ်သဖြင့် နိုင်ငံ့အရေး မျှော်လင့်ချက်များ၊ အတွေးအခေါ်များ အားကောင်း လာခဲ့သည်။ အတိတ်သမိုင်းကို သင်ခန်းစာယူလျက် နိုင်ငံ့ အကျိုးစီးပွားသည် ပြည်သူ့အကျိုးစီးပွားအဖြစ် လက်ခံလာကြသည်။ ပြည်သူများ၏ စုပေါင်းအင်အားသည် လွန်စွာခိုင်ခံ့သော တံတိုင်းတစ်ခုဖြစ်ပါသည်။ လွတ်လပ်ရေးအမွေကို မြန်မာ့သမိုင်း မရိုင်းစေရေး ကာကွယ်ရေး အမြင်ရှိရှိဖြင့် “သူ့ကျွန်ဘဝတွင် နေရခြင်းထက် သေရခြင်း ကမြတ်သည်”ဟူသော ရဲရဲတောက်စိတ်ဓာတ်များ မပျောက်ဆုံးဘဲ လွတ်လပ်ရေးအမွေကို ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးမှ သားစဉ်မြေးမြစ် လက်ဆင့်ကမ်းအမွေအဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိ လှပါကြောင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့ အချိန်အခါသမယကို ကြိုဆိုဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။

 

ထက်ဝေအောင်(စစ်ကိုင်း)