သတင်းဆောင်းပါး - လှိုင်းလေပြေဦး (ညောင်ဦး)
“အခုဖြစ်နေတဲ့အခြေအနေအရ လွတ်လပ်ရေးကိစ္စကို ခန့်မှန်းပြောရမယ်ဆိုရင် လွတ်လပ်ရေးဟာ ရဖို့ အခြေအနေတော့ တော်တော်ပဲများတယ်ဆိုတာ ပြောချင်ပါတယ်။ ပြောပေမယ့် ကျွန်တော်တို့ ဗမာစကားလည်း ရှိတယ်။ အင်္ဂလိပ်စကားကတော့ Don't hollow till you out of the wood သစ်တောမြက်မည်းအတွင်းက မထွက်မိခင် ငါတော့ ဘေးလွတ်ပြီလို့ မအော်ပါနဲ့။ ခြင်္သေ့မင်း ဥပမာလိုပြောရမယ်ဆိုရင် ခြင်္သေ့များဟာ သားကောင်ကိုလိုက်တဲ့နေရာမှာ ကြီးတာ၊ ငယ်တာ ပဓာနမထားဘဲ ကြီးကြီးငယ်ငယ်လုံ့လစိုက်တဲ့နေရာမှာ အဲဒီအတိုင်းပဲ လုံ့လစိုက်သွားတယ်။ အဲဒီထုံးစံအတိုင်း ကျွန်တော်တို့ဟာ ပန်းတိုင်ရောက်သည်အထိ အောင်မြင်မယ်ထင်သည့်တိုင်အောင် ကြိုးစားမှု၊ အားထုတ်မှု၊ လုံ့လ၊ ဝီရိယကို လျှော့လို့ မဖြစ်နိုင်ဘူး။
“စာရေးသူဖော်ပြထားသော စာပုဒ်သည် ဆရာ “မောင်စိမ်းနီ” စုစည်းသည့် “စာရေးဆရာ ကိုအောင်ဆန်း” စာအုပ်ထဲတွင်ဖော်ပြထားသည့် “နောက်ဆုံးစကား မိန့်မြွက်ကြား” ထဲမှ “အောင်သည်အထိ ကြိုးစားဘိ” ခေါင်းစဉ်ဖြင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။ စာတိုသော်လည်း အဓိပ္ပာယ်မှာ လေးနက်လှသည်။
ထိုစာအုပ်အတွင်းမှ ဆရာကြီး “ဒဂုန်တာရာ”၏ “အောင်ဆန်း သို့မဟုတ်အရိုင်း”ဆောင်းပါးတွင် “သူ့တွင် နိုင်ငံရေးဝိညာဉ်ကား ပြင်းထန်လှ၏။ နိုင်ငံရေးတစ်ခုတည်းသာလုပ်သော လူတစ်ဦးဖြစ်၏။ သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိလူကြီးလူကောင်းမဟုတ်။ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်း ကိုသာလုပ်သော နိုင်ငံရေးသတ္တဝါဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ”ဟု ရေးသားထားသည်ကို တွေ့ရပြန်၏။ ထိုဆောင်းပါးထဲတွင် ဗိုလ်ချုပ်၏ နိုင်ငံရေး တစ်ခုတည်း အပေါ် စိတ်အာရုံတိမ်းညွတ်ထားပုံကို မြင်သာလှသည်။ နိုင်ငံအရေးအတွက် စာဖတ်နေသူ၊ စာရေးနေသူ၊ အမြဲတွေးတောနေသူ၊ စကားပြော လျှင်ပင် နိုင်ငံရေးအကြောင်းသာ ပြောတတ်သူဖြစ်ကြောင်း သိရလေသည်။
မေတ္တာစစ်၏ ရောင်ပြန်ဟပ်
တက္ကသိုလ်ကျောင်းသားသဘာဝ အချစ်သီချင်းတီးနေကြသည့်နေရာသို့သွားပြီး စန္ဒရားအပါးတွင် လက်ထောက် ရပ်လျက် “ဟေ့ရပ်ကြ၊ အခုလိုအခါမျိုးမှာ ရဲစိတ်၊ မာန်စိတ်တက်စေမယ့် ရဲတင်းသံတို့ကိုသာ ဆိုရတယ်ဗျ။ ဒီချစ်မယ်၊ ကြင်မယ် သီချင်းမျိုးက မဟန်ဘူး”ဆိုသည့်စကားကပင်နိုင်ငံရေးအပေါ်တွင်သာထားသည့် စိတ်အာရုံကို ပေါ်လွင်နေ၏။ ဤအကြောင်း အရာနှစ်ချက်ကပင် ကျေးဇူးရှင် ဗိုလ်ချုပ်၏ စိတ်ပြတ်သားရဲရင့်မှု၊ တိုင်းပြည်လွတ်လပ်ရေးရရန်အတွက်သာ ရည်မှန်းချက်ထားခဲ့ခြင်းများကို ဖော်ပြလျက်ရှိသည်။ ရည်မှန်းချက် ပြည့်ဝရေးအတွက် ဗိုလ်ချုပ်၏အနစ်နာခံမှုများကိုပြောမည်ဆိုလျှင် မကုန်ဆုံးနိုင်အောင်ပင် ရှိလေသည်။ သည်နေ့ထိတိုင်ပြည်သူလူထုတစ်ရပ်လုံး၏ ဗိုလ်ချုပ်အပေါ် ကြည်ညိုမဆုံး၊ မြတ်နိုးမဆုံး ဖြစ်နေကြခြင်းကပင် တိုင်းပြည်အပေါ်ထားသည့် မေတ္တာစစ်၏ ရောင်ပြန်ဟပ်ခြင်းဖြစ်မည်။ ဗိုလ်ချုပ်သည် ရည်မှန်း ချက်တစ်ခုတည်းအပေါ်မှာ တစိုက်မတ်မတ် ကြိုးစားလုပ်ဆောင်လျှင် အောင်မြင်ကြောင်းကို လမ်းပြခဲ့ပြီး ဖြစ်လေသည်။ သည်နေ့ခေတ် လူငယ်များအနေဖြင့် သွားလိုသည့် ပန်းတိုင်ရောက်ရန်ကား ကိုယ်တိုင်ကြိုးစား လုပ်ဆောင်သွားကြရမည်သာဖြစ်၏။ ဟိုဟိုသည်သည် အပြစ်တင်နေကြမည့်အစား ယုံကြည်ရာလမ်းကို ကြိုးစားပြီး ထိုးဖောက်ကြရမည်သာဖြစ်၏။ သည်ကနေ့လူငယ်များ ကြိုးစားအားထုတ်ကြရခြင်းသည် လွတ်လပ်ရေးရရန် ကြိုးစားခဲ့သည့် ဗိုလ်ချုပ်၏ စိတ်ဓာတ်၊ သူရဲကောင်းတို့၏ အားမာန်၊ သတ္တိ၊ ဗျတ္တိ၊ ဉာဏ်ရည်ဉာဏ်သွေးနှင့်ကိုယ်ကျိုးစွန့်အနစ်နာခံမှုများကို လူငယ်များ အတုယူစေချင်ပါသည်။ ယနေ့လူငယ် အတော်များများသည် မိမိအကျိုး၊ လူမျိုးအကျိုး၊ တိုင်းပြည်အကျိုးတို့အတွက် အချိန်ကိုတန်ဖိုးရှိရှိ ကုန်လွန် စေပြီး အနာဂတ်ကိုရည်မျှော်တွေးဆကာ အချိန်များ ကုန်ဆုံးစေချင်သည်။
ထိုသို့သောစိတ်ဓာတ်များ လူငယ်များ၏ စိတ်သန္တာန်တွင် ကိန်းအောင်းတည်ရှိလာလျှင် နိုင်ငံတော်၏ အနာဂတ် သည်လည်း သာယာလှပမှု ရှိနိုင်မည်ဖြစ်ပေသည်။ သည်နေ့ခေတ်လူငယ်များအနက် ရည်မှန်းချက်တစ်ခု ထားရှိပြီး ကြိုးစားနေသော လူငယ်များလည်း ရှိပါသည်။ နိုင်ငံ့ဂုဏ်ဆောင်နေသော လူငယ်များလည်းရှိပါသည်။ ထိုလူငယ်များသည် အလိုအလျောက် အောင်မြင်နေကြခြင်းမဟုတ်။ အချိန်ရှိသရွေ့ယုံကြည်ရာ ကို ရဲရဲရင့်ရင့် လျှောက်လှမ်းနိုင်ရန် ကြိုးစားနေကြခြင်းကြောင့်အောင်မြင်ခြင်းဖြစ်သည်။ လူငယ်များအနေဖြင့် အချိန်ရှိခိုက် လုံ့လစိုက်ထုတ်ပြီး ကြိုးစားနေကြရမည်သာဖြစ်သည်။
ဗိုလ်ချုပ်သည် နိုင်ငံတော်အတွက် သူ၏ စွန့်လွှတ်အနစ်နာခံပြီး ကြိုးစားမှုများကို ပါးစပ်လေးဖြင့် လေးစားချစ်ခင် နေကြခြင်းထက် ကြိုးစားသော၊ ရိုးသားသော၊ ရဲရင့်သောလူငယ်များစွာ ပေါ်ထွန်း ရန်ကိုသာ ပို၍ မျှော်လင့်ပါလိမ့်မည်။ ခေတ်ရေစီးအတိုင်း မျောပါပြီး အချိန်ဖြုန်း နေကြခြင်းကို နှစ်သက်မည်မဟုတ်။ နိုင်ငံတော် အတွက် အားကိုးအားထား ပြုရသော လူငယ်များ၊ အရည်အချင်းပြည့်ဝသော လူငယ်များအဖြစ်သာ မြင်ချင်ပါ လိမ့်မည်။ နိုင်ငံတော်၏ အနာဂတ်လူငယ်များအနေဖြင့် တိုးတက်ရာ တိုးတက်ကြောင်း ကြိုးစားရန်သင့်၊ မသင့် အလေးအနက်ထား စဉ်းစားတွေးခေါ် တတ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သမိသည်။
ပြုပြင်ပြုစုစီမံထားခဲ့သူ
ထိုစာအုပ်ထဲမှ “ဗိုလ်ချုပ်အောင်ဆန်း” ကိုယ်တိုင်ရေးသည့် “ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ”ထဲမှ အကြောင်းအရာတချို့ ပြောရဦးမည်။ ပညာနှင့်ပတ်သက်သည့် အကြောင်းအရာမှာ လွန်စွာတန်ဖိုးရှိ၏။ အနှစ်သက်ဆုံးအပိုင်းမှာ”ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ စာသိမှုကို ပညာဟု မဆိုပေ။ ပညာသည် “အတိုင်းအဆမထင်” အလွန်ကျယ်ပြောနက်နဲလှပေသည်။ ကမ္ဘာရှိ စာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှ မြေကြီးထဲသို့ရောက်သည်အထိ ပညာသင်သားများဖြစ်နေကြစေသည်။ ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် လူ၏ တစ်သက်ပန်တွင် ကုန်ဆုံးသည်ဟုမဆိုနိုင်ပေ။ ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့်အလမ်း အလိုက်ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဉာဏ်အားလုံးကိုလည်းကောင်း၊ မိမိဉာဏ်အမြင်အရ စိတ်နေစိတ်ထား စိတ်ဓာတ်ကိုလည်းကောင်း (Emotion of the Education) ပြုပြင်ပြုစုစီမံထားခဲ့သူသာလျှင် ဖြစ်သည်။ ဘီအေပင်အောင်စေကာမူ၊ ပါရဂူဘွဲ့ကြီးပင်ရစေကာမူ ပညာဆိုသော သဘာဝအဓိပ္ပာယ်ကို ကောင်းစွာသုံးသပ် နားလည်ခြင်းမရှိခဲ့သော် တကယ်အရာမရောက်၊ အသုံးမဝင်ပေ။ ပညာသည် စာအုပ်များထဲ၌သာရှိသည် မဟုတ်။ စာအုပ်ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ဉာဏ်များကို တိုးတက်စေရမည်” ဆိုသောအချက်ကို လွန်စွာနှစ်သက်မိ၏။
သည်နေ့ခေတ် ပညာသင်ကြားရေးအပိုင်းကို မြင်ယောင်လာသည်။ ကျောင်းသားဘဝမှာပင် စာကို သေချာလေ့လာသည့် အလေ့အထ သိပ်မရှိကြ တော့ပေ။ ဘွဲ့တစ်ခုရရေးသည်သာ အဓိကထားကြလေသည်။ ဘွဲ့ရလျှင်အလုပ်ရမည်။ အလုပ်ရလျှင် မိသားစုစားဝတ်နေရေး ပြေလည်မည်။ ရပ်တည်ချက်တစ်ခုရှိအောင် သင်ကြားကြခြင်းသာဖြစ်သည်။ ဝါသနာပါ၍ တတ်မြောက်အောင် လေ့လာဆည်းပူးခြင်းမျိုးမှာ လူနည်းစုမျှသာ ရှိလေသည်။ လူငယ်များသည် ပညာအရာနှင့်ပတ်သက်၍ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်လည်း မရှိတာများ သည်။ မိဘ၏ ရွေးချယ်မှုအတိုင်း လုပ်ဆောင်ကြရ၏။ တချို့လူငယ်များသည် ဆရာရွေးပေးသည့် ဘာသာရပ်အတိုင်း တက္ကသိုလ်ကိုတက်ရောက်ကြ၏။ ခေတ်အနေအထားအရ အလွှာအပိုင်းအခြား ကွာခြားမှုမြင့်မားလာသည်နှင့်အမျှ သင်ကြားရေးအပိုင်းမှာလည်း ကွာခြားမှုများ ရှိလာလေပြီ။ သင်ကြားမှု မတူညီသော လူငယ်တို့၏ အတွေးအခေါ်၊ အယူအဆ များသည် တူညီမှုမရှိနိုင်သလို တိုးတက်မှုများသည် လည်း ကွာခြားလာပါလိမ့်မည်။ သည်မလူးသာ မလွန့်သာအနေအထားတစ်ခုတွင် လူငယ်များအနေဖြင့် မိမိသင်ကြားခွင့်ရသည့်အပေါ်မှ စိတ်ပါဝင်စားသော ပညာရပ်တစ်ခုခုကိုစဉ်ဆက်မပြတ် လေ့လာလိုက်စား ကြရန် အရေးကြီးလှသည်။ ဝါသနာနှင့်အလုပ် ထပ်တူမညီမျှသောသူများသည် ကိုယ်တိုင်လည်း အားပိုစိုက်ပြီး လေ့လာရသလို အလုပ်အပေါ်မှာလည်း စိတ်ဖိစီးပြီး မပျော်ရွှင်၍ စေတနာ အပြည့်ထားနိုင်ကြမည်မဟုတ်။ ဝါသနာနှင့်အလုပ် ထပ်တူညီသောသူများသည်ကိုယ်တိုင်လည်း အဆုံးစွန်အထိ လေ့လာလိုက်စားပြီး စိတ်ပျော်ရွှင်စွာလုပ်ရ၍ အလုပ်အပေါ်ထားသော စေတနာသည်လည်း ထက်သန်နေမည်မှာ မလွဲပေ။ ဝါသနာ နှင့်အလုပ် ထပ်တူကျသော မျိုးဆက်သစ်လူငယ်များ များလာသည်နှင့်အမျှ မည်သည့်အခန်းကဏ္ဍမဆို ဆင်ကိုချွန်းထိုးသကဲ့သို့ မပြတ်တိုက်တွန်း နှိုးဆော်ရန်၊ စစ်ဆေးရန်ပင် လိုအပ်မည်မထင်။ ဝါသနာ၏ စေ့ဆော်မှု အရ စေတနာသည်နောက်မှ ကောက်ကောက်ပါအောင်လိုက်၍ တိုးတက်မှုရရန်လုပ်ဆောင် သွားကြမည်သာ ဖြစ်၏။ ကမ္ဘာပေါ်ရှိ အောင်မြင်နေကြသူအတော်များများသည် မိမိစိတ်ပါဝင်စားသောအရာကိုသာ စူးစူးစိုက်စိုက် အမြဲလေ့လာနေကြသူများဖြစ်လေသည်။
နိုင်ငံသားတိုင်း၏ တာဝန်
ဗိုလ်ချုပ်စကား “ကမ္ဘာရှိ စာအုပ်အားလုံးပင်လျှင် ပညာအားလုံးကိုလောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှ မြေကြီးထဲသို့ရောက်သည်အထိ ပညာသင်သားများ ဖြစ်နေကြ စေသည်” ဆိုသည့်အတိုင်း အတန်းပညာတစ်ခုတည်းသာမက လောကတွင် စာအုပ်စာပေအပြင် လူမှု ဘဝများကို မြင်အောင်ကြည့်ပြီး သုံးသပ်နေထိုင်သွားကြရန်လည်း လိုအပ်ပါသည်။ လူငယ်များသည် ရေစီးအတိုင်း မျောလိုက်ရင်း ဘယ်သောင်၊ ဘယ်ကမ်းကပ်ရမှန်းမသိသော လူ့အန္ဒများ မဖြစ်ရန်၊ ပညာ အရာတွင် တိုးတက်မြင့်မားရန်၊ စနစ်တကျပြုစုရန် လိုအပ်သော အနေအထား ပင်ဖြစ်သည်။ စာကိုသာမက စိတ်ဓာတ်၊ စည်းကမ်း၊ လူ့ကျင့်ဝတ်ရေးရာများကိုပါ လက်တွေ့ကျကျ အထူးလေ့ကျင့် ပြုစုပျိုးထောင် ပေးနေသော ဂျပန်ပြည်၏ ပညာရေးဆိုင်ရာ ဘာသာပြန်ဆောင်းပါးများကို ဖတ်ရှုရတိုင်း အားကျမိသည်မှာ အမှန်ပင်။ ဘွဲ့ရပညာတတ်ဆိုသည့်ဂုဏ်ပုဒ်ထက် အမှန်တကယ်စဉ်းစားတွေးခေါ်မှုမြင့်မားပြီး ဉာဏ်ပညာ တိုးတက်သော မျိုးဆက်သစ်များ ပေါ်ထွန်းရန် အရေးကြီးလှသည်။
နိုင်ငံတစ်နိုင်ငံ၏ ပျိုမျစ်ခြင်းသည် လူငယ်များအပေါ်တွင် မူတည်လေသည်။ နိုင်ငံတစ်နိုင်ငံ၏ သယံဇာတသည်လည်း လူငယ်များပင်ဖြစ်သည်။ ထို့ကြောင့် လူသားအရင်းအမြစ်ကိုအခြေတည်၍ ဉာဏ်ပညာ ခြံရံသော လူငယ်များစွာ ပေါ်ထွက်အောင် ပြုစုမွေးထုတ်ကြ ရမည်မှာ နိုင်ငံသားတိုင်း၏ တာဝန်တစ်ရပ်ဟု ဆိုရပါမည်။ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၄) နှစ်မြောက်မွေးနေ့သည်၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်တော့မည်ဖြစ်သည်။ တစ်နိုင်ငံလုံး သောင်းသောင်းဖြဖြ အခမ်းအနားများ ကျင်းပကြမည်မှာ လည်းမလွဲမသွေပင်ဖြစ်၏။ ဤကဲ့သို့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အခမ်းအနား ကျင်းပခြင်းသည် ခေတ်အဆက်ဆက် မျိုးဆက်သစ်လူငယ်တို့အား လက်ဆင့်ကမ်း အမွေပေးခဲ့ရာလည်း ရောက်သည်။
ထိုနေ့တွင် ကလေးသူငယ်များသည်လည်း ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အတွက်ပြိုင်ပွဲများဝင်ရန် ဗိုလ်ချုပ်အကြောင်းကို ဖတ်ကြ၊ မှတ်ကြ၊ လေ့လာကြမည်ထင်၏။ ပြိုင်ပွဲအတွက်သာ ကြက်တူရွေးများကဲ့သို့ နှုတ်တိုက်ကျက်ခြင်း မျိုးမဟုတ်ဘဲ နှလုံးသားထဲထိစွဲမြဲအောင် ဖတ်မှတ်လေ့လာခြင်းမျိုးဖြစ်ရန်သာ မျှော်လင့်မိ သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သော အကြောင်းအရာ များသည်ကား ခါရာသီအလိုက်ပန်ဆင်ရန် ပွင့်သောပန်းမျိုးမဟုတ်။ ဗိုလ်ချုပ်လျှောက်လှမ်းပြခဲ့သော လမ်းစဉ်ကောင်းများကို နှလုံးသားမှာ စွဲထင်ပြီး ဦးခေါင်းမှာ အမြဲပန်ဆင်ရမည့်အရာသာ ဖြစ်သည်။ နိုင်ငံသားတိုင်း၏ အနာဂတ်အတွက် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည်ကား လမ်းစဉ်ကောင်းတို့ ပေးခဲ့ပြီးဖြစ်လေ၏။ ။