လွတ်လပ်ရေး၏အနှစ်သာရ အပေးအယူညီမျှ

၃ ဇန်နဝါရီ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် လွတ်လပ်သော နိုင်ငံတော်ဖြစ်သည်။ အချုပ်အခြာအာဏာပိုင်ဆိုင်၍ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးနိုငသော နိုင်ငံဖြစ်သည်။ လွတ်လပ်သောနိုင်ငံ၏ အနှစ်သာရမှာ ပြည်သူအားလုံး လိုလားသည့် အစိုးရ၊ ပြည်သူအားလုံး နှစ်သက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်ရပ်တည်နေထိုင်နိုင်ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံ လွတ်လပ်ရေးမရရှိမီ အချိန်ကတည်းက မြန်မာနိုင်ငံနှင့်ထိုက်တန်သော၊ မြန်မာတစ်မျိုးသားလုံး၏ မြန်မာအစိုးရနှင့် အုပ်ချုပ်ရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို အလျင်အမြန် ရေးဆွဲဆောင်ရွက်ခဲ့ကြသည်။ ပြီးနောက် ပြည်ထောင်စု မြန်မာနိုင်ငံတော် ကြီးသည် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်ဆိုင်သော နိုင်ငံဖြစ်လာသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတို့အပေါ်၌ တည်ဆောက်ထားသည်။

 

လွတ်လပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ပြည်ထောင်စုသား တိုင်းသည် လူမှုဆက်ဆံရေး၌ တရားမျှတခြင်း၊ စီးပွားရေး၌ တရားမျှတခြင်း၊ နိုင်ငံရေး၌ တရားမျှတခြင်း၊ လွတ်လပ်စွာ တွေးကြံနိုင်ခြင်း၊ လွတ်လပ်စွာ ပြောဆိုရေးသား ဖွင့်ဟနိုင်ခြင်း၊ လွတ်လပ်စွာ ယုံကြည်နိုင်ခြင်း၊ လွတ်လပ်စွာ ကြိုက်နှစ်သက်ရာ ကိုးကွယ်နိုင်ခြင်း၊ လွတ်လပ်စွာ လုပ်ကိုင်စားသောက်နိုင်ခြင်း၊ လွတ်လပ်စွာ စည်းရုံးနိုင်ခြင်း၊လွတ်လပ်စွာ လုပ်ကိုင်ပြုမူနိုင်ခြင်း စသည့် နိုင်ငံသူ၊ နိုင်ငံသားများ၏ ခံစားပိုင်ခွင့်များ အပြည့်အဝရှိသည်။

 

ထို့အပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် အဆင့်အတန်းခွဲခြားခြင်း မရှိစေရ၊ ညီမျှရမည်။ ဆင်းရဲချမ်းသာမရွေး ခွဲခြားခြင်းမရှိရဘဲ ကြိုးစားလျှင် ကြိုးစားသလောက် ပါရမီ၊ ပညာ၊ အစွမ်းကိုလိုက်၍အကျိုးကျေးဇူး ခံစားနိုင်ရမည်။ ဥပဒေမျက်စိဖြင့် ကြည့်လျှင် ဆင်းရဲချမ်းသာမရွေး၊ ရာထူးဂုဏ်၊ အခြားဂုဏ်တို့ကိုမငဲ့ အားလုံးတူညီ၍ မှန်သူကို ဥပဒေက ကာကွယ်မည်။ မတရားသူ၊ ဥပဒေဖောက်ဖျက်ကျူးလွန်သူကို အပြစ်ပေးမည်ဟု ကြွေးကြော်ကာ လွတ်လပ်သော နိုင်ငံတော်အဖြစ် တည်ဆောက်ခဲ့ကြသည်။

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို လူတစ်စုက တည်ထောင်ထားခြင်းမဟုတ်၊ နိုင်ငံသူ၊ နိုင်ငံသားများဖြစ်ကြသည့် ကျွန်ုပ်တို့အားလုံးက စည်းလုံးညီညာစွာဖြင့် ထူထောင်ထားသော နိုင်ငံဖြစ်သည်။ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည် ရောက်ရှိအောင် မည်မျှကြိုးပမ်းဆောင်ရွက်ထားရသည်ကို နိုင်ငံသူ၊ နိုင်ငံသားများအားလုံး သိရှိကြပြီးဖြစ်သည်။ င်ငံတော်၏ အုတ်မြစ်ဖြစ်သော အခြေခံဥပဒေကို ထိုစဉ်ကာလ၊ ထိုစဉ် အချိန်က အနေအထားများအရ အားလုံးကိုယ်စားပြု လက်ခံအတည်ပြုခဲ့ကြသည်။ ထိုသို့ အတည်ပြုနိုင်သောကြောင့်လည်း လွတ်လပ်သည့် ပြည်ထောင်စုသမ္မတနိုင်ငံ ပေါ်ထွန်းလာ ခြင်းဖြစ်သည်။

 

လွတ်လပ်သော မြန်မာနိုင်ငံတော်တွင် ခေတ်ကာလအခြေအနေနှင့် အနေအထား များအရ နိုင်ငံ၏ အသက်ဝိညာဉ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးကြိမ်သုံးခါ ရေးဆွဲအတည်ပြု ပြဋ္ဌာန်းခဲ့သည်။ မျက်မှောက်ကာလတွင် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းနေသည်။ အနာဂတ်တွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့် သင့်တော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်း ဆောင်ရွက်ကြရဦးမည်။

 

ဖြစ်တည်နေသည့် နိုင်ငံတော်၏ ပကတိအနေအထားနှင့် လိုအပ်ချက်များနှင့်အညီ တည်ရှိနေမည့် အခြေခံဥပဒေ အသက်ဝင်နေသမျှကာလပတ်လုံး ကျွန်ုပ်တို့၏ အခြေခံလူ့အခွင့်အရေးများ တည်ရှိနေမည်။ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာသည်လည်း အဓွန့်ရှည်တည်တံ့ ခိုင်မြဲနေမည်ဖြစ်သည်။ ဤနိုင်ငံတော်ကြီးအတွင်းမှ ကျွန်ုပ်တို့အားလုံးတို့သည် အခြေခံဥပဒေမှ ပြဋ္ဌာန်းထားသော လူ့အခွင့်အရေးများကို အပြည့်အဝ ရခွင့်ရှိကြသကဲ့သို့ ကျွန်ုပ်တို့ကလည်း နိုင်ငံတော်၏အင်အားကို အစွမ်းကုန် ဖြည့်ဆည်းပေးရန် တာဝန်ရှိသည်။ လွတ်လပ်သောနိုင်ငံတော်ရှိ တိုင်းရင်းသား ပြည်သူအပေါင်းတို့သည် အခွင့်အရေးများ ရယူနိုင်သလို တာဝန်ယူမှုများလည်းရှိရမည့် အပေးအယူညီမျှမှုအပေါ်တွင် မူတည်ပါသည်။