မောင်ခိုင်မာ (အထက်မင်းလှ)
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာတစ်မျိုးသားလုံးက အမွန်အမြတ်ထားအပ်သော (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါသည်။ လွတ်လပ်ရေးနေ့ဟူသည်မှာ တိုင်းတစ်ပါး၏ စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်ကာ ကိုယ့်ထီးကိုယ့်နန်း ကိုယ်ကြငှန်းကို လက်ဝယ်ပိုင်ပိုင် ပြန်လည်ပိုင်ဆိုင်သော၊ တစ်နည်းအားဖြင့် အချုပ်အခြာအာဏာပိုင်သောနေ့ ဖြစ်ပါသည်။ ဤသို့လွတ်လပ်ရေးကို ပြန်လည်ရယူပိုင်ဆိုင်ခဲ့ခြင်းမှာ အလွယ်တကူတော့ မဟုတ်ပါ။
ကျူးကျော်စစ်များဖြင့်
နယ်ချဲ့အင်္ဂလိပ်တို့က သယံဇာတပေါကြွယ်ဝသော မြန်မာနိုင်ငံအား ကျူးကျော်စစ် သုံးကြိမ်ဖန်တီးကာ သိမ်းပိုက်ခဲ့သည်။ ပထမကျူးကျော်စစ်မှာ ဘကြီးတော် ဘုရားလက်ထက် (၅-၃-၁၈၂၄ မှ ၂၄-၂-၁၈၂၆ အထိ) ကြာမြင့်ပြီး ရန္တပိုစာချုပ်ဖြင့် စစ်ပြေငြိမ်းခဲ့ရသည်။ မြန်မာတို့က နယ်ချဲ့အား စတာလင်ပေါင်တစ်သန်း လျော်ကြေးပေးရသည်။ ရခိုင်နှင့် တနင်္သာရီဒေသ ဆုံးရှုံးခဲ့သည်။ ဒုတိယကျူးကျော်စစ်မှာ ပုဂံမင်းလက်ထက် (၁၈၅၂ ဧပြီ မှ ၁၈၅၂ နိုဝင်ဘာအထိ) ကြာမြင့်ပြီး မြေထဲမြို့ (အောင်လံမြို့) မှ အောက်ဘက်အောက်မြန်မာနိုင်ငံ ဆုံးရှုံးခဲ့ရသည်။ တတိယကျူးကျော်စစ်မှာ သီပေါဘုရင် လက်ထက် (၁၄-၁၁-၁၈၈၅ မှ သီပေါမင်းနန်းကျသည့် ၂၈-၁၁-၁၈၈၅ အထိ) ကြာမြင့်ပြီး မြန်မာတစ်ပြည်လုံးကို သိမ်းပိုက်သွားခဲ့သည်။ မြန်မာပြည်သူတို့ သူ့ကျွန်ဘဝ သက်ဆင်းခဲ့ရတော့သည်။
လွတ်လပ်ရေး ကြိုးပမ်းမှု
နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ရသည်မှစ၍ ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူ အပေါင်းတို့သည် အသက်သွေးချွေးစတေးကာ တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက်ဖြင့် လွတ်လပ်ရေးအတွက် မဆုတ်မနှစ် ကြိုးပမ်းခဲ့ကြလေသည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ကွင်းဆက်ရှိရှိ ကြိုးပမ်းခဲ့ကြသည်။ ၁၉၂၀ ပြည့်လွန်နှစ်များတွင် လူငယ်များအပါအဝင် တိုင်းရင်းသားပြည်သူတို့သည် မျိုးချစ်စိတ်ဓာတ် ပိုမိုထက်သန်လာကြသည်ဟုပင် ဆိုနိုင်ပါသည်။ နိုင်ငံရေးအမြင် ကျယ်ပြန့်လာသည်နှင့်အမျှ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး စသည့် အသင်းအဖွဲ့များ ဖွဲ့စည်းလှုပ်ရှားလာကြသည်။ နယ်ချဲ့ကို ဒူး မထောက်၊ လက်မမြှောက် အန်တုလာသည်။ တောင်သူလယ်သမားအရေးတော်ပုံ၊ ၁၃၀၀ ပြည့်အရေးတော်ပုံ၊ ကျောင်းသားသပိတ်တို့က မြန်မာ့နိုင်ငံရေးသမိုင်းတွင် စံနမူနာယူစရာ အထင်အရှားပေါ်ထွက်လာခဲ့သည်။
အဆိုပါ အကွက်စိပ်လာသော အရေးတော်ပုံများထဲမှ ရန်ကုန်တက္ကသိုလ် ကျောင်းသားလူငယ်တစ်ဦး ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းအား မြန်မာနိုင်ငံက လက်ဝယ်ပိုင်ပိုင် ရရှိလိုက်ခြင်းမှာ တန်ဖိုးမဖြတ်နိုင်ပေ။ ဗိုလ်ချုပ်သည် နယ်ချဲ့ကို တိုက်ထုတ်ရန်အတွက် ခေတ်မီတပ်မတော်နှင့် ခေတ်မီစစ်လက်နက်ရှိမှ ဖြစ်မည်ဟုခံယူကာ ပြည်ပအကူအညီရှာဖွေသည်။ ဒုတိယကမ္ဘာစစ် ကာလတွင် “အင်္ဂလိပ်အခက်၊ ဗမာ့အချက်”ဟု ကြွေးကြော်ကာ လွတ်လပ်ရေးကို အရယူဖို့ရန် ကြိုးပမ်းသည်။ ရဲဘော်သုံးကျိပ်ဖွဲ့စည်းကာ ၁၉၄၁ တွင် ဟိုင်နန်ကျွန်း၌ စစ်ပညာသင်ခဲ့သည်။ (၂၇-၁၂-၁၉၄၁)တွင် ထိုင်းနိုင်ငံ ဗန်ကောက်ရှိ ဦးလွန်းဖေ၏ နေအိမ်တွင် ဗမာ့လွတ်လပ် ရေးတပ်မတော် (ဘီအိုင်အေ) (Burma Independence Army- BIA) ကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ ၁၉၄၂ ခုနှစ် ဇန်နဝါရီလတွင် BIA သည် ဂျပန်အကူအညီဖြင့် အင်္ဂလိပ် တို့ကို မောင်းထုတ်ခဲ့သည်။ ၁၉၄၂ ခုနှစ် မေလတွင် ဗြိတိသျှတပ်များ အိန္ဒိယသို့ ဆုတ်ခွာသွားခဲ့သည်။ (၁-၈-၁၉၄၂)တွင် BIA ကို “ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ)” "Burma Defence Army -BDA" ဟု ပြောင်းလဲဖွဲ့စည်းကာ လွတ်လပ်ရေးအတွက်အရှိန်မြှင့်တင်ခဲ့သည်။ ဖက်ဆစ်ဂျပန်လက်အောက်မှ လွတ်မြောက်ရန် ၁၉၄၂ ခုနှစ် ဩဂုတ်လတွင် “ဖဆပလ” အဖွဲ့ချုပ်ကို လျှို့ဝှက်ဖွဲ့စည်းခဲ့သည်။ (၂၇-၃-၁၉၄၅) တွင် ဖက်ဆစ်ကို တိုက်ထုတ်ခဲ့ရာ (၁၇-၅-၁၉၄၅) တွင် ဂျပန်တို့ လက်နက်ချသည်။ “ဖဆပလ” အဖွဲ့ချုပ်အနေဖြင့် “ဖက်ဆစ်တော်လှန်ရေးဆင်နွှဲခြင်းမှာ ဂျပန်တို့အား မြန်မာနိုင်ငံမှ အပြီးတိုင်တိုက်ထုတ်ရေးနှင့် မြန်မာ့ လွတ်လပ်ရေးအတွက်ဖြစ်ပြီး မြန်မာအမျိုးသား တပ်မတော်သည် မြန်မာနိုင်ငံ လုံးဝလွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း .....” အသံလွှင့် ကြေညာခဲ့သည်။ ထိုကာလသည် မကြုံစဖူးအောင်ပင် လူထုတစ်ရပ်လုံးက ဗိုလ်ချုပ်နှင့် ဖဆပလ၏ ဦးဆောင်မှု နောက်တွင် စည်းလုံးညီညာလိုက်ပါခဲ့ကြသည်ကိုလည်း တွေ့ရသည်။
လွတ်လပ်ရေးအတွက် ပြင်ဆင်ခြင်း
(၂၇-၁-၁၉၄၇) တွင် ချုပ်ဆိုခဲ့သော “ အောင်ဆန်းအက်တလီစာချုပ်” ၏ အပိုဒ်(၁)တွင် “တိုင်းပြုပြည် ပြုလွှတ်တော်ရွေးကောက်ပွဲ ကျင်းပရန်” ဟူသည့်အချက် ပါဝင်လေသည်။ ထိုသို့ရွေးကောက်ပွဲ ကတိရရှိခြင်းမှာ လွတ်လပ်ရေးအတွက် ပထမအဆင့် အောင်မြင်မှုရရှိခြင်းဖြစ်ပြီး နိုင်ငံခြားသားမပါသော အာဏာအပြည့်အဝရရှိသည့် “အမျိုးသားယာယီအစိုးရ” ဖွဲ့စည်းခွင့်ရရှိခြင်း ဖြစ်သည်။ ရွေးကောက်ပွဲကို ၁၉၄၇ ခုနှစ် ဧပြီလတွင် ကျင်းပရာ “ ဖဆပလ” က ၉၅ ဒသမ၃ ရာခိုင်နှုန်း ရွေးကောက်ခံရသည်။ လွတ်လပ်ရေး ကြိုတင်ပြင်ဆင်သည့်ညီလာခံဟု ခေါ်ဆိုနိုင်သော “ဖဆပလ ပဏာမညီလာခံ” ကို (၁၉-၅-၁၉၄၇ မှ ၂၃-၅-၁၉၄၇ အထိ) ဂျူဗလီဟောတွင်ကျင်းပခဲ့သည်။ အဆိုပါ ညီလာခံကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းဆိုင်ရာ အဆိုပြုချက် (၁၄) ချက်ကို အတည်ပြုနိုင်ခဲ့ပြီး လွတ်လပ် ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် အရေးပါသောကော်မတီများကို ဖွဲ့စည်းနိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း က နာယကအဖြစ် ဆောင်ရွက်သည့် “နယ်ခြားဒေသများနှင့် စေ့စပ်ရေးအဖွဲ့” ကိုလည်း ဖွဲ့စည်းနိုင်ခဲ့လေသည်။
ထို့နောက် (၁၀-၆-၁၉၄၇)တွင် တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံကို ကျင်းပသည်။ ယင်းညီလာခံတွင် ဗိုလ်ချုပ်က အခြေခံဥပဒေဆိုင်ရာ လမ်းညွှန်အဆို (၇) ချက်ကိုတင်သွင်းခဲ့ရာ အားလုံးက သဘောတူသဖြင့် အခြေခံဥပဒေရေးဆွဲရေးကော်မတီကို အဖွဲ့ဝင် ၇၅ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်စေခဲ့သည်။ လွတ်လပ်ရေးအတွက် အရေးပါသော အာဏာလွှဲပြောင်းရေးစာချုပ်အတွက် ကြိုတင်ပြင်ဆင်ညှိနှိုင်းရန် ဦးနုခေါင်းဆောင်သော အဖွဲ့က (၂၃-၆-၁၉၄၇) တွင် အင်္ဂလန်သို့ သွားရောက်ညှိနှိုင်းခဲ့ပေသည်။
တာဝန်ရှိသူများက လွတ်လပ်ရေးအတွက် နေ့မအား၊ ညမနား တက်တက်ကြွကြွ ဆောင်ရွက်နေကြစဉ်မှာပင် ဗိုလ်ချုပ်တို့ လုပ်ကြံခံလိုက်ရသည်။ သို့သော် ဗိုလ်ချုပ်မျှော်မှန်းသည့် လွတ်လပ်ရေးအတွက် ကျန်ရစ်သည့် ခေါင်းဆောင်များက မဆုတ်မနစ် ဆက်လက်ဆောင်ရွက်ကြရာ (၂၉-၈-၁၉၄၇) တွင် "လက်ျာ- ဖရီးမင်းစာချုပ်" ကို လည်းကောင်း၊ (၁၇-၁၀-၁၉၄၇)တွင် "နု-အက်တလီစာချုပ်"ကိုလည်းကောင်း ချုပ်ဆိုနိုင်ခဲ့သည်။ (၁၀-၁၂-၁၉၄၇)တွင် "မြန်မာ့လွတ်လပ်ရေးဥပဒေ" (Bruma Independent Act) ကို ဗြိတိသျှပါလီမန်က ပြဋ္ဌာန်းလိုက်သည်။
လွတ်လပ်ရေးဇာတာဖွဲ့ခြင်း
လွတ်လပ်ရေး ရရှိတော့မည်ဖြစ်၍ ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချိုက ပျဉ်းမနား ဆရာဦးသန်းမောင်နှင့် ၊ တပည့်ရင်းဖြစ်သူ ဆရာမောက်တို့ကို ခေါ်၍ လွတ်လပ်ရေးအခါဇာတာတွက်ရန် တာဝန်ပေးခဲ့ကြောင်း၊ သို့သော် ဗိုလ်ချုပ်နှင့်အတူ ဒီးဒုတ်ဦးဘချိုတို့ လုပ်ကြံခံရသဖြင့် ထိုလုပ်ငန်း ခေတ္တရပ်ဆိုင်းသွားခဲ့ကြောင်း၊ ထို့နောက် "နု- အက်တလီစာချုပ် " မချုပ်မီ ဇာတာအခါ ရက်ရွေးရန် လိုအပ်သဖြင့် ပြန်ကြားရေးဝန်ကြီးအသစ် သခင်လွန်းဘော်က ဆရာဦးသန်းမောင်အား တောင်းခံခဲ့ကြောင်း၊ သို့သော် စာအသွားအလာရက်ကြာသွားပြီး ဦးနုတို့ အင်္ဂလန်သို့ ယူမသွားနိုင်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ရန်ကုန်မြို့ မဟာမြိုင်ကျောင်းတွင် ပညာရှင်များနှင့် စုပေါင်းတွက်ချက်ကြရာ ဇန်နဝါရီလ (၆) ရက်နှင့် (၈) ရက်ဟူ၍ မူကွဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊ နောက်ဆုံးတွင် ဗိုလ်လက်ျာ၏ ဗေဒင်ဆရာ ပဲခူးဦးသက်တင်အပါအဝင် ဘုန်းကြီးတစ်ပါးနှင့် လူပုဂ္ဂိုလ်နှစ်ဦး ရွေးချယ်ပေးသည့် ဇန်နဝါရီလ (၄) ရက် (တနင်္ဂနွေနေ့) နံနက် ၄နာရီ မိနစ် ၂၀ ဖြစ်သွားကြောင်း သိရပါသည်။
လွတ်လပ်ရေးအောင်ပွဲ
(၄-၁-၁၉၄၈ ) ရက်နေ့တွင် လွတ်လပ်ရေးကြေညာသည့် အခမ်းအနားကို ဝန်ကြီးများရုံးအတွင်းရှိ လွှတ်တော် အဆောက်အအုံတွင် ကျင်းပခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ယာယီသမ္မတကြီး စဝ်ရွှေသိုက်၊ ယာယီဝန်ကြီးချုပ် သခင်နုနှင့် ဝန်ကြီးများ၊ ယာယီလွှတ်တော်ဥက္ကဋ္ဌ ပျော်ဘွယ် ဦးမြ အစရှိသဖြင့် စုံလင်စွာ တက်ရောက်ခဲ့ကြသည်။ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ရန်ကုန်မြစ် ဆိပ်ကမ်း၌ ဆိုက်ကပ်ထာ သော ဘာမင်ဟမ် (HMS Birmingham) စစ်သင်္ဘောမှ အခါတော်ကြား အမြောက်များ ပစ်ဖောက်လိုက်သည်နှင့် တစ်ပြိုင်နက် လွှတ်တော်အဆောက်အအုံရှေ့ရှိ အလံတိုင်ပေါ်မှ ယူနီယံဂျက်အလံကို အောက်သို့ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ခဲ့သည်။ ထို့နောက် လွှတ်တော်ခန်းမတွင် နေရာယူကြပြီး ယာယီသမ္မတက သမ္မတရာထူးတာဝန် လက်ခံသိမ်းပိုက်ကြောင်း၊ ကြေညာခြင်း၊ အခြေခံဥပဒေ အတည်ပြုကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ပြီး လွတ်လပ်ရေးအတွက် အသက်စွန့်သွားကြသူများအား သတိရသော အနေအားဖြင့် (၂) မိနစ် ငြိမ်သက်စွာ နေခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးနုက "အောင်စေသတည်း" အစချီ လွတ်လပ်ရေး ကြေညာစာတမ်းကို ဖတ်ကြားပြီး ဧည့်ပရိသတ်များက နိုင်ငံတော်သီချင်းကို သီဆိုကြသည်။
လွတ်လပ်ရေးကြေညာသည့် အခမ်းအနားကျင်းပ ပြီးနောက် ထိုနေ့ နံနက် (၆) နာရီတွင် အလုံလမ်းရှိ အစိုးရအိမ်တော်၌ ယူနီယံဂျက်အလံကိုချပြီး မြန်မာနိုင်ငံတော် အလံတင်အခမ်းအနား ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ ဘုရင်ခံ ဆာဟူးဘက်ရန့်စ် (Sir Huburt Rance)၊ နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ အခမ်းအနားပြီးလျှင် ဘုရင်ခံနှင့် ဇနီးတို့သည် နံနက် ၈ နာရီ မိနစ် ၂၀ တွင် ဘာမင်ဟမ်သင်္ဘောဖြင့် အင်္ဂလန်သို့ ပြန်သွားကြလေသည်။ ထိုနေ့ (၄-၁-၁၉၄၈) တွင် ဗြိတိန်၊ အမေရိကန်၊ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံများရှိ မြန်မာသံရုံးများတွင်လည်း လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြလေသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာ ပိုင်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ဝင့်ထည်ထည် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
စုပေါင်းအင်အားဖြင့်
မြန်မာ့လွတ်လပ်ရေးခရီးလမ်း သမိုင်းကြောင်းကို ငဲ့စောင်းကြည့်သောအခါ လွတ်လပ်ရေးဟူသည် အကြောင်းကြောင်းကြောင့် ဆုံးရှုံးရန် လွယ်ကူနိုင်သော်လည်း ဆုံးရှုံးသွားသော လွတ်လပ်ရေးကို ပြန်လည်ရယူရန်မှာ မည်မျှခက်ခဲကြမ်းတမ်းပြီး အသက်၊ သွေး၊ ချွေးများ မည်မျှစတေးရကြောင်း အထင်အရှားတွေ့မြင်ရမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် အေဒီ ၁၀၄၄ -၁၀၇၇ ခုနှစ် အနော်ရထာမင်း လက်ထက်တွင်လည်းကောင်း၊ အေဒီ ၁၅၅၁-၁၅၈၁ ခုနှစ် ဘုရင့်နောင်မင်း လက်ထက်တွင်လည်းကောင်း၊ အေဒီ ၁၇၅၂-၁၇၆၀ ခုနှစ် အလောင်းမင်း တရားလက်ထက်တွင်လည်းကောင်း စည်းလုံးညီညွတ်သော နိုင်ငံတော်အဖြစ် ရပ်တည်နိုင်ခဲ့သော်ငြား နန်းတွင်း အရေးတော်ပုံများ ရှုပ်ထွေးပြီး စည်းလုံးညီညွတ်မှု အားနည်းသောအခါ လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
အနှစ်ချုပ်အားဖြင့် တင်ပြရပါလျှင် ကျွန်ုပ်တို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများသည် ရရှိပြီးသော လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းရင်းဖြင့် လွတ်လပ်ရေးဗိသုကာများ မျှော်မှန်းခဲ့သည့် ထာဝရငြိမ်းချမ်းသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော်က ချမှတ်ထားသည့် ၂၀၂၀ ပြည့်နှစ် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် (၅) ရပ်ကို စုပေါင်းအင်အား ဖြင့် တက်ညီလက်ညီ အကောင်အထည်ဖော် ဆောင်ရွက် ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပေသတည်း။ ။
ကိုးကား။
(၁) ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနဦးစီးဌာန၏ "၁၉၄၅-၁၉၄၈ မြန်မာ့ နိုင်ငံရေး"
(၂) ခင်လယ်လယ်ချစ် (မြန်/ဂုဏ်)၏ " မြန်မာ့လွတ်လပ်ရေးဇာတာဆောင်းပါး" (၂၉-၁၂-၂၀၁၄၊ ပြည်ထောင်စုနေ့စဉ်)
(ကြေးမုံ)