(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဂုဏ်ပြုဆောင်းပါး
 


ကျွန်းသားငမန်း

စာရေးသူမှာ ရခိုင်ပြည်နယ်စစ်တွေမြို့တွင် အခြေစိုက်နေထိုင်သူဖြစ်သည်။ ရန်ကုန်မြို့သို့မူ ကျန်းမာရေး ဆေးစစ်ခံယူရေး၊ သတင်းစာဆရာအသင်း အစည်းအဝေးများတက်ဖြစ်ရန်အတွက်သာ တစ်ခါတလေရောက်ဖြစ်တတ်သည်။ ရန်ကုန်ရောက်လျှင် စာရေးသူသည် မဟာဗန္ဓုလပန်းခြံတစ်ဝိုက်ရှိ တည်းခိုခန်းများတွင် တည်းခိုဖြစ်တတ်သည်။ အဆိုပါ နေရာမှာ ရန်ကုန်မြို့၏ အချက်အချာကျသော နေရာလည်းဖြစ်၊ တည်းခိုခန်းတွေ များပြားသည့် နေရာလည်းဖြစ်၊ အသွားအလာလွယ်ကူသည့် နေရာလည်းဖြစ်၍ တည်းဖြစ်ခြင်း ဖြစ်သည်။ မဟာဗန္ဓုလပန်းခြံအနီးတစ်ဝိုက်ဖြစ်၍ နံနက်စောစောထ၍ဖြစ်စေ၊ ညနေပိုင်းအနားယူလိုလျှင်ဖြစ်စေ ပန်းခြံသို့သွားကာ လမ်းလျှောက်ဖြစ်၊ အနားယူဖြစ်တတ်သည်။ ရန်ကုန် ရှိ လူအများမှာလည်း စာရေးသူကဲ့သို့ပင် ရောက်လာတတ်ကြသည်ဖြစ်ရာ၊ ပန်းခြံမှာ အစဉ်အမြဲလာရောက်သူများဖြင့် စည်ကားနေတတ်သည်။ စာရေးသူလို နယ်မှ ရောက်လာသည့်သူများဖြစ်ဟန်ရှိသူများကလည်း ပန်းခြံအတွင်းရှိ လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင်အား အံ့ဩငေးမောကြည့်တတ်ကြသူများကို တွေ့ရသည်။ စာရေးသူမှာလည်း ပန်းခြံအတွင်းမှ ထည်ထည်ဝါဝါ၊ မားမားမတ်မတ်ဖြင့်ရှိနေသည့် လွတ်လပ်ရေးကျောက်တိုင်ကြီးကို ကြည့်မော ဖြစ်တတ်သူများအထဲတွင် ပါသည်။ အခြားသူများ၏ စိတ်ထဲတွင် ဘယ်လိုရှိနေကြမည်ကိုတော့ စာရေးသူမသိ။ သို့ရာတွင် စာရေးသူကတော့ လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်ကြီးကို တည်ဆောက်ထားသည်မှာ သံတိုင်၊ ဘိလပ်မြေ၊ အုတ်သရိုးတို့ဖြင့် တည်ဆောက်ထားသည်ဟု မမြင်မိ။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများ၏ အသွေးအသားများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်ဟု ခံစားဖြစ်မိသည်။
အရင်းအနှီးများခဲ့သော လွတ်လပ်ရေး
၁၉၄၈ ခုနှစ်ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီမိနစ် ၂၀ အချိန်က မြန်မာတစ်နိုင်ငံလုံး၊ မြန်မာနိုင်ငံ တိုင်းရင်း သားအားလုံး ပျော်ရွှင်ခဲ့ကြပေလိမ့်မည်။ လွတ်လပ်ပြီ၊ တို့ပြည်လွတ်လပ်ပြီဟု သံပြိုင်ဟစ်ကြွေးပျော်မြူးခဲ့ကြ ပေလိမ့်မည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်ခဲ့ကြပြီ။ ထိုအချိန်က စာရေးသူတို့၏ အဘိုး၊ အဘွားတို့ ပျော်ရွှင်မှု များကို မှန်းဆကြည့်မိသည်။ ၁၈၂၄ ခုနှစ်မတ်လ ၅ ရက် နေ့မှ စတင်ခဲ့သည့် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲမှ စတင်ကာ ရခိုင်နှင့် တနင်္သာရီသားတို့သည် အင်္ဂလိပ်နယ် ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရသည်။ အင်္ဂလိပ်နယ်ချဲ့ တို့သည် ၁၈၂၄၊ ၁၈၅၂၊ ၁၈၈၅ ခုနှစ်တို့တွင် ကျူးကျော်စစ် များကို ဖန်တီးကာ ၁၈၈၅ ခုနှစ် တတိယ ကျူးကျော်စစ် အပြီးတွင် မြန်မာနိုင်ငံတစ်ခုလုံးအား သိမ်းယူသွားခဲ့ ခြင်းဖြစ်သည်။ ၁၈၂၄ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ နှစ်ပေါင်း ၁၂၄ နှစ်တိုင်အောင် အင်္ဂလိပ်တို့၏ လက်အောက်တွင် နေထိုင်ခဲ့ရသည်။ ထိုကာလများတွင် အင်္ဂလိပ်နယ်ချဲ့ လက်အောက်မှ ဖက်ဆစ်ဂျပန်များ၏ လက်အောက်သို့ လည်း သုံးနှစ်တာမျှ ကျရောက်ခဲ့ရသေးသည်။ အင်္ဂလိပ် နယ်ချဲ့တို့အား တွန်းလှန်တိုက်ခဲ့ရသည်များ၊ ဖက်ဆစ်ဂျပန် တို့အား တိုက်ခိုက်ခဲ့ရသည်များတွင် တိုင်းရင်းသားပြည်သူ များတို့၏ အသက်ပေါင်းများစွာ စတေးခဲ့ရသည်မဟုတ် လား။ ထိုသည်မှဆက်ကာ ယခု ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဆိုလျှင် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သည်မှာ ၇၂ နှစ်ရှိခဲ့ပြီ။ အဆိုပါ လွတ်လပ်ရေးကို လွယ်လွယ်နှင့် ရယူခဲ့ခြင်းမဟုတ်။ မြန်မာပြည်သူများ တစ်နည်း တိုင်းရင်းသား ပြည်သူများ၏အသက် သွေး၊ ချွေးမြောက် မြားစွာကို စတေးပြီးမှ ရယူခဲ့ရခြင်းဖြစ်သည်။ တိုင်းရင်း သားပြည်သူများ အသက်၊ သွေး၊ ချွေးများဖြင့် ရင်းနှီး တိုက်ယူခဲ့ရသော လွတ်လပ်ရေး၊ လွတ်လပ်ရေး၏ အထိမ်း အမှတ်ကျောက်စာတိုင်ကြီးသည် တိုင်းရင်းသား ပြည်သူ များ၏ အသွေးအသားများဖြင့် တည်ဆောက်ထားခြင်းဖြစ် သည်ဟု စာရေးသူ၏ ခံစားချက်မှာလွန်အံ့မထင်။
လွတ်လပ်ရေးနှင့် မျှော်လင့်ချက်များ
တိုင်းရင်းသားပြည်သူများသည် နယ်ချဲ့တို့လက် အောက်တွင် နိုင်ငံအတွက် ဆုံးရှုံးခဲ့ရမှုများ၊ ပေးဆပ်ခဲ့ရမှု များ၊ နိမ့်ကျခဲ့ရမှုများကြောင့် လွတ်လပ်ရေးရရှိခြင်းနှင့်အတူ မိမိနိုင်ငံတိုးတက်ရေး၊ တိုင်းရင်းသားလူမျိုးများ တန်းတူ ညီမျှရေးကိုလည်း တောင့်တခဲ့ကြသည်။ သို့ရာတွင် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ။ တိုင်းရင်း သားပြည်သူများ၏ မျှော်လင့်ချက်ကား မနီးစပ်သေး။ မိမိတို့ အချင်းချင်း စိတ်ဝမ်းကွဲမှု၊ အယူအဆသဘောထား ကွဲလွဲမှု၊ ကိုယ်ကျိုးစီးပွား ဦးစားပေးမှုစသည်များ ကြောင့် တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက်များ ဝေးခဲ့ရသည်။ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှသည် ၁၉၇၄ ခုနှစ်ခန့်အထိ ပြည်တွင်းစစ်မီးများ ဖြစ်ပွားခဲ့ရ သည်။ ထိုကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများလည်းဖြစ်ပေါ်လာခဲ့ရသည်။ နယ်စပ်ဒေသရှိ တိုင်းရင်းသားများနေထိုင်ရာ ပြည်နယ်များတွင် မအေးငြိမ်းသောဘဝများကို တိုင်းရင်းသားပြည်သူများ ခံစားနေကြရသည်။ နှစ်ပေါင်း ၇၀ ကျော်ကြာ လာပြီးသည့် တိုင် တန်ဖိုးကြီးမားလှသည့် လွတ်လပ်ရေး၏ အနှစ်သာရ နှင့် အသီးအပွင့်တို့ကို ခံစားရရှိနိုင်ခြင်း မရှိသေး။
ညီညွတ်မှုဖြင့် လွတ်လပ်ရေးရခဲ့
အင်္ဂလိပ်နယ်ချဲ့တို့ အုပ်ချုပ်မှုကာလတွင် ယင်းတို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ် မှု အားနည်းခဲ့ရသည်။ သို့ရာတွင် လွတ်လပ်ရေးလှုပ်ရှားမှု ကာလတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့သည်။ တိုင်းရင်းသားစည်းလုံးညီညွတ် မှုကိုအခိုင်အမာတည်ဆောက်နိုင်ခဲ့ပြီး လွတ်လပ်ရေးကို အရ ယူနိုင်ခဲ့သော်လည်း၊ လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု အားနည်းကျဆင်းသွား ရခြင်းမှာ အဘယ်ကြောင့်နည်း။ သမိုင်းသင်ခန်းစာများ ရယူရန် လိုအပ်ပေသည်။ သမိုင်းသင်ခန်းစာရယူရာတွင် အကြောင်းရင်းကို မှန်မှန်ကန်ကန် သုံးသပ်ရန် လိုအပ် သည်။ ဤသို့ သုံးသပ်ရာ၌ ဆန္ဒစွဲကင်းရန်၊ နိုင်ငံတိုးတက် လိုစိတ်ရှိရန် လိုအပ်ပေလိမ့်မည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြေညာစာတမ်းနှင့် လွတ်လပ်ရေးအဓိဋ္ဌာန်ကိုးချက်ကို မဟာဗန္ဓုလပန်းခြံ အတွင်း စိုက်ထူထားသော လွတ်လပ်ရေးကျောက်စာတိုင် တွင် ထွင်းထုထားရှိသည်။ ယင်းတို့အနက် “အမျိုးသား ညီညွတ်ရေးကို ကျောက်စိုင်၊ ကျောက်ခဲကဲ့သို့ ခိုင်မြဲအောင် ထိန်းသိမ်းမည်ဟူ၍လည်းကောင်း၊ နိုင်ငံသားဟူသရွေ့ ကြီးငယ်၊ နီး၊ ဝေးမခြား တစ်သွေးတစ်သားတည်းပြု၍ နည်း၊ များ၊ နိမ့်၊ မြင့်မရှိစေရ၊ ညီတူညီမျှပြုမည်ဟူ၍လည်း ကောင်း၊ သူတစ်ပါးကိုလည်း မတရားမပြု၊ ငါတို့အား မတရားပြုသည်ကိုလည်းမခံ၊ အသက်နှင့်လဲ၍ ကာကွယ် မည်ဟူ၍လည်းကောင်း” အဓိဋ္ဌာန်ရေးထိုးထားသည်ကိုတွေ့ရသည်။ သို့ရာတွင် တိုင်းရင်းသားပြည်သူများ၏ စိတ်ထဲတွင်မူ နိုင်ငံသားဟူသရွေ့ ကြီးငယ်၊ နီး၊ ဝေးမခြား တစ်သွေးတစ်သားတည်းပြု၍ နည်း၊ များ၊ နိမ့်၊ မြင့်မရှိစေ ရ၊ ညီတူညီမျှပြုမည်ဟူသည့် အခွင့်အရေးကို ခံစားခွင့်ရရှိ ခြင်း မရှိသေးဟု ခံစားနေကြသေးသည်။ ထိုကြောင့်ပင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံတွင် တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးကို ရှေ့တန်းတင် ဆွေးနွေးမှုများ ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။
တစ်ပြေးညီ ဖွံ့ဖြိုးရေး
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ နိုင်ငံတွင်း ရှိ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုသည်လည်း အခြေခံ လိုအပ်ချက်ဖြစ်သည်။ နိုင်ငံတကာ ဖိအားအမျိုးမျိုးနှင့် တွေ့ဆုံနေရသည့် ယခုလိုအချိန်အခါတွင် ပြည်သူတစ်ရပ် လုံး သွေးစည်းညီညွတ်မှုရှိကြရန် လိုသည်။ အရေးကြီးပြီ၊ သွေးစည်းကြစို့ဆိုရာတွင် တိုင်းရင်းသားတို့ စည်းလုံး ညီညွတ်ရေးမှာ အရေးကြီးသည်။
ကမ္ဘာတည်သရွေ့၊ အဓွန့်ရှည်ကြာ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ် မာန်အောင်ကျွန်းတွင် ၂၄ နာရီမီးလင်းရေး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲ အခမ်းအနားတွင် တိုင်းရင်းသားပြည်သူများ၏ ခံစားချက် ကို ထင်ဟပ်နေသည့် သုံးသပ်ချက်ကို ထည့်သွင်းပြောကြား ခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားရာ တွင် “အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့တစ်ပြိုင်နက် တည်းမှာပဲ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုမရှိ တော့ ကျေနပ်မှုမရှိဘူး။ ကျေနပ်မှုမရှိတော့ ဒေါသတွေက ပွားတယ်။ ဒေါသတွေပွားတော့ လက်နက်ကိုင် တိုက်ခိုက်ရေးကို တွန်းပို့တယ်။ မငြိမ်းချမ်းတော့ ဖွံ့ဖြိုးတိုး တက်မှုမရှိဘူးဆိုတဲ့ အဆိုးကျော့သံသရာက ဖောက်ထွက် နိုင်ဖို့ ကျွန်မတို့ ကြိုးစားနေရတာဖြစ်ပါတယ်” ဟု ပြော ကြားခဲ့ခြင်းမှာ နိုင်ငံခေါင်းဆောင်တစ်ဦး၏ ရိုးရှင်းဖြူစင် သော စိတ်နေသဘောထားကို ထင်ဟပ်နေခြင်းပင်ဖြစ် သည်။
လွတ်လပ်ရေးရခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော် ၇၂ နှစ်ရှိခဲ့ပြီ။ တိုင်းရင်းသားပြည်သူအားလုံး လိုလားသည့် ဒီမိုကရေစီနိုင်ငံတော်သို့ လျှောက်လှမ်းလာခဲ့သည်မှာ လည်း ၉ နှစ်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ အပြောင်းအလဲ ၉ နှစ်တာကာလအတွင်း စိန်ခေါ်မှု မြောက်မြားစွာကို ရင်ဆိုင်ခဲ့ရသလို၊ လက်ရှိလည်း ရင်ဆိုင် ဖြေရှင်းနေရဆဲရှိသည်။ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်း ရေးနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား ရင်ကြားစေ့ရေးဖြစ်သည်။
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းဖြင့် ငြိမ်းချမ်းသာယာဝပြော သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ် လာရေးအတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အတွေးသစ်၊ အမြင်သစ်၊ အယူအဆအသစ်များကို ဖြစ်ပေါ်နေသည်။ ခေတ်နှင့်လျော်ညီစွာ လက်ခံကျင့်သုံး သွားကြရန်လိုသည်။ တိုင်းရင်းသားပြည်သူများ၏ အသက်၊ သွေး၊ ချွေးများစွာဖြင့် ရယူခဲ့သည့်၊ တည်ဆောက်ခဲ့သည့် လွတ်လပ်ရေးကျောက်တိုင်ကြီး ကမ္ဘာရှည်သရွေ့၊ အဓွန့်ရှည်ကြာတည်တံ့ရေးအတွက် ဖြူစင်သောစိတ်ထား၊ ကောင်းမြတ်သော နှလုံးသားဖြင့် ဆောင်ကြဉ်းနိုင်ကြလိမ့် မည်ဟု ယုံကြည်မိပါသည်။ ။

မြန်မာ့အလင်း