၃ ဇန်နဝါရီ
နိုင်ငံတစ်နိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံဟုတ်၊ မဟုတ် အကဲဖြတ်သည့် အခါတွင် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေး အာ ဏာတည်းဟူသော အချုပ်အခြာအာဏာ သုံးရပ်ကို ထိုနိုင်ငံက ၎င်းတို့ဘာသာကျင့်သုံး နိုင်သောနိုင်ငံဖြစ်၊ မဖြစ်ကို ကြည့်ရှုကြသည်။ ထိုသို့ကြည့်ရှုရာတွင် အချုပ်အခြာအာဏာ ပိုင်နိုင်ငံမှန်သော်လည်း စစ်မှန်သော လွတ်လပ်သည့် နိုင်ငံဖြစ်၊ မဖြစ်ကိုလည်း ကြည့်ရှု အကဲဖြတ်ဖို့လည်း လိုမည်ဖြစ်သည်။
စစ်မှန်သော လွတ်လပ်သည့် နိုင်ငံအဖြစ် ဆန်းစစ်ရာတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး တည်းဟူသော အာဏာသုံးရပ်ကို ထိုနိုင်ငံသားများ၏ ဆန္ဒဖြင့် အတည်ပြုပြဋ္ဌာန်းထားသော ဥပဒေနှင့် အညီ ကျင့်သုံး နိုင်ခြင်းရှိ၊ မရှိဖြင့်လည်း အကဲဖြတ်ရမည် ဖြစ်သည်။ ထိုကဲ့သို့သော အာဏာသုံး ရပ်မျိုးကို ကျင့်သုံးနိုင်မှသာလျှင် ထိုနိုင်ငံကိုစစ်မှန်သော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံဟု ဆိုထိုက်သည်။
လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံတွင် ပြည်သူများ လွတ်လပ်စွာနေ ထိုင်လုပ်ကိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် မရှိပြန်လျှင်လည်း လွတ်လပ်ခွင့်မရှိသော အာဏာရှင်နိုင်ငံဟု ဆိုနိုင်ပေလိမ့်မည်။ စစ်မှန်သော လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင်နိုင်ငံ ဆိုသည်မှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများကို အခြေပြုကာ လူသတ္တဝါခပ်သိမ်းတို့၏ ငြိမ်းချမ်းသာယာရေးကို ခိုင်မြဲတည်တံ့အောင် ထိန်းသိမ်းထားသောနိုင်ငံကို ဆိုလိုသည်။
ထိုဆိုလိုချက်ကို မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ရေးဆွဲခဲ့သော ၁၉၄၇ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏နိဒါန်း မြန်မာနိုင်ငံ၏ လွတ်လပ်ရေး သန္နိဋ္ဌာန်၌ ပါရှိသည်။ လွတ်လပ်ရေးမရမီကာလက မြန်မာနိုင်ငံ သည် လွတ်လပ်ခြင်း၊ မျှတခြင်း၊ ညီမျှခြင်းတို့အပေါ်၌ တည်ဆောက်သည့် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်လာရေးကို သန္နိဋ္ဌာန်ပြုခဲ့သည်။ ပြည်ထောင်စုသားတိုင်းသည် ထိုလွတ်လပ်သော အခွင့်အရေးများကို ရရှိခံစားခွင့်ရှိသည်။
တိုင်းတစ်ပါး အုပ်ချုပ်မှုအောက်တွင် ထိုအခွင့်အရေးမျိုးမရနိုင်။ သက်ဦးဆံပိုင် ဘုရင်စနစ်၊ အာဏာရှင် စနစ်တို့တွင် လွတ်လပ်သည် ဆိုသော်လည်း မျှတသည့် အခွင့်အရေးများ မရနိုင်ချေ။ ခေတ်စနစ်တို့ ပြောင်းလဲလာခဲ့သည်။ လူချင်းတူသော်လည်း ခွဲခြားဆက်ဆံမှု မျိုးကို လက်မခံတော့ ချေ။ မျက် မှောက် ကာလတွင် အချို့နိုင်ငံများ၌ ဘုရင်၊ ဘုရင်မ ရှိသော်လည်း သက်ဦးဆံပိုင်ဘုရင်စနစ် မဟုတ်တော့ပြီ။ အမှန်တကယ် အချုပ်အခြာ အာဏာသည် ပြည်သူက ရွေးချယ်သော လွှတ်တော်မှတစ်ဆင့် ဖွဲ့စည်းထားသော မဏ္ဍိုင်သုံးရပ်တွင် အသက် ဝင်သည်။ ယင်းသည်သာ စစ်မှန်သော လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင်နိုင်ငံ ဖြစ်သည်။
ယနေ့ကာလတွင် လွတ်လပ်သည့် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ် ဖြင့် ပြည်သူကရွေးချယ်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာတို့ မှန်မှန်ကန်ကန် လည်ပတ်နေသည်။ ထိုအာဏာသုံးရပ်သည် ပြည်သူများအတွက် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ မျှတခြင်းတို့ကို ဖော်ဆောင်ပေးနေသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပထမ အကြိမ် အထွေထွေ ရွေးကောက်ပွဲကျင်း ပပြီး လွတ်လပ်ရေး၏သန္နိဋ္ဌာန်ကို ဖော်ဆောင်ခဲ့သည်။ ယခုလည်း လွတ်လပ်ရေး၏ သန္နိဋ္ဌာန်ကို ဆက်လက်ဖော်ဆောင်လျက်ရှိသည်။
သို့ဖြစ်ရာ လောကပါလတရားနှင့်အညီ ဖြစ်တည်နေသော စစ်မှန်စွာ ရရှိထားသည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို လွတ်လပ်သော နိုင်ငံသူ နိုင်ငံသားများ၏ စည်းလုံးညီညွတ်မှုအားဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြခြင်းဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ အမြဲထာဝရ တည်တံ့ခိုင်မြဲပြီး လွတ်လပ်ပြီး အေးချမ်းသာယာဝပြောသည့် လူ့ဘောင် လောကကြီး ဖြစ်ထွန်းတည်ရှိနေမည် ဖြစ်ပါကြောင်း။ ။
(ကြေးမုံ)