၂၄ ဒီဇင်ဘာ
{ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဂုဏ်ပြုဆောင်းပါး }
လွတ်လပ်ရေးသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၊ လူတစ်စု၊ လူတစ်ဦးအတွက် တန်ဖိုးရှိသော လူ့ဘဝ အနှစ်သာရတစ်ခုပင်ဖြစ်ပါသည်။ လွတ်လပ်ရေး၏ အဓိပ္ပာယ်မှာ အခြားသူများ၏ ထိန်းချုပ်မှု၊ လွှမ်းမိုးမှုမှ ကင်းလွတ်ခြင်းဟု ဆိုပါသည်။ အနှောင်အဖွဲ့မှ ကင်းလွတ်ခြင်း၊ ကိုယ်ပိုင်ရပ်တည်ခွင့်ရရှိခြင်း၊ ကိုယ်စိတ်နှစ်ပါး လွတ်လပ်ခြင်း စသည့်အသွင်လက္ခဏာများ ပါဝင်နေပါ သည်။ အခြားတစ်ဖက်တွင်မူ သူတစ်ပါး၏ ဖိနှိပ်ခံရမှု၊ အုပ်ချုပ်ခံရမှု၊ လွှမ်းမိုးခံရမှု၊ အနှောင်အဖွဲ့ခံရမှု၊ လွတ်လပ်ခွင့်များဆုံးရှုံးမှုသည် လွတ်လပ်ရေးဆုံးရှုံးမှုပင် ဖြစ်သည်။
နယ်ချဲ့မွေနှင့် သင်ခန်းစာများ
မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် နေထိုင်ခဲ့ကြသော မြန်မာတို့ကို နယ်ချဲ့တို့က ကျူးကျော်စစ် သုံးကြိမ် ကျူးကျော်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြသည်။ ၁၈၂၃ မှ ၁၈၂၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အင်္ဂလိပ်တို့၏ ပထမကျူးကျော်စစ်တွင် ရခိုင်ဒေသများနှင့် တနင်္သာရီ ဒေသများကို ပေးအပ်ခဲ့ရသည်။ ၁၈၅၂ မှ ၁၈၅၃ ခုနှစ်အတွင်း ဒုတိယကျူးကျော်စစ်တွင် စစ်လျော်ကြေးငွေ တစ်ကုဋေနှင့် အောက်မြန်မာ နိုင်ငံကို ပေးအပ်ခဲ့ရသည်။
၁၈၈၅ မှ ၁၈၈၆ ခုနှစ် နောက်ဆုံးဖြစ်ပွားခဲ့သော တတိယကျူးကျော်စစ်တွင်မူ နယ်ချဲ့တို့သည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို သိမ်းပိုက်ရုံသာမက မြန်မာတို့၏ ဘုရင်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။ မြန်မာတို့၏ အချုပ်အခြာအာဏာဆုံးရှုံးမှု၊ နယ်မြေသိမ်းပိုက်ခံရမှုနှင့်အတူ အကျိုးဆက်မှာ မြန်မာတစ်မျိုးသားလုံး သူ့ကျွန်ဘ၀ ကျရောက်ခဲ့ရသည်။ မြန်မာတစ်မျိုးသားလုံး၏ အချုပ်အခြာအာဏာဆုံးရှုံးမှု တစ်နည်းအားဖြင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်။ သူ့ကျွန်ဘ၀တွင် နယ်ချဲ့တို့သည် ငွေကိုယူသည်၊ ပစ္စည်းကို ယူသည်။ လူကို ယူသည်။ ထို့အပြင် မြန်မာ့အနာဂတ်ကို စနစ်တကျ ဖျက်ဆီးခဲ့ကြသည်။ နယ်ချဲ့တို့၏ ယင်းဆိုးမွေတို့သည် လွတ်လပ်ရေးရရှိပြီး နှစ်ပေါင်း(၇၀) ကျော်သည့် ယနေ့တိုင် အဆုံးမသတ်နိုင်သေးချေ။
မြန်မာ့လွတ်လပ်ရေးဆုံးရှုံးရသည့် အရင်းခံ အကြောင်းရင်းများတွင် ယနေ့ကဲ့သို့သော ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကာလအတွက်လည်း သင်ခန်းစာများရှိနေပါသည်။ ယခင်ကာလများကဲ့သို့ နယ်မြေတိုက်ခိုက် သိမ်းပိုက်မှုများမရှိသော်လည်း နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာအပေါ် လွှမ်းမိုးမှု၊ စီးပွားရေးအရ ချုပ်ကိုင်မှု၊ အကျပ်ကိုင်မှုများ ရှိနေဆဲဖြစ်သည်။ ထို့အတူ ဆုံးရှုံးခဲ့ရသော လွတ်လပ်ရေးပြန်လည်ရရှိရေး ကြိုးပမ်းမှုများတွင်လည်း အသွင်ကူးပြောင်းဆဲ မြန်မာနိုင်ငံအတွက် အတုယူစရာများ ရှိနေပါသည်။ လွတ်လပ်ရေးဆုံးရှုံးရမှု၊ လွတ်လပ်ရေးပြန်လည်ရရှိရေး ကြိုးပမ်းမှုသမိုင်းတို့သည် နိုင်ငံပြန်လည် တည်ဆောက်ရေးကာလ အကျပ်အတည်းများ ရင်ဆိုင်ဖြေရှင်းရာတွင် အတုယူရမည့်သင်ခန်းစာများကို တွေ့မြင်ရပါသည်။
ဂလိုဘယ်လိုက်ဇေးရှင်း
နည်းပညာများ ပြောင်းလဲတိုးတက်မှုနှင့် ကမ္ဘာကြီးသည် နယ်မြေကန့်သတ်ချက်၊ အချိန်ကန့်သတ်ချက် စည်းဘောင်များ ကျော်လွန်လာနေပါသည်။ ထိုဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ကမ္ဘာ့နိုင်ငံများအကြား နီးစပ်ဆက်နွယ်လာသည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမျိုးရေး၊ ယဉ်ကျေးမှုတို့သည် အင်အားကြီး နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ဟန်ချက်မညီမျှမှုများ ဖြစ်ပေါ် နေသည်ကို အထင်အရှား မြင်တွေ့နေရ ပါသည်။
သို့ဖြစ်သည့်အတွက် ကမ္ဘာ့နိုင်ငံရေးတွင် ဝိသေသ လက္ခဏာနိုင်ငံရေးဆိုသည့် မိမိနိုင်ငံ ခိုင်မာစွာရပ်တည်ရေး အတွက် ကြိုးပမ်းလာသည်ကိုလည်း သတိပြုကြရပါလိမ့်မည်။ အင်အားကြီးနိုင်ငံများ၏ နိုင်ငံရေးအယူအဆများ လွှမ်းမိုးလာမှု၊ စီးပွားရေးအရ လွှမ်းမိုးလာမှုအပါအဝင် ကဏ္ဍအရပ်ရပ်တွင် လွှမ်းမိုးလာမှုများသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ သို့မဟုတ် ရုန်းကန်နေရဆဲနိုင်ငံများအပါအဝင် နိုင်ငံတိုင်းလိုလိုအတွက် တွန်းအားများဖြစ်စေသကဲ့သို့ ဆွဲအားများကိုလည်း ဖြစ်စေနိုင်ပါသည်။
ထိုသို့သော အခြေအနေတွင် မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေးအင်အားနည်းနိုင်ငံ ဖြစ်နေသေးခြင်း၊ အသွင်ကူးပြောင်းဆဲကာလဖြစ်ခြင်း၊ ပြည်တွင်း၌ နက်ရှိုင်းသည့် ပဋိပက္ခများဖြေရှင်းနေဆဲကာလဖြစ်ခြင်း စသည့် နိုင်ငံ၏လိုအပ်ချက်များ ပြန်လည်တည်ဆောက်နေရချိန်တွင် ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးအရလွှမ်းမိုးခံရမှု၊ ဂယက်ရိုက်ခတ်ခံရမှုကို ခံနိုင်ရည်ရှိရန် လိုအပ်မည်ဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်တွင်းအင်အား ခိုင်မာစွာတည်ဆောက်ရေးမှာ အဓိကလိုအပ်ချက် တစ်ရပ်ဟု ဆိုရပါလိမ့်မည်။
ပြည်တွင်းအား
နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးထိန်းသိမ်းရန်အတွက် အဓိကလိုအပ်ချက်တစ်ရပ်မှာ ပြည်တွင်းအင်အား ဖြစ်ပါသည်။ နိုင်ငံအတွင်း စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်များနှင့် တိုက်ရိုက်ဆက်စပ် ပတ်သက်နေပါသည်။ မြန်မာနိုင်ငံ အကျပ်အတည်းဖြစ်ပွားသည့် အချိန်တိုင်းကို သုံးသပ်ကြည့်ပါက ပြည်တွင်းအား လျော့နည်းနေသည်ကို တွေ့ရှိရပါသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် နိုင်ငံပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး။ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့်အချိန်တွင် နိုင်ငံရေး အင်အားပြိုကွဲမှု၊ စီးပွားရေးအင်အားပြိုကွဲမှု။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြိုကွဲမှုတို့သည် နိုင်ငံ၏ ခေတ်တစ်ခေတ်ကို အပြောင်းအလဲဖြစ်စေခဲ့ ပါသည်။ နယ်ချဲ့စနစ်၏ ဆိုးမွေများဟုဆိုနိုင်သော်လည်း မြန်မာနိုင်ငံနည်းတူ နယ်ချဲ့လက်အောက်ကျရောက်ခဲ့ ရသော အိန္ဒိယနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုနှင့် နှိုင်းချိန်ပါက မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှု ပိုမိုများပြားသည်မှာ မြန်မာ့ပြည်တွင်းရေးကို ပြန်လည်သုံးသပ်သင့်သည့် အချက်တစ်ချက်ဟု ဆိုချင်ပါသည်။
ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည်မှာ လက်ရှိမြန်မာ့နိုင်ငံရေး အရှိတရားတစ်ရပ်ဟု ဆိုရပါမည်။ ပြည်တွင်းအင်အား ခိုင်မာတောင့်တင်းနေမှသာ လွတ်လပ်ရေး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အတွက်သာမက နိုင်ငံတစ်ဝန်း ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်ပါလိမ့်မည်။ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တို့သည် လွတ်လပ်ရေး ထိန်းသိမ်းရန်အတွက် အပြန်အလှန် အမှီသဟဲပြုနေသည်။ အကျိုးပြုနေသည့်ကဏ္ဍများ ဖြစ်ပါသည်။ နိုင်ငံရေးစနစ် မတည်ငြိမ်ပါက စီးပွားရေးတိုးတက်မှု မရရှိနိုင်သကဲ့သို့ စီးပွားရေးကျဆင်းမှုသည်လည်း နိုင်ငံရေးစနစ်ကို ထိခိုက်စေနိုင်ပါသည်။ အထူးသဖြင့် အသွင်ကူးပြောင်းဆဲ စပ်ကူးမပ်ကူးကာလ အချင်းချင်း စိတ်ဝမ်းကွဲမှုများပြားသည့် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံအတွက် ပို၍ပင်အရေးကြီးလှပါသည်။ မိမိတို့နိုင်ငံနှင့် ကိုက်ညီသော၊ မှန်ကန်သော နိုင်ငံရေးစနစ်များနှင့် အုပ်ချုပ်ရေးစနစ်များသည် နိုင်ငံ၏ ပြည်တွင်းအင်အားကို လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်မှုကိုလည်းကောင်း တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
ကိုယ်စီတာဝန်နှင့် ရပိုင်ခွင့်
လွတ်လပ်ရေးဆိုသည်မှာ မှီတင်းနေထိုင်ကြသော နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ပါသည်။ လွတ်လပ်ရေးသည် နိုင်ငံတော် အချုပ်အခြာအာဏာပိုင်ဆိုင်ခြင်းထက် ပိုမိုပါသည်။ နိုင်ငံသားအားလုံးက တစ်ဦးချင်း ရပိုင်ခွင့်၊ အများနှင့်ဆိုင်သော ရပိုင်ခွင့်များရရှိရေးအပြင် နိုင်ငံသားများလိုက်နာရမည့် ဥပဒေများ၊ ကျင့်ဝတ်များ လိုက်နာခြင်းများလည်း ပါဝင်ပါသည်။ လွတ်လပ်ရေး၏ အနှစ်သာရကို မြန်မာ့လွတ်လပ်ရေးကြေညာစာတမ်း တွင်လည်းကောင်း၊ လွတ်လပ်ရေးအဓိဋ္ဌာန်တွင်လည်းကောင်း အောက်ပါအတိုင်းတွေ့ရပါသည် -
လွတ်လပ်ရေးကြေညာစာတမ်းအပိုဒ်(၅)တွင် ငါတို့ နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်။ မည်သူတဦးတယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိကအပိုင်ပစ္စည်းမဟုတ်၊ မည်သူ တဦးတယောက်တဖွဲ့တသင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလက ၎င်း၊ ယခုမျက်မှောက်တွင်၎င်း၊ နောင်လာလတံ့သေး အနာဂတ်ကာလ၌၎င်း၊ ငါတို့ပြည်ထောင်စုကြီးအတွင်း ၌ မှီတင်းနေထိုင်ကြသော ကြီးငယ် ဝေးနီးကျား/မ မ သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့ ဒို့၏ အမွေအနှစ်အပိုင် ပစ္စည်း အကျိုးခံစားရရာဖြစ်သည်ဟူသော လူ့ဘာသာ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလလူတို့၏ စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအဝှမ်း၏ အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတတင်မြှောက်ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိသန့်ရှင်းဖြူစင်သော မူလလူ့ဝါဒ နှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ်တူညီသော တရားတူညီသော အခွင့်အရေး တူညီသော အဆင့်အတန်းအားဖြင့် ကမ္ဘာအရှည်တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော မြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ ဟု ဖော်ပြထားပါသည်။ ။
လွတ်လပ်ရေးအဓိဌာန် (၉)ချက် အပိုဒ်(၂)တွင် ငါတို့သည် ဤနေ့ ဤအချိန်မှစ၍။ ငါတို့၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည်စောင့်ထိန်းမည်ဟု လည်းကောင်း၊ အပိုဒ် (၃) တွင် ငါတို့သည် ဤနေ့ ဤအချိန်မှစ၍။ လွတ်လပ်သော နိုင်ငံသားတို့၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့် နည်းတူ လွတ်လပ်သော နိုင်ငံသားတို့၏ တာဝန်ဝတ္တရားများကိုလည်း မတိမ်းမင့် ထမ်းဆောင်ပါမည်ဟု လည်းကောင်း ဖော်ပြထားပါသည်။ ။
ဤအချက်များသည် သိရှိရန်သက်သက်၊ ရည်ညွှန်း ရန်သက်သက် မဟုတ်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသားမည်သူမဆိုကိုယ်စီကိုယ်စီက လိုက်နာကြရန်ဖြစ်သည်။ ထိုလွတ်လပ်ရေးအနှစ်သာရများ နိုင်ငံအဝန်း အကျိုးသက်ရောက်စေရန်နှင့် ရေရှည်တည်တံ့စေရန်အတွက် မှန်ကန်သော အကောင်အထည်ဖော်မှု လိုအပ်မည် ဖြစ်ပါသည်။ မှန်ကန်သော အကောင်အထည် ဖော်မှုအောက်တွင် အစိုးရတွင်လည်း အစိုးရတာဝန်ရှိသကဲ့သို့ ပြည်သူတွင်လည်း ပြည်သူ့တာဝန်ရှိကြပါသည်။ ကိုယ်စီတာဝန်ကျေမှသာ လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်မည် ဖြစ်သကဲ့သို့ လွတ်လပ်ရေး၏ အနှစ်သာရကို အားလုံးခံစားရရှိနိုင်ပါလိမ့်မည်။
အသိတရား၊ သတိတရားနှင့်အညီ
မြန်မာ့အသွင်ကူးပြောင်းရေး ၉ နှစ်တာခရီးတွင် ပြည်တွင်းစိန်ခေါ်မှုများ၊ ပြည်ပစိန်ခေါ်မှုများရှိနေဆဲ။ ရင်ဆိုင်နေရဆဲ၊ ဖြေရှင်းနေရဆဲဆိုသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ထိုအကျပ်အတည်းစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရေးသည် နိုင်ငံသားအားလုံး၏ ဘုံအကျိုးစီးပွား သို့မဟုတ် အမျိုးသား အကျိုးစီးပွားပင် မဟုတ် ပါလား။ ဘုံအကျိုးစီးပွားနှင့် အတ္တအကျိုးစီးပွား ယှဉ်လာပါက မည်သည်ကို ဦးစားပေးကြမည်နည်း။ အသိနှင့် သတိ လိုအပ်ပါလိမ့်မည်။ အသိနှင့်သတိ ကင်းကွာနေသမျှ အရှိတရားကို လည်းကောင်း၊ အမှန်တရားကို လည်းကောင်း မျက်ကွယ်ပြုနေဦးမည်ဖြစ်သည်။ ထိုသို့ဆိုပါက ယနေ့ ရရှိထားသော လွတ်လပ်ရေး၏ အနှစ်သာရ၊ လွတ်လပ်ရေးအဓိပ္ပာယ်တို့ ဆိတ်သုဉ်းနေမည်မှာ သေချာပါသည်။
လွန်ခဲ့သောနှစ်ပေါင်း ၇၀ ကျော်က လွတ်လပ်ရေးကို အသက်နှင့်ခန္ဓာ ရင်းနှီးရယူခဲ့ပေးကြသော လွတ်လပ်ရေး ဖခင်ကြီးများ၊ မျိုးချစ်ပုဂ္ဂိုလ်ကြီးများ အသက်ရှိနေဆဲ ဆိုပါက ယနေ့ကာလအခြေအနေကို မည်သို့ ဆိုကြမည်နည်း။ နှစ်ပေါင်းများစွာ ပဋိပက္ခနက်ရှိုင်းစွာ တည်ရှိနေသော နိုင်ငံအား ပြန်လည်တည်ဆောက်ရာတွင် အခက်အခဲနှင့် စိန်ခေါ်မှုများစွာ ရှိနေတတ်သည်ဆိုသည်မှာ မြန်မာနိုင်ငံတွင်သာမက အသွင်ကူးပြောင်းကြသည့် ကမ္ဘာ့နိုင်ငံများတွင်လည်း တွေ့ကြုံလေ့ရှိသည့် ဖြစ်စဉ်များ ဖြစ်ပါသည်။ သို့သော်လည်း မခက်ခဲသင့်သည်ကို ခက်ခဲနေခြင်း၊ လွယ်ကူသင့်သည်ကို ခက်ခဲနေခြင်းများသည် နိုင်ငံအသွင်ကူးပြောင်းရေးခရီးလမ်းအတွက် အရင်းအနှီး ကြီးမားနိုင်မည်ဖြစ်ပြီး နှောင့်နှေးမှုများကိုလည်း ဖြစ်စေနိုင်သည်ကို သတိပြုကြပါလိမ့်မည်။ အထူးသဖြင့် လွတ်လပ်ရေး၏ အနှစ်သာရများကို ထိခိုက်လာမည်ဆိုပါက ပို၍အန္တရာယ်ကြီးမားသည်ဟု ဆိုချင် ပါသည်။
သို့ဖြစ်ရာ နိုင်ငံတစ်ဝန်း လွတ်လပ်ရေး၏ အနှစ်သာရများ ခံစားရရှိစေရန်နှင့် လွတ်လပ်ရေးအား ရေရှည်တည်တံ့ စေရန်အတွက် ကိုယ်စီကိုယ်စီက ပညာနှင့်ယှဉ်သောအသိ၊ ဉာဏ်နှင့်ယှဉ်သောသတိများဖြင့် လိုက်နာ ဆောင်ရွက်ကြမည်ဆိုပါက ကောင်းမွန်သော အနာဂတ် ကိ လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင်နိုင်မည်ဟု ယုံကြည်မိပါသည်။ ။
သိန်းထွန်း (IR)