ကောင်းစံရှီ
မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စု ၁၃၀ ကျော်တို့ အေးအတူပူအမျှ နေထိုင်လျက်ရှိကြသည်။ ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာနိုင်ငံကို စစ်ပွဲသုံးကြိမ်ဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် လက်ရှိပြည်ထောင်စု နိုင်ငံတော်၏ နယ်မြေအဝန်းအဝိုင်းအားလုံးကို တစ်လက်မမျှမချန် ရယူသိမ်းပိုက် အုပ်ချုပ်သွားခဲ့ခြင်းဖြစ်သည်။ ဆိုရလျှင် ဗြိတိသျှနယ်ချဲ့သမားများသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်သည့် တိုင်းရင်းသား လူမျိုးများ အားလုံးအပေါ် ကျွန်ပြုအုပ်ချုပ်သွားခဲ့ခြင်း ဖြစ်သည်။
နယ်ချဲ့သမားများ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရ သည့် ဌာနေတိုင်းရင်းသားများသည် သူ့ကျွန်မခံ လိုသည့်စိတ်ဖြင့် တွန်းလှန်တိုက်ခိုက်မှုများ ရှိခဲ့သည်။ ထိုတိုက်ပွဲများကား တိုင်းရင်းသားပြည်သူများ၏ သူ့ကျွန်မခံလိုသော မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်ဖြင့် တွန်းလှန်ခဲ့ကြခြင်းဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးအတွက် အရေးဆို တိုက်ပွဲဝင်လာကြသည့် ကာလတစ်လျှောက်လုံး မြန်မာပြည်သူများ၏စိတ်တွင် တူညီသော မျိုးချစ်စိတ်ဓာတ်ကို တွေ့မြင်ခဲ့ကြရသည်။ တိုင်းရင်းသားပြည်သူများအားလုံး မြန်မာနိုင်ငံသူ၊ နိုင်ငံသားများဖြစ်သည်ဟူသော အတွေးအမြင် ခံယူချက်များဖြင့် တစ်စိတ်တည်း၊ တစ်ဝမ်းတည်း ရှိခဲ့ကြကာ စုစည်းညီညွတ်စွာဖြင့် တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်။
စည်းလုံးညီညွတ်မှု ပျက်ပြယ်မသွား
ကိုလိုနီနယ်ချဲ့လက်အောက်တွင် အမျိုး၊ ဘာသာ၊ သာသနာ မှေးမှိန်အောင် အမျိုးသားရေး စိတ်ဓာတ်ကို ဖျက်ဆီးခဲ့ကြသည်။ အမျိုးသားရေး စိတ်ဓာတ်ကို ချိုးနှိမ်ပြီး သွေးခွဲအုပ်ချုပ်သည့်စနစ်ဖြင့် တောင်တန်းနှင့်ပြည်မ ဟူ၍ ခွဲခြားဆက်ဆံခြင်းဖြင့် မြန်မာနိုင်ငံသားများ၏ မျိုးချစ်စိတ်ကိုလည်း ဖျက်ဆီးခဲ့သည်။ မျိုးချစ်စိတ်ကို အခြေခံသော နိုင်ငံချစ်စိတ်ကိုလည်း ပပျောက်သွားအောင် လုပ်ဆောင်ခဲ့သည်။ နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှု ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု အားနည်းခဲ့ရသည်။ သို့ရာတွင် မြန်မာပြည်သူတို့၏ စည်းလုံး ညီညွတ်မှုကား ပျက်ပြယ်မသွားခဲ့။ တစ်နိုင်ငံလုံး ကိုယ့်ပြည်ဖြစ်သည်၊ ကိုယ့်မြေဖြစ်သည်၊ ဤမြေ ဤရေတွင် နေထိုင်သူများအားလုံး သွေးချင်းသားချင်းများပင်ဖြစ်သည်ဟူသည့် ခံယူချက်များ ခိုင်မာခဲ့သည်။
လွတ်လပ်ရေး တောင်းဆိုတိုက်ပွဲဝင်သည့် ကာလတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရယူတည်ဆောက်နိုင်ခဲ့သည်။ တောင်ပေါ်၊ မြေပြန့်မကျန် တစ်နိုင်ငံလုံးနေ ပြည်သူများ၏ မျိုးချစ်စိတ်ဓာတ်အင်အားဖြင့် မြန်မာ့လွတ်လပ်ရေးကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့ကြရာတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူ၍ ခွဲခြားခဲ့ခြင်းမရှိကြ။ မိမိတို့သည် မြန်မာနိုင်ငံသားများဖြစ်သည်ဟူသည့် နိုင်ငံချစ်စိတ်ဖြင့် စုစည်းညီညွတ်စွာ ပါဝင်တိုက်ပွဲ ဝင်ခဲ့ကြခြင်းဖြင့် (၇၆) နှစ်ပြည့်ခဲ့ပြီဖြစ်သော မြန်မာ့ လွတ်လပ်ရေးကာလကိုရောက်ခဲ့ပြီ။ ဤလွတ်လပ် ရေးကို လွယ်လွယ်နှင့် ရယူခဲ့ခြင်းကားမဟုတ်။ နိုင်ငံကိုချစ်သော၊ တိုင်းပြည်နှင့်လူမျိုးကိုချစ်သော မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူများ၏ နိုင်ငံ ချစ်စိတ်ဖြင့် အသက်၊ သွေး၊ ချွေး မြောက်မြားစွာကို စတေးပြီးမှ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
သင်ခန်းစာရယူ
ယခုအခါ လွတ်လပ်ရေးရခဲ့သည်မှာ နှစ်ပေါင်း (၇၆)နှစ် ရောက်လာခဲ့ပြီ။ ပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေးကောင်စီ တပ်မတော်အစိုးရခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရခေတ်၊ နိုင်ငံ တော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ တပ်မတော်အစိုးရခေတ် စသည်များကို ဖြတ်သန်းခဲ့ဖူးပြီ။ ၂၀၁၀ ပြည့်နှစ်မှစ၍ ဒီမိုကရေစီ အစိုးရနှစ်ဆက် ခေတ်ကာလတွင် တိုင်းရင်းသား ပြည်သူအားလုံး လိုလားသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းခဲ့ရာ မတူညီ သော အစိုးရနှစ်ဆက်၏ မူဝါဒများကြောင့် စိန်ခေါ်မှု မြောက်မြားစွာကို ရင်ဆိုင်ခဲ့ကြရသည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်အာဏာကို ထိန်းခဲ့ရပြီးနောက်တွင် လည်း စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနေရဆဲ ဖြစ်သည်။ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့၏ လုပ်ဆောင်ချက်များက တိုင်းပြည် ပြိုကွဲရေးသို့ ရှေးရှုဦးတည်နေသည်ကို တွေ့မြင် နေကြရသည်။
တိုင်းရင်းသားညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့ပြီး လွတ်လပ်ရေးကို အရယူနိုင်ခဲ့သော်လည်း လွတ်လပ်ရေး ရယူနိုင်ခဲ့ပြီးနောက်တွင် တိုင်းရင်း သားစည်းလုံးညီညွတ်မှု အားနည်းကျဆင်းသွားခဲ့ရ သည်။ ကျဉ်းမြောင်းသော အမျိုးသားရေးအမြင် ရှိသော တိုင်းရင်းသားခေါင်းဆောင်အချို့၏ အမြော်အမြင်နည်းပါးမှုကြောင့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလာခဲ့ရသည်။ ဤသို့ ဖြစ်သွားရခြင်းမှာ အဘယ်ကြောင့်နည်း။ သမိုင်းသင်ခန်းစာများကို ရယူရန် လိုအပ်သည်။ သမိုင်းသင်ခန်းစာ ရယူသည်ဆိုရာ၌ အကြောင်းရင်းကို မှန်မှန်ကန်ကန်သုံးသပ်ရန် လိုအပ်သည်။
တိုင်းရင်းသားပြည်သူများအနေဖြင့် ဖွံ့ဖြိုး တိုးတက်မှုမရှိခြင်းအတွက် ကျေနပ်ခြင်းမရှိခဲ့ကြ။ ကျေနပ်ခြင်းမရှိ၍ ဒေါသတွေပွားကြရာမှ နောက်ဆုံးလက်နက်ကိုင်ပဋိပက္ခသို့ ရောက်ခဲ့ရခြင်းဖြစ်သည်။ တစ်ဆက်တည်းမှာ လက်နက်ကိုင်ပဋိပက္ခကြောင့် ပင်မငြိမ်းချမ်း၍ တိုးတက်ဖွံ့ဖြိုးမှုကို ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဟူသော အချက်ကိုလည်း မေ့မထားကြရန် လိုအပ်သည်။ ထို့ကြောင့် သမိုင်းသင်ခန်းစာ ရယူရာ၌ ခေါင်းဆောင်များသည် ဆန္ဒစွဲကင်းရန်နှင့် နိုင်ငံတိုးတက်လိုစိတ်ရှိရန် လိုအပ်ပေလိမ့်မည်။
လွတ်လပ်ရေး ရယူခဲ့ကြသည့်နိုင်ငံများ
မြန်မာနိုင်ငံ လွတ်လပ်ရေးကို ရယူခဲ့သည်မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် (၇၆) နှစ်ရှိခဲ့ပြီ။ မြန်မာနိုင်ငံနှင့်အတူ ကျူးကျော်နယ်ချဲ့ခဲ့သူများ လက်အောက်မှ လွတ်မြောက်ခဲ့ကြသော နိုင်ငံများ ကို တစေ့တစောင်း လေ့လာကြည့်ဖြစ်သည်။ အင်္ဂလိပ်နယ်ချဲ့ ကျူးကျော်သူများလက်အောက် ကျရောက်ခဲ့သော အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ ထက် လေးလခန့်သာစော၍ ၁၉၄၇ ခုနှစ် သြဂုတ်လ တွင် လွတ်လပ်ရေးရခဲ့သော နိုင်ငံဖြစ်သည်။ ထို့အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသော လာအို၊ ကမ္ဘောဒီးယား(ကမ်ပူးချား)၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားစသည့် နိုင်ငံများ သည်လည်း နယ်ချဲ့တို့၏ သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး ပြည်သူများ၏ စည်းလုံးညီညွတ်မှုဖြင့် လွတ်လပ် ရေးကိုရယူခဲ့ကြသည့် နိုင်ငံများဖြစ်ကြသည်။
မြန်မာနိုင်ငံနည်းတူ သူ့ကျွန်ဘဝရောက်ခဲ့ပြီးမှ လွတ်လပ်ရေးရရှိလာခဲ့ကြသော နိုင်ငံအသီးသီးကား တည်ငြိမ် အေးချမ်းမှုများရရှိကာ ဖွံ့ဖြိုးတိုးတက် နေကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်သည်။ သို့ရာတွင် မြန်မာနိုင်ငံကား တည်ငြိမ်အေးချမ်းမှု လည်းမရှိ၊ ဖွံ့ဖြိုးတိုးတက်မှုလည်း မလုံလောက်သေးဘဲ ဖြစ်နေရသည်။ လွတ်လပ်ရေးရပြီး ကတည်းက တောက်လောင်နေခဲ့သော စစ်မီးကား ငြိမ်းအေးမသွား။ ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယသို့ ရောက်သည့်တိုင် အရှိန်အဟုန်ဖြင့် တောက်လောင်နေဆဲဖြစ်သည်။
မိမိနိုင်ငံအတွက် ဝမ်းနည်းနာကျင်စရာကောင်း သည်ကား နိုင်ငံကို အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသည် အထိ ဖြစ်ပေါ်လာစေရန် ဦးတည်နေသည့် မြင်ကွင်း များကို မြင်တွေ့နေရခြင်းဖြစ်သည်။ မိမိတို့နည်းတူ သူ့ကျွန်ဘဝသို့ ရောက်ရှိခဲ့ကြ၊ ရုန်းကန်တိုက်ပွဲဝင်ပြီး လွတ်လပ်ရေးကို ရယူနိုင်ခဲ့ကြသော နိုင်ငံများအနေဖြင့် တည်ငြိမ် အေးချမ်းကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နိုင်နေကြပြီ ဖြစ်သော်လည်း မိမိတို့နိုင်ငံမှာ စစ်ပွဲနွံအတွင်း နစ်သည်ထက်နစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုနှေးကွေး၍ ဆင်းရဲတွင်းနက်ကာ ပြည်သူများ ဒုက္ခရောက်နေကြသည်မှာ အဘယ်ကြောင့်ပါနည်း။ နိုင်ငံကိုဦးဆောင်နေသူများ၊ ဦးဆောင်ရန် ကြိုးစားနေကြသည့်ပုဂ္ဂိုလ်များ သုံးသပ်ဆင်ခြင် စဉ်းစားကြဖို့ လိုအပ်နေကြပေပြီ။
နိုင်ငံချစ်စိတ်မွေးပါ
မြန်မာနိုင်ငံကို ပြည်ထောင်စုနိုင်ငံသားများ၏ အမျိုးသားရေးကို အခြေခံသော မျိုးချစ်စိတ်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ မျိုးချစ်စိတ်ဓာတ် ဟူသည်မှာ တိုင်းပြည်နှင့် လူမျိုးကိုချစ်သော စိတ်ဓာတ်ဟူ၍ အဘိဓာန်က ဖွင့်ဆိုထားသည်။ လူမျိုးတို့တည်တံ့ရန်၊ တိုးတက်ဖွံ့ဖြိုးရန် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်နေဖို့ လိုအပ်သည်။ မျိုးချစ်စိတ်ဓာတ်သည် အပြုသဘောကို ဆောင်ပြီး စည်းလုံးညီညတ်မှုကို ဖြစ်စေသည်။ စည်းလုံး ညီညွတ်မှုမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှု၊ တည်တံ့ ခိုင်မြဲမှုကို ဖြစ်ထွန်းစေသည်။
ဤနေရာတွင် တစ်ခုသတိထားကြရန်မှာ မျိုးချစ်စိတ်မှ အမျိုးသားရေးစိတ်ဓာတ် ဖြစ်ပေါ် လာခြင်းဖြစ်သည်။ အမျိုးသားရေးစိတ်ကား လူမျိုးကို အခြေခံထားခြင်းဖြစ်ရာ ကျဉ်းမြောင်းသော သဘောထားရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံအဖို့ လူမျိုး တစ်မျိုးတည်း ကိုအခြေခံသော အမျိုးသားရေးစိတ်ဓာတ်များ လွှမ်းမိုးမသွားရန် အရေးကြီးသည်။ မြန်မာနိုင်ငံမှ တိုင်းရင်းသားပြည်သူများအားလုံးတို့သည် စစ်မှန်သော အမျိုးသားရေးအမြင်၊ အမျိုးသားရေးအသိ၊ အမျိုးသားရေး သတိရှိနေဖို့ လိုအပ်သည်။ ထို့ကြောင့် မျိုးချစ်စိတ်ကို အခြေခံသော နိုင်ငံချစ်စိတ်ကို မွေးမြူကြရန် လိုအပ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ တိုင်းရင်း သာ လူမျိုးတစ်မျိုးသာ လွတ်လပ်ရေးရခဲ့ခြင်းမဟုတ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးသည် တိုင်းရင်းသားပြည်သူ များအားလုံးပိုင်ဆိုင်သော အမွေဆိုင်ပစ္စည်းလည်း ဖြစ်သည်။ ဤအမွေဆိုင်ပစ္စည်း ဆုံးရှုံးမသွားရေး အတွက် တိုင်းရင်းသားပြည်သူများအားလုံး ကာကွယ် စောင့်ရှောက် ထိန်းသိမ်းသွားကြရမည်ဖြစ်သည်။
ပြည်သူတစ်ရပ်လုံး သွေးစည်းညီညွတ်ကြရန်လို
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဆိုရာတွင် လည်း နိုင်ငံသားပြည်သူအချင်းချင်း၊ တိုင်းရင်းသား ပြည်သူများ စည်းလုံးညီညွတ်မှုသည်လည်း အခြေခံ လိုအပ်ချက်ဖြစ်သည်။ အကြောင်းအမျိုးမျိုးပြကာ နိုင်ငံတကာ ဖိအားအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည့် ယခုလိုအချိန်အခါတွင် ပြည်သူတစ်ရပ်လုံး သွေးစည်းညီညွတ် ကြရန်လိုသည်။ ယခုအခါ နိုင်ငံခြားတိုင်းပြည်ကြီးအချို့က မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ပြောင်ပြောင် တင်းတင်း ဖိအားပေးပြောဆို ဝင်ရောက်စွက်ဖက်မှုများ ရှိနေသည်ကိုလည်း တိုင်းရင်းသားပြည်သူများ သတိရှိကြရန်လိုအပ်သည်။ တိုင်းရင်းသားပြည်သူများအနေဖြင့် လက်ရှိတည်ရှိနေသော မြန်မာနိုင်ငံ အဝိုင်းအဝန်းသည် မိမိတို့ကိုယ်ပိုင်မြေဖြစ်သည်ဆိုသည့် စိတ်ဓာတ်၊ မိမိတိုပိုင်နက်နယ်မြေတစ်ခုလုံးကို တန်ဖိုးထားတတ်သည့် နိုင်ငံကိုချစ်သည့် စိတ်ဓာတ်များဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။