သတင်းနှင့် ဓာတ်ပုံ-နိုင်လင်းကြည်၊ ကြည်လင်း

 

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည်မှာ (၇၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားကို မြန်မာနိုင်ငံ တစ်ဝန်းရှိ ဒေသအသီးသီးတွင် ကျင်းပကြမည်ဖြစ်ရာ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင်လည်း ခမ်းနားစွာ ကျင်းပမည် ဖြစ်သည်။

 

ဗိုလ်ချုပ်နေအိမ်ပြတိုက်သို့ အာဇာနည်နေ့ မတိုင်မီကတည်းက အနယ်နယ်အရပ်ရပ်မှ လေ့လာသူများနှင့် အထူးစည်ကားနေပြီး (၇၁) နှစ်မြောက် အာဇာနည်နေ့အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြသည်ကို တွေ့မြင်ခဲ့ရ သည်။ အာဇာနည်နေ့အတွက် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် ပြင်ဆင်ထားရှိမှုများ၊ အစီအစဉ်များနှင့် လာရောက် လေ့လာသူများ၏ စကားသံများကို မေးမြန်းဖော်ပြလိုက်ပါသည်။

 

 

ဦးဝင်းမော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ နတ်မောက်မြို့



ဒီနှစ်မှာ ယခင်နှစ်နဲ့ မတူအောင် ဆရာတော်ကြီးတွေ ပင့်ဖိတ်ပြီးတော့ ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရေစက်ချ အမျှအတန်း ပေးဝေဖို့ စီစဉ်ထားပါတယ်။ (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီတွေ၊ ဆပ်ကော်မတီတွေ ဖွဲ့စည်းပါတယ်။ တက်ရောက်လာတဲ့ ပြည်သူ လူထုကိုလည်း လက်ဖက်ရည်နဲ့ ပဲနံပြားကို ဧည့်ခံပါမယ်။ အခမ်းအနားကို ယခင်နှစ်တွေကတော့ နံနက် ၇ နာရီလောက်မှာ ကျင်းပပေမယ့် ဒီနှစ်မှာတော့ နံနက် ၆ နာရီကနေစပြီးတော့ ကျင်းပပါမယ်။ နံနက် ၈ နာရီခွဲမှာ ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးများကို လွမ်းသူ့ပန်းခွေနဲ့ ဂါရဝပြုပြီး ၁ဝ နာရီ ၃၇ မိနစ်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ပါမယ်။

 

အဓိကကတော့ ဗိုလ်ချုပ်နေအိမ်ပြတိုက်ကို လာတဲ့သူတွေကို အဆင်ပြေပြေနဲ့ ကြည့်ရှုနိုင်ဖို့ မနှစ်ကထက် ပိုပြီးကောင်းမွန်စွာ စီမံထားပါတယ်။ နိုင်ငံ့ခေါင်းဆောင် အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့ (၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ ပြည်သူလူထု၊ ကျောင်းသား လူငယ်တွေရဲ့ ရင်ထဲမှာ မျိုးချစ်စိတ်တွေ ကိန်းအောင်းဖို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့အတွက် ရပ်ကွက်၊ ကျေးရွာကော်မတီတွေ ပေါင်းစပ်ပြီးတော့ ကြိုတင်နှိုးဆော် ဆောင်ရွက်ထားပါတယ်။

 

ဒုတိယရဲမှူး ကျော်ကျော်စိုး၊ မြို့မရဲစခန်း၊ နတ်မောက်မြို့



အာဇာနည်နေ့အတွက် လုံခြုံရေးကတော့ ကျွန်တော်တို့ တိုင်းတပ်ဖွဲ့မှူးကနေ ဦးစီးပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဇွန်လ ၂ဝ ရက်နေ့ ကတည်းကစပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အာဇာနည်နေ့မှာ ဒီထက်မက ပိုပြီးတော့ စနစ်တကျနဲ့ ဆောင်ရွက်သွားမှာပါ။ အာဇာနည်နေ့မှာ ဆောင်ရွက်ရမယ့် အပိုင်းကတော့ နှစ်ပိုင်းရှိ ပါတယ်။ လွတ်လပ်ရေး ကျောက်တိုင်မှာ ဆောင်ရွက်ရမယ့်အပိုင်းနဲ့ ပြတိုက်မှာ ဆောင်ရွက်ရမယ့် အပိုင်း ဖြစ်ပါတယ်။ အာဇာနည်နေ့မှာ ပြတိုက်ကို နံနက် ၆ နာရီကနေစပြီးတော့ ဖွင့်ပါမယ်။ ပြတိုက် စစ်ဆေးရေးဂိတ်မှာ ယောကျာ်းလေး ဝင်ပေါက်နဲ့ မိန်းကလေးဝင်ပေါက် ခွဲထားပါတယ်။ အိမ်ရဲ့ ခံနိုင်ရည်အားကြောင့် လူအယောက် ၅ဝ တစ်ဖွဲ့စီ တင်ပေးပါမယ်။



တစ်ဖွဲ့ပြီးတစ်ဖွဲ့ဆက်တိုက်တင်ပေးသွားနိုင် အောင် လုပ်ပါမယ်။ လွတ်လပ်ရေးပန်းခြံကတော့ မနက်ခင်းမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုပါမယ်။ အလေးပြုပြီး လွမ်းသူ့ပန်းခွေချ ပြီးတော့မှ တစ်နေ့လုံးစာ လုံခြုံရေးပိုင်းကိုဆက်ပြီး ဆောင်ရွက်ပါမယ်။ ပြတိုက်ကို လာတဲ့အခါမှာ လည်း လမ်းအခက်အခဲကြောင့် ယာဉ်တွေကို အပြင်ဘက်ဘေးနားမှာပဲရပ်ဖို့ စီစဉ်ပေးထား ပါတယ်။ အထဲကိုတော့ လမ်းလျှောက်ဝင်လာပြီး ဒုတိယစိစစ်ရေးဂိတ်မှာလူတွေကို ပြန်စိစစ်ပါမယ်။

 

 

ဦးမျိုးခိုင် (ပြခန်းတာဝန်ခံ)



ဒီပြခန်းမှာ တာဝန်ခံအနေနဲ့ ဆောင်ရွက်နေ ပါတယ်။ စိမ်းလန်းစိုပြည်ရေးအတွက်တော့ ဇူလိုင် ၇ ရက်ကစပြီး နတ်မောက်က ဘော်ဒါ ကျောင်းသားတွေ၊ ထွေအုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဘုန်းတော်ပြည့်ကျေးရွာက ပရဟိတအဖွဲ့၊ နတ်မောက်ကွန်ရက်အဖွဲ့တွေ ပေါင်းပြီးတော့ ဗိုလ်ချုပ်အိမ်မှာ သန့်ရှင်းရေးလုပ်ပါတယ်။ နေရာ ချထားရေးအတွက် အဲဒီနေ့ကတည်းက တစ်ခါ တည်းစပြီးလုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်ကဆို ကျွန်တော်တို့က ခြောက်ခန်းပဲပြနိုင်တယ်။ အခု နှစ်မှာတော့ ရှစ်ခန်းပြသွားပါမယ်။3D ပုံစံလေး တွေ၊ နည်းနည်းလေးဆန်းသစ်တဲ့ ပုံစံလေးတွေကို ကျွန်တော်တို့ကြိုးစားပြီး လုပ်ထားပါတယ်။

 

ဗိုလ်ချုပ်မွေးနေ့၊ အာဇာနည်နေ့ဆိုရင်တော့ လူက သောင်းချီပြီးလာပါတယ်။ အခုပြခန်းမှာ ဆိုရင် ကဗျာချစ်တဲ့အဖွဲ့တွေပါတယ်၊ ကျောင်းသား လေးတွေပါတယ်၊ နတ်မောက်ကွန်ရက်လည်း ပါပါ တယ်၊ အားလုံးဝိုင်းပြီးကူကြပါတယ်။ အာဇာနည် နေ့မှာ ဗိုလ်ချုပ်မိန့်ခွန်းထဲက ကောက်နုတ်ချက် လေးတွေထုတ်ထားတာ ၁၆ ချက်ကို ပြထားတာ လေး ဒီနှစ်အသစ်တိုးပါတယ်။ ကျောင်းသားလေး တွေကိုလည်း အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ ကဗျာ၊ဆောင်းပါးလေးတွေကိုလည်း ပြိုင်ခိုင်းထား ပါတယ်။ အဲဒီကနေရွေးချယ်ထားတဲ့ ပထမ၊ ဒုတိယ၊ တတိယဆုတွေကိုလည်း ကလေးတွေရဲ့ လက်ရေးမူအတိုင်းပဲ ဗီနိုင်းထုတ်ပြီး ပြသသွားဖို့ စီစဉ်ထားပါတယ်။

 

မောင်ဇွဲမာန်ထူး (စတုတ္ထနှစ်၊ သမိုင်းအထူးပြု၊ မိတ္ထီလာတက္ကသိုလ်)



ကျွန်တော်တို့ အခုဗိုလ်ချုပ်နေအိမ်ပြတိုက်ကို လေ့လာရေးလာတာပါ။ ကျွန်တော်တို့အဖွဲ့က လူနှစ်ရာကျော်လောက် ပါပါတယ်။ ဗိုလ်ချုပ် နေအိမ်ကိုငယ်ငယ်ကတည်းက ရောက်ဖူးချင်ပေ မယ့် အကြောင်းကြောင်းကြောင့် တစ်ခေါက်မှ မရောက်ဖြစ်ခဲ့ပါဘူး။ အခုလိုဗိုလ်ချုပ်နေအိမ်ကို သွားရောက် လေ့လာရမယ်ကြားတော့ အတိုင်း မသိပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့အဖွဲ့တွေ ဗိုလ်ချုပ်နေအိမ်ပေါ်ကိုတက်တော့ လေးဖွဲ့ ခွဲတက် ရပါတယ်။ လူ ၅ဝ တက်ခွင့်ပြုပါတယ်။ အိမ်ရဲ့ခံ နိုင်ရည်အားကြောင့်လို့ ပြောပါတယ်။ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေနဲ့ ဓာတ်ပုံတွေ တွဲပြီးပြသထားတာ ကိုလည်း တွေ့ရပါတယ်။ ဗိုလ်ချုပ်ရဲ့မိန့်ခွန်းတွေ ဖတ်ရင်းနဲ့၊ ဓာတ်ပုံတွေကြည့်ရင်းနဲ့ ဗိုလ်ချုပ်ကို လေးစားတဲ့ စိတ်၊ ဗိုလ်ချုပ်လိုပုဂ္ဂိုလ်မျိုးကို ဆုံးရှုံး သွားရလို့ နှမြောတဲ့စိတ်၊ ယူကျုံးမရတဲ့စိတ်တွေ လည်း ခံစားရတယ်။

 

နေအိမ်ရဲ့တောင်ဘက် ပန်းခြံထဲမှာလည်း ကဗျာလေးတွေကပ်ထားတဲ့အတွက် ကဗျာချစ်တဲ့ ကျွန်တော်တို့လိုသူတွေအတွက် အဆင်ပြေပါ တယ်။ ဗိုလ်ချုပ်နေခဲ့တဲ့နေရာကို လေ့လာခွင့်ရ လို့လည်း ဝမ်းသာမိပါတယ်။ သေသေချာချာလည်း လေ့လာ မှတ်သားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီးရဲ့အိမ်ကိုတော့ မြန်မာနိုင်ငံ သားတိုင်း ရောက်ဖူးထားသင့်တယ်လို့ ထင်ပါ တယ်။ ဒါမှ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်တွေ၊ ခံယူချက် တွေ၊ မိန့်ခွန်းတွေကိုတွေ့ရတော့ ဗိုလ်ချုပ်ရဲ့ အငွေ့ အသက်တွေကိုခံစားမိပြီး မျိုးချစ်စိတ်ဓာတ်တွေ ပိုပြီးတိုးပွားလာမယ်လို့ထင်ပါတယ်။ မရောက်ဖူး သေးတဲ့သူတွေလည်း လာရောက်ဖို့ပြောချင်ပါ တယ်။ အထူးသဖြင့် ကျောင်းသားလူငယ်တွေ အတွက် အထူးလေ့လာသင့်တဲ့ နေရာဖြစ်လို့ လေ့လာဖို့ တိုက်တွန်းလိုပါတယ်။