နေပြည်တော် အောက်တိုဘာ ၁၉
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကျန်ဗဟိုကော်မတီဝင်များ က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့နှင့် စပ်လျဉ်း၍ ဆောင်ရွက်ကြရမည့် ကိစ္စရပ်များ ကြိုတင်ဆောင် ရွက်နိုင်ရန် ပထမအကြိမ် အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ကို ထူးခြားခမ်းနားသည့် နိုင်ငံတော်အဆင့် အခမ်းအနားကြီးတစ်ခုအဖြစ် စီမံဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း။
မတူညီသောခံယူချက်များ
မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးသမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရသည့်အချိန်မှစတင်၍ ယနေ့အချိန်အထိ အစိုးရအဆက်ဆက် ပြောင်းလဲလာသော်လည်း လွတ်လပ်ရေးဆုံးရှုံးစဉ် ကာလတစ်လျှောက် နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုများကြောင့် အယူဝါဒအရေး၊ တိုင်းရင်းသားအရေးနှင့် ဘာသာရေးအပေါ် အခြေခံသည့် မတူညီသောခံယူချက်များနှင့် ယုံကြည် ချက်များသည် လွတ်လပ်ရေးနှင့်အတူပေါက်ဖွားလာခဲ့ပြီး ယနေ့တိုင် တိုင်းပြည်သည် မတည်ငြိမ်မှု၏ ဆိုးမွေများကို ခံစားနေကြရ ဆဲဖြစ်ကြောင်း၊ အဆိုပါ မတူညီသော ခံယူချက်ယုံကြည်ချက်များအပေါ် မတူတာတွေဘေးဖယ်ပြီး တူညီချက် များကို လက်တွဲပူးပေါင်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူစဉ် ကာလကတည်းကပင် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေး ကော်မတီများ ဖွဲ့စည်းလျက် NCA လက်မှတ်ရေးထိုးပြီးနှင့် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ၂၀၂၁ ခုနှစ် ဧပြီလတွင် ဖိတ်ခေါ်လျက် တစ်ဖွဲ့ချင်းစီအား ထာဝရငြိမ်းချမ်းရေး ရရှိစေရေး တွေ့ဆုံဆွေးနွေးမှုစားပွဲဝိုင်း၌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် လက်ခံတွေ့ဆုံ၍ မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးပေးခြင်း၊ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့များက နှစ်ဖက်လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးအဖြေရှာ ဆွေးနွေးစေ လျက်ရှိသလို တစ်ဖက်၌လည်း နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ဟူသည့် အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်ကို ချမှတ်အကောင် အထည်ဖော်နိုင်စေရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ မတူညီသည့် ဝါဒအကြောင်းအရာများ အတတ်နိုင်ဆုံး နားလည်လက်ခံလာစေရန်၊ မတူညီသည်များကို ဖယ်ရှား၍ တူညီသည်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အပြင် လက်ရှိကျင့်သုံးလျက်ရှိသည့် ပါတီစုံ ဒီမိုကရေစီ စနစ်နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန် ရည်မှန်းဆောင်ရွက် လျက်ရှိကြောင်း၊ သို့ဖြစ်၍ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဆင်ယင်ကျင်းပရာတွင်လည်း အထက်ပါ မူဝါဒများကို ဦးတည်လျက် စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ရင်းနှီးပေးဆပ်ခဲ့ရ
နိုင်ငံ၏လွတ်လပ်ရေးသည် အလွယ်တကူရရှိခဲ့ခြင်း၊ အလွယ်တကူရယူနိုင်ခဲ့ခြင်း မဟုတ်ကြောင်း၊ လွတ်လပ်ရေး ဆုံးရှုံးသည့်ကာလမှ လွတ်လပ်ရေး ပြန်လည်ရယူသည့်ကာလအထိ နှစ်ပေါင်း ၁၀ဝ ကျော်မျှ မိမိတို့တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ အသက်၊ သွေးနှင့် ချွေးများစွာ ရင်းနှီးပေးဆပ်ခဲ့ရကြောင်း၊ လွတ်လပ်ရေးဆုံးရှုံးရန် တစ်ရက်၊ တစ်မနက်နှင့် ဆုံးရှုံးသွားနိုင်သော်လည်း လွတ်လပ်ရေးပြန်လည် ရယူနိုင်ရန် အရင်းအနှီး မြောက်မြားစွာ ရင်းနှီးပေးဆပ်ခဲ့ရကြောင်း၊ ထိုသို့ လွတ်လပ်ရေးပြန်လည်ရယူရန် ကြိုးပမ်းရင်းနှီးပေးဆပ်ခဲ့ ရသည်များကို မမေ့မပျောက်စေရန်နှင့် ရရှိပြီးအချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲစေရန် ဦးတည်ပြီး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရေးသည် မျိုးဆက်သစ်လူငယ် မောင်မယ်များအပါအဝင် မြန်မာနိုင်ငံသားများအားလုံး စဉ်ဆက်မပြတ် ထိန်းသိမ်းရန်တာဝန်ရှိသည်ဆိုသည့် ခံယူချက်၊ ယုံကြည်ချက်နှင့် စိတ်ဓာတ်များပေါ်ပေါက် ကိန်းဝပ်လာစေရန် ပုံဖော်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
အလားတူ လွတ်လပ်ရေးကာလအတွင်း လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သည့် မတည်ငြိမ်မှုများ၊ မငြိမ်းချမ်းမှုများကြောင့် နိုင်ငံတော်အနေဖြင့် တိုးတက်သင့်သလောက် မတိုးတက်ခဲ့သည် များမှသည် တည်ငြိမ်အေးချမ်းမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုများ ရရှိခံစားနိုင်မည့် အခြေအနေအပြင် ထိုသို့ဖြစ်ပေါ်ပြောင်းလဲလာစေရေး ယနေ့နိုင်ငံတော်ဝန်ကြီးချုပ်မှ ချမှတ်ထားသည့် အမျိုးသားရေးလုပ်ငန်းစဉ် နှစ်ရပ်နှင့် ပြည်သူတစ်ရပ်လုံး လျှောက်လှမ်းပုံဖော်နေသည့် ပါတီစုံ ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို လည်း ပုံဖော်ကြရမည်ဖြစ်ကြောင်း။
အမျိုးသားရေးဦးတည်ချက် (၅)ရပ်
သို့ဖြစ်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်(၅)ရပ် ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအမျိုးသားရေးဦးတည်ချက်(၅)ရပ်မှာ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ်များအဖြစ် အစွမ်းကုန် ကြိုးစားဆောင်ရွက်ရေး၊ နိုင်ငံ့အကျိုး တိုင်းရင်းသား ပြည်သူလူထုအကျိုးကိုရှေးရှုပြီး “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “ Keep Moving Forward to Achieve Our Goal ” ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သော နိုင်ငံတော်နှင့် လူမှုစီးပွားဘဝတည်ဆောက်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်ရေး၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပရေးနှင့် တိုင်းရင်းသားအားလုံး အချိုးကျကိုယ်စားပြု ပါဝင်နိုင်သည့် ရွေးကောက်ပွဲစနစ် ဖြစ်ပေါ်လာစေရေးတို့ဖြစ်ကြောင်း။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ ခမ်းနားထည်ဝါ စွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီကိုဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ဆက်လက်၍ လုပ်ငန်းကော်မတီနှင့် လိုအပ်သည့် ကော်မတီခွဲများဖွဲ့စည်းကာ လုပ်ငန်းများကို ယနေ့အစည်းအဝေးပြီး နောက်ပိုင်းမှစ၍ အသေးစိတ်စနစ်တကျ ညှိနှိုင်းစီမံဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းနားအတွက် လေ့ကျင့်ဆောင်ရွက်စဉ်နှင့် အခမ်းအနား ကျင်းပစဉ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကိုလည်း စနစ်တကျ ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ လုံခြုံရေးကဏ္ဍနှင့်စပ်လျဉ်း၍ ရာနှုန်းပြည့်လုံခြုံမှု ရှိစေရေးနှင့် မကျိုးပေါက်စေရေး ရှုထောင့်ပေါင်းစုံဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်စီမံဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနားအတွက် ပါဝင်လှုပ်ရှားကြမည့် ပုဂ္ဂိုလ်များအားလုံးသည် ကြုံတောင့် ကြုံခဲ ဆင်နွှဲရသည့် အခမ်းအနားကြီးဖြစ်သည်နှင့်အညီ အဆိုပါအခွင့်အရေးတွင် မိမိတို့ ပါဝင်ပူးပေါင်း ဆောင်ရွက် ခွင့်ရသည့် ပုဂ္ဂိုလ်များအဖြစ် ဂုဏ်ယူစွာခံစားနိုင်စေရေး စည်းရုံးရေးနည်းလမ်းဖြင့်သာ တာဝန်ပေးအပ်ရန်၊ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ အစိုးရအဖွဲ့ဝင်များအနေဖြင့် ဆောင်ရွက်ကြရန်လည်း လိုအပ်ပါ ကြောင်း၊ နောက်ဆုံးအနေဖြင့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် တာဝန်ရှိသူများအားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ကဏ္ဍအလိုက် ရှင်းလင်းတင်ပြ
ထို့နောက် ဗဟိုကော်မတီဝင်များက စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ၊ ဂုဏ်ပြု ယာဉ်များတည်ဆောက်ရေး လုပ်ငန်းကော်မတီ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၊ လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပ ရေးလုပ်ငန်းကော်မတီ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ မိန့်ခွန်းနှင့် သဝဏ်လွှာပြုစုရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ အားကစားပြိုင်ပွဲများကျင်းပရေး လုပ်ငန်းကော်မတီနှင့် စာရင်းစစ်ဆေးရေးလုပ်ငန်း ကော်မတီများဖွဲ့စည်းထားရှိမှုများ၊ လုပ်ငန်းတာဝန်များ ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအပါအဝင် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွပ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူးက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ အတည်ပြုချက် ရယူသည်။
ထို့နောက် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု လွပ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြ ချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သိရသည်။
သတင်းစဉ်