လွတ်လပ်သော ပြည်သူ့အသံအတွက် ရေဒီယိုအစီအစဉ်များ

၂၀ ဖေဖော်ဝါရီ

 

ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုရဲ့လွတ်လပ်စွာ ရေးသားပြောဆိုထုတ်ဖော်နိုင်ခွင့်က အရေးကြီးပါသည်။ ဒီမိုကရေစီနှင့် လွတ်လပ်စွာ ထုတ်ဖော်နိုင်ခွင့်ဆိုသည်က ဒင်္ဂါးပြားတစ်ခု၏ ခေါင်းနှင့်ပန်းလို ယှဉ်တွဲလျက် ရှိနေခြင်းဖြစ်သည်။

 

ဒီမိုကရေစီမရှိလျှင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်မရှိ။ ထို့အတူ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုနိုင်ခွင့်မရှိလျှင် ဒီမိုကရေစီရှိပြီဟုမဆိုနိုင်။

 

ထို့ကြောင့်ပင် ပြည်သူ့အစိုးရသည် ဒီမိုကရေစီ အခွင့်အရေးများ ခိုင်ခိုင်မာမာတည်ဆောက်ဖို့ ပြည်သူတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အာမခံနိုင်ရန် ကြိုးစားရသည်။ ပြည်သူတို့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိနိုင်သည့် ဝန်းကျင်နှင့် အာဝါသကို ဖန်တီးပေးရန် ဒီမိုကရေစီအစိုးရတို့က တာဝန်ယူရ၏။

 

ဤကဲ့သို့ ပြည်သူတို့၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်မှုကိုဖန်တီးပေးသည့် ဆောင်ရွက်မှုများထဲက တစ်ခုအဖြစ် လူထုရေဒီယိုအစီအစဉ်တစ်ခု စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ မနှစ်က ၂၈ ဩဂုတ်၂၀၁၇ တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဂျာမနီနိုင်ငံ DW Akademie စုပေါင်းအားမာန်ကျေးရွာဖွံ့ ဖြိုးရေးဦးဆောင်အဖွဲ့တို့ခရေ FM-ထန်းတပင် လူထုရေဒီယို ထုတ်လွှင့်ရန် ရှေ့ပြေးစီမံကိန်း သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြပါသည်။

 

ယခု ၁၈ ဖေဖော်ဝါရီ ၂၀၁၈ တွင် ဒေသခံအဖွဲ့အစည်းဖြစ်သည့် စုပေါင်းအားမာန် ကျေးရွာဖွံ့ ဖြိုးရေးအဖွဲ့မှစေတနာ့ဝန်ထမ်း လုပ်အားပေးများဖြင့် ရေဒီယိုအစီအစဉ်များ စတင်ထုတ်လွှင့်တော့မည် ဖြစ်ပါ၏။

 

မြန်မာနိုင်ငံ၏ ပထမဆုံးသော လူထုရေဒီယိုအစီအစဉ်အဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေး၊ ဖျော်ဖြေရေးနှင့် ထန်းတပင်မြို့နယ်၏ လှုပ်ရှားမှုသတင်းစသည်တို့ကို ထုတ်လွှင့်သွားမည် ဟု သိရပါသည်။

 

အဆိုပါ ရေဒီယိုအစီအစဉ်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအဖြစ် နေ့စဉ်မွန်းလွဲ နာရီမှ နာရီအထိ လည်းကောင်း၊ ပြန်လည်ထုတ်လွှင့်မှုအစီအစဉ်အဖြစ် နံနက် ၈နာရီမှ ၁၀ နာရီထိလည်းကောင်း ထုတ်လွှင့်သွားမည်ဖြစ်ပါ သည်။

 

ထိုအစီအစဉ်များကို ရေဒီယိုဖြင့်သာမက မိုဘိုင်းတယ်လီဖုန်းများဖြင့်လည်း ၁၀၄. MHZ မှ ထန်းတပင်မြို့နယ်အတွင်း ဖမ်းယူနားဆင်နိုင်ပါမည်။

 

သည်မျှမကဘဲ ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံအခြေစိုက်နိုင်ငံတကာ မီဒီယာဖွံ့ ဖြိုးတိုးတက်ရေး လုပ်ဆောင်နေသည့်အဖွဲ့ (IMS-Fojo) ကူညီမှုဖြင့်ဒေးဒရဲမြို့နယ် တညင်းကုန်းကျေးရွာအုပ်စုတွင် သစ္စာလူထု ရေဒီယိုနှင့် ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် လူထုရေဒီယို ရှေ့ပြေးစီမံကိန်းများ ကိုလည်း စီစဉ်ဆောင်ရွက်နေပြီဟု သိရပါသည်။

 

ပြည်သူလူထုတို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်စီစဉ်ထုတ်လွှင့်သည့် လူထုရေဒီယိုအစီအစဉ်များ နိုင်ငံအနှံ့ ဖြန့်ကြက်လာပြီး ဒီမိုကရေစီဘောင် ကျယ်ဝန်းလာတော့မည်ဟု ယုံကြည်မျှော်လင့်ရင်း လူထုရေဒီယို အစီအစဉ်များကို ကြိုဆိုဂုဏ်ပြုလိုက်ရပါကြောင်း။

 

(မြန်မာ့အလင်း)