mdn

သတင်းဆောင်းပါး - Dr.အောင်အောင်မင်း(ပါမောက္ခချုပ် - ငြိမ်း)

 

၂ဝ၂ဝပြည့်နှစ် ဇန်နဝါရီလ ၄ရက်နေ့ဆိုရင် ကျွန်တော်တို့ရဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရရှိခဲ့တာ (၇၂) နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ အမျိုးသားခေါင်းဆောင်ကြီးများရဲ့ ဦးဆောင်ကြိုးပမ်းမှုနောက်မှာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ နယ်ချဲ့နဲ့ဖက်ဆစ်တွေကို တော်လှန်ခဲ့လို့ မြန်မာ့လွတ်လပ်ရေး အရယူနိုင်ခဲ့တာပါ။

 

လွတ်လပ်ရေးရပြီးနောက်ပိုင်း

 

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဒီမိုကရေစီစနစ်ကို အကောင် အထည်ဖော်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့အလယ်မှာ ထည်ဝါစွာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီမိုကရေစီစနစ် အကောင်အထည်ပေါ်လာခြင်းဟာလည်း လွတ်လပ်ရေးရဲ့ အနှစ်သာရကို လက်တွေ့ဖော်ဆောင် နိုင်ခဲ့ခြင်းကြောင့် ပါ။ သို့သော်လည်း ၁၉၆၂ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၅၀ နီးပါး ဒီမိုကရေစီရဲ့ အနှစ်သာရ ပျောက် ဆုံးပြီး နိုင်ငံနဲ့လူမျိုးလည်း ဒုက္ခထဲမှာနစ်ခဲ့ရပြန်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး၊ ပညာရေးနဲ့ လူမှုရေး စသည်တို့ မှာလည်း အားနည်းချည့်နဲ့ခဲ့ပါတယ်။

 

ပြည်ထောင်စုမြန်မာနိုင်ငံဟာ ပထဝီဝင်အနေ အထားအရ တရုတ်နဲ့ အိန္ဒိယအင်အားကြီးနိုင်ငံ နှစ်နိုင်ငံ အကြားမှာ တည်ရှိတဲ့ နိုင်ငံတစ်နိုင်ငံပါ။ အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံများအကြားမှာလည်း ပေါင်းကူးသဖွယ် ရပ်တည်နေတဲ့ မဟာဗျူဟာအရ အရေးပါတဲ့နိုင်ငံ ဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဟာ အယူဝါဒ အမျိုးမျိုး၊ ယုံကြည်ကိုးကွယ်ရာ ဘာသာအဖုံဖုံတို့ရှိကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားတဲ့ နိုင်ငံပါ။ ဒီလိုမတူကွဲပြားတဲ့ ပြည်ထောင်စုတိုင်းရင်းသား လူမျိုး တစ်ရာကျော် စုစည်းနေထိုင်ကြပေမယ့် တစ်စိတ် တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာ ကိုလိုနီနယ်ချဲ့နဲ့ ဖက်ဆစ်ကို တော်လှန်ခဲ့ကြလို့ လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက် နိုင်ခဲ့တာ သမိုင်းသက်သေပါ။

 

လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ယုံကြည်မှုနဲ့ အယူဝါဒကွဲပြားမှုတွေကြောင့် ပြည်တွင်းမငြိမ်းချမ်းမှု အမွေဆိုးကို နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်တဲ့ ယခုအချိန် အထိ ပြည်သူတွေခါးစည်းခံနေရဆဲပါပဲ။ စာရေးသူတို့ ပြည်သူများအနေနဲ့ လွတ်လပ်ရေးရရှိပြီးချိန်မှသည် မျက်မှောက်ကာလအထိ ပြည်တွင်း ပြည်ပနိုင်ငံရေး အခြေအနေ အကြောင်းအရာအားလုံးကို မျက်ခြည်မပြတ် နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။ ရှင်ကြီး ဝမ်းရော ရှင်ငယ်ဝမ်းပါဝင်ခဲ့ဖူးတဲ့ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးဟာ လက်ရှိနိုင်ငံ့ခေါင်းဆောင်၏ ဦးဆောင်မှုနဲ့ လွတ်လပ်တဲ့ မိမိနိုင်ငံရဲ့ ရည်မှန်းချက်ပန်းတိုင် မပျောက် ပျက်အောင် ဝိုင်းဝန်းကြိုးပမ်းကြရမှာ အမျိုးသားရေး တာဝန် တစ်ရပ် ဖြစ်ပါတယ်။

 

နိုင်ငံတစ်နိုင်ငံဟာ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဟုတ်၊ မဟုတ် အကဲဖြတ်ရာမှာ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင် ရေး အာဏာတည်းဟူသော အချုပ်အခြာအာဏာ သုံးရပ်ကို အဲဒီနိုင်ငံက အပြည့်အဝကျင့်သုံးလိုက်နာနိုင်ခြင်း ရှိ မရှိ ကြည့်ရမှာပါ။

 

လောကပါလ တရားများကို အခြေခံ

 

စစ်မှန်လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံ တစ်နိုင်ငံမှာ ပြည်သူများရဲ့ လွတ်လပ်စွာနေထိုင်၊ သွားလာ၊ လုပ်ကိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ ပြည်သူ တစ်ဦးချင်းရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်စတာတွေ မရှိပြန်ရင် လည်း လွတ်လပ်ခွင့်မရှိတဲ့ အာဏာရှင်နိုင်ငံလို့ ဆိုရမှာပါ။ စစ်မှန်သော လွတ်လပ်တဲ့နိုင်ငံဆိုတာ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလ တရားများကို အခြေခံပြီး လူသားအားလုံးရဲ့ ငြိမ်းချမ်း သာယာရေးကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းထားတဲ့ နိုင်ငံမျိုးဖြစ်ရပါမယ်။ ဒီအချက်ကို လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနိဒါန်း မြန်မာနိုင်ငံလွတ်လပ်ရေးသန္နိဋ္ဌာန် မှာ အလေးပေးဖော်ပြခဲ့ပါတယ်။

 

ယခုအချိန်မှာ လက်ရှိဒီမိုကရေစီအစိုးရဟာ ပြည်သူက ရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်များနဲ့ ၊ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာတို့ကို ပြည်သူတစ်ရပ်လုံးအတွက် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ မျှတခြင်းတွေဖော်ဆောင်ပေးနိုင်ဖို့ အားသွန် ကြိုးပမ်းဆောင်ရွက်နေပါတယ်။

 

အောင်မြင်စွာ ကျင်းပနိုင်ခဲ့

 

မြန်မာနိုင်ငံရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အောင်မြင်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးတို့ကို ကြိုးပမ်းတည်ဆောက်ရာမှာ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ပြည်သူ့ကိုယ်စားလှယ်များ အပြန်အလှန်ယုံကြည်မှု၊ အပေးအယူ မျှတမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့နဲ့ ဆောင်ရွက်ဖို့ အရေး ကြီးပါတယ်။ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုကြားမှာ စိတ်ရော ကိုယ်ပါ ညီညွတ်စွာနဲ့ စစ်မှန်တဲ့စေတနာ၊ ဖြူစင်တဲ့  စိတ်ရင်းထားကြဖို့ အထူးလိုအပ်နေချိန် ဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစု ပင်လုံ အစည်းအဝေးများ ကျင်းပခဲ့ပြီး တတိယအကြိမ်အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးပါပြီ။

 

ဝိုင်းဝန်းကြိုးပမ်းကြ

 

 အရေးအကြီးဆုံးအဓိကအချက်က နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့အစည်း ညီအစ်ကို မောင်နှမများအကြား အပြန်အလှန်ညှိနှိုင်းရေးနဲ့ သင့်မြတ်ရေး ဖြစ်ပါတယ်။ အဆိုပါအင်အားစုများအကြားမှာ အပြန် အလှန်ခိုင်မာတဲ့ ယုံကြည်ချက်၊ မှန်ကန်တဲ့စေတနာ၊ မေတ္တာများ၊ သည်းခံခြင်းတရားများနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို သံသယကင်းစင်စွာနဲ့ လက်တွဲမဖြုတ်စတမ်း သွေးစည်း  ညီညွတ်သော စိတ်ဓာတ်ဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေး ဝိုင်းဝန်းကြိုးပမ်းကြဖို့ အရေးကြီးတဲ့ကာလ ဖြစ်ပါတယ်။

 

အမျိုးသားစည်းလုံးညီညွတ်မှု တည်ဆောက်ရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဆိုတာ ခေါင်းနဲ့ပန်းလိုပါပဲ။ ထို့နည်းတူစွာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရေးနဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဟာလည်း တစ်သားတည်းဖြစ်နေတဲ့ အမှန်တရားဆိုတာ လက်ခံရမှာပါ။ လက်ရှိ နိုင်ငံတော် အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင် အထည်ဖော်ရာမှာ အခက်အခဲပြဿနာတွေ၊ သဘောထား အမြင်ကွာဟမှုတွေ၊ နိုင်ငံရေးအကျပ်အတည်းတွေ ကြုံတွေ့နေရတာ မှန်ပါတယ်။ သို့ပေမယ့် အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအတွက် ဒီမိုကရေစီ နှင့်ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ (၅၁)ချက်အထိ သဘောတူညီမှုရခဲ့ပြီး ပြည်ထောင်စု သဘောတူ စာချုပ်မှာလည်း ထည့်သွင်းချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီသဘောတူ ညီချက်တွေဟာ အနာဂတ်ပြည်ထောင်စု တည်ဆောက် ရေးမှာ အခြေခံအုတ်မြစ်ကောင်းများ ဖြစ်လာမှာပါ။

 

အခိုင်အမော ယုံကြည်

 

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလတုန်းကလည်း ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ဖဆပလ အဖွဲ့ချုပ်ကြီး ပေါ်ထွန်းခဲ့တယ်။ အဲဒီအဖွဲ့ချုပ်ကြီးအောက် မှာ အမျိုးသားရေးအင်အားစုများ စုစည်းမိခဲ့ကြတာပါ။ အဆိုပါ အမျိုးသားအင်အားစုများရဲ့ စုစည်းညီညွတ်မှု အင်အားရဲ့ အကျိုးရလဒ်အဖြစ် မြန်မာ့လွတ်လပ်ရေးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ထိုနည်းတူစွာ ပြည်သူ့အစိုးရ ကလည်း တပ်မတော်၊ တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ ဒီမိုကရေစီ အင်အားစုများကို စုစည်းဦးဆောင်မှုပေးနိုင် လိမ့်မယ်လို့ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးက အခိုင် အမာ ယုံကြည်ပါတယ်။

 

နိဂုံးချုပ်ရရင် လွတ်လပ်သော ပြည်ထောင်စုမှသည် ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဆီသို့ ချီတက်ရာမှာ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနောက်မှာ ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ခိုင်မာတဲ့ ညီညွတ်မှု၊ စည်းလုံးမှု၊သွေးစည်းမှု၊ မှန်ကန်တဲ့ စိတ်ရင်းစေတနာများနဲ့ လက်တွဲ မဖြုတ်စတမ်း ကြိုးပမ်းသွားကြပါစို့လို့ အလေးအနက် တိုက်တွန်းအပ်ပါကြောင်း။ ။

 

မှီငြမ်း။ ။ ၁။ အယ်ဒီတာ့အာဘော် (၂၀၁၈) ခေတ်ရနံ့

မဂ္ဂဇင်း၊ အမှတ်(၄၅) ဇန်နဝါရီ ၂၀၁၈ ၂။ အယ်ဒီတာ့အာဘော် (၂၀၁၉) ကြေးမုံ

နေ့စဉ်၊ ၄.၁.၂၀၁၉