နေပြည်တော် ၂၂ ဇန်နဝါရီ
လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏ အပြီးသတ်အစီရင်ခံစာနှင့်စပ်လျဉ်း၍ တပ်မတော်၏ |သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို ယနေ့တွင် ထုတ်ပြန်လိုက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ထုတ်ပြန်ချက်၌ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ARSA က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေး ရဲကင်းများနှင့် တပ်ဌာနချုပ်တစ်ခုတို့ကို ဝင်ရောက်တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ပြီးနောက် တပ်မတော်က နယ်မြေ တည်ငြိမ်မှုစစ်ဆင်ရေးဆောင်ရွက်ခဲ့ရကြောင်း၊ နယ်မြေတည်ငြိမ်မှုစစ်ဆင်ရေး၏ နောက်ဆက်တွဲဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရန်အတွက် နိုင်ငံတော်သမ္မတရုံးက လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်(Independent Commission of Enquiry - ICOE) ကို ဖွဲ့စည်းခဲ့ကြောင်း။
လိုအပ်သောထွက်ဆိုချက်များပေးခဲ့ ICOE ၏ အပြီးသတ်အစီရင်ခံစာအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း၊ ICOE က သက်သေခံအချက်အလက်များစုဆောင်းရာတွင် တပ်မတော်သားများက လိုအပ်သောထွက်ဆိုချက်များကို ပေးခဲ့ကြောင်း။
ICOE ၏ အစီရင်ခံစာမထုတ်ပြန်မီ ၂၀၁၉ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းကာလမှစတင်၍ ဂူတာပြင်ဖြစ်စဉ်နှင့် စပ်လျဉ်းသည့် စစ်တရားရုံးကို ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ရှိ နယ်မြေခံတပ်၌ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး စစ်တရားရုံး စစ်ဆေးစီရင်ခြင်းအား စုံစမ်းစစ်ဆေးရေးခုံရုံး၏ အစီရင်ခံတင်ပြမှုအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
ဆက်လက်စုံစမ်းစစ်ဆေးသွားမည် တပ်မတော်အနေဖြင့် ICOE ၏ အစီရင်ခံစာပါ တပ်မတော်နှင့် စပ်လျဉ်းသည့် အကြံပြုချက်များကို လေ့လာသွားမည့်အပြင် စစ်ဥပဒေချုပ်ရုံးကလည်း အစီရင်ခံစာတစ်ခုလုံးကို အသေးစိတ်လေ့လာသွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ကြိုတင်ကြံရွယ်ချက်မရှိဘဲ ARSA အဖွဲ့များနှင့် ဒေသရှိသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံတော်အချုပ်အခြာအာဏာနှင့် ဒေသခံတိုင်းရင်းသားများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ကွပ်ကဲမှုအဆင့်ဆင့်တွင် မှားယွင်းစွာလုပ်ဆောင်သူများကို စုံစမ်းစစ်ဆေးရေးခုံရုံးက ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း။
စုံစမ်းစစ်ဆေးရေးခုံရုံး၏ တွေ့ရှိချက်အရ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ကြောင်းခိုင်လုံသည့် သက်သေအထောက် အထားတွေ့ရှိခဲ့ပါက စစ်ဘက်တရားစီရင်ရေး၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ဥပဒေချုပ်ရုံးမှ သတင်းရရှိသည်ဟု ဖော်ပြထားသည်။
သတင်းစဉ်