မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် အရေးကြီးအဆိုကို ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အတည်ပြုပြီးသည့်နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၇-ခ နှင့် နည်းဥပဒေ ၁၀၅-က တို့နှင့်အညီ ကော်မတီ၏ ဦးတည်ချက်၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်း၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်အတူ လွှတ်တော်၏ သဘော တူညီချက်ဖြင့် ပြည်ထောင်စု လွှတ်တော် ဒုတိယနာယကကို ဥက္ကဋ္ဌအဖြစ်တင်ကာ ဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။

နိုင်ငံတစ်နိုင်ငံ၏ အခြေခံဥပဒေဟူသည် မူလဘူတက နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟု အမည်တပ် ခေါ်ဝေါ် သုံးစွဲခဲ့ပြီး အနှစ်သာရမှာ အချုပ်အခြာအာဏာကို ပြည်သူလူထုက ပိုင်ဆိုင်သည်ဟူသည့် အချက်ကို ထင်ဟပ်ကာ ဥပဒေဖြင့် အခိုင်အမာ ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။

ပြည်သူတို့က နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အမှန်တကယ် ပိုင်စိုးသူဖြစ်သည့်အတိုင်း ပြည်သူတို့က ရွေးချယ်တင်မြှောက် လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များကို မည်သို့မည်ပုံ တာဝန်ပေးကာ မည်ရွေ့မည်မျှ လုပ်ပိုင်ခွင့်ပေးပြီး မည်သို့တာဝန်မှ ရုပ်သိမ်းနိုင် မည်ဆိုခြင်းကို ဥပဒေဖြင့် အခိုင်အမာ ရေးဆွဲပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။ ထိုသို့ရေးဆွဲရာတွင် နိုင်ငံတော်အား မည်သို့မည်ပုံ ဖွဲ့စည်းမည်၊ မည်သို့သောမူများဖြင့် အုပ်ချုပ်မည်၊ လုပ်ပိုင်ခွင့်နှင့် အာဏာတို့ကို လွှတ်တော်များ၊ အစိုးရ အဖွဲ့အစည်းများတို့ မည်ကဲ့သို့ ခွဲဝေတာဝန်ယူရမည်၊ ပြည်သူလူထုက အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များကို မည်သို့ ထိန်းချုပ် ကိုင်တွယ်ထားမည်၊ လိုအပ်လာသည့်အခါတိုင်း ပြည်သူလူထုက မည်သို့ပြုပြင်ပြောင်းလဲ ရေးဆွဲပြင်ဆင်နိုင်ရမည် စသည်တို့ကို ဥပဒေအဖြစ် တိတိကျကျရေးဆွဲထားခြင်း ဖြစ်ပါသည်။

ပြည်သူရွေးချယ်ထားသည့် ကိုယ်စားလှယ်များနှင့် ပြည်သူလူထုတို့အကြား အာဏာလွှဲပြောင်း ခွဲဝေပေးမှုဆိုင်ရာ သဘောတူ နားလည်မှုက ဥပဒေဖြင့် စာချုပ်ချုပ်ဆိုထားခြင်း ဖြစ်ပါသည်။

အဓိကက ပြည်သူလူထုပိုင်ဆိုင်သည့် အချုပ်အခြာအာဏာကို ပြည်သူလူထု သဘောဆန္ဒအတိုင်း ကိုင်တွယ်နိုင်ရန် ဖြစ်ပါသည်။ ဤသို့ ပြည်သူအများစု၏ သဘောအတိုင်း လိုက်နာရခြင်းသည်ပင် အခြေခံဥပဒေ၏ ရည်မှန်းချက်ဖြစ်ပါသည်။

ဤသည်ကို ထောက်၍ ပြည်သူ့ကိုယ်စားလှယ်များက လက်ရှိ အခြေခံဥပဒေကို ပြင်ဆင်ရေးသားကြရန် လိုအပ်ပြီ ဟူသည့် သဘောထားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသားရန် အစီအမံများ ပြုလုပ်လာ ခြင်းဖြစ်သည်ဟု ရှုမြင်သည်။ ပြည်သူလူထုကသာ အချုပ်အခြာအာဏာကို ပိုင်စိုးရမည်ဟူသည့် အခြေခံမူပေါ်တွင် ရပ်တည်ကာ မည်သို့မည်ပုံ ပြင်ဆင် ရေးသားမည် ဆိုသည်ကို တိုင်ပင်ကြရန်၊ လိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်းကြရန် အားထုတ်ကြခြင်းမျှသာ ဖြစ်ပါသည်။

အခြေခံဥပဒေဆိုသည်က လူတစ်ဦးတစ်ယောက် အဖွဲ့အစည်း တစ်စုံတစ်ခုအတွက် ရည်မှန်းရေးဆွဲရခြင်းမျိုး မဟုတ်ဘဲ ပြည်သူ လူထု၏ အကျိုးစီးပွားကို အမှန်တကယ် ရှေးရှုရေးဆွဲရခြင်း ဖြစ်ပါသည်။ အထူးသဖြင့် ယခုအခြေခံ ဥပဒေသည် ရေးဆွဲခဲ့စဉ် ကတည်းက ပြည်သူလူထု၏ အကျိုးစီးပွားကို အခြေပြုခဲ့ခြင်း ဖြစ်မဖြစ်ကို အငြင်းပွားစရာများ ရှိခဲ့သဖြင့် ယခုလို ပြန်လည် သုံးသပ်ခြင်းဖြင့် ပြည်သူလူထုကို ဦးထိပ်ထားသည့် အနေအထားတို့ မြင်တွေ့ ရမည်ဟု ယုံကြည်မျှော်လင့်ပါသည်။

နိုင်ငံ့အာဏာဆိုသည်မှာ နိုင်ငံအတွက်၊ ပြည်သူလူထုအတွက်သာ ဖြစ်ပါသည်။ ထို့ကြောင့် အချုပ်အခြာ အာဏာနှင့် ပတ်သက်လျှင် ပြည်သူလူထုအများစု၏ ဆန္ဒထက်ဘာကမျှ ပို၍အရေးကြီးသည့် နေရာမှာမရှိပါ။

ပြည်သူလူထုကို ကိုယ်စားပြုသော ပြည်သူ့ကိုယ်စားလှယ်များသည် ပြည်သူလူထုအကျိုးကို ရည်မျှော်ကာ ငြိမ်းချမ်းသာယာ တိုးတက်သော အနာဂတ်နိုင်ငံတော်ကို မျှော်မှန်းတည်ဆောက်နိုင်မည့် ပန်းတိုင်သို့ လျှောက်လှမ်းနိုင်ပါစေဟု ဆုမွန်တောင်း လိုက်ပါကြောင်း။   ။
(မြန်မာ့အလင်း)