၉  နိုဝင်ဘာ

၁။ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု၊ ဓမင်းကုန်းအပိုင်း၊ နယ်မြေ(၁၀)ရှိ မဲရုံအမှတ်(၆) အမက(မူလွန်)ကျောင်းမဲရုံပြင်ပတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ မဲရုံအကူ ကိုယ်စားလှယ် ဒေါ်နုနုဝင်းအား မဲရုံတာဝန်ကျအထူးရဲမှ စစ်ဆေးခဲ့ရာ UEC အမှတ်တံဆိပ်ပါ တံဆိပ်တုံးတစ်ခု၊ UEC အမှတ်တံဆိပ်မပါ တံဆိပ်တုံးတစ်ခုတို့အား စစ်ဆေးတွေ့ရှိခဲ့ပါသည်။

၂။ ရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကျုံမရမ်းကျေးရွာအုပ်စုတွင် ပြည်သူ့ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများဖြစ်ကြသော ကျုံပျော်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်လွင်၊ ကျုံပျော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းငွေနှင့် ကျုံပျော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြသောင်းတို့သည် ဆန္ဒမဲပေးရန်ပျက်ပြားစေခြင်း၊ ရွေးကောက်ပွဲပျက်ပြားစေရန် ရည်ရွယ်၍ ၎င်းတို့ ရွေးကောက်တင်မြှောက်ခံရရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအား မမှန်မကန ်စွပ်စွဲပြောဆိုမှုများ ပြုလုပ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။

၃။ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်နေ မပုံပုံသည် ဆန္ဒမဲပေးရာတွင် အမှတ်(၇)ရပ်ကွက်၊ ဝင်းမေတ္တာအိမ်ရာ၊ မဲရုံအမှတ်(၂)တွင် တစ်ကြိမ်၊ အမှတ်(၈)ရပ်ကွက်၊ မဲရုံအမှတ်(၁)တွင် တစ်ကြိမ် စုစုပေါင်းဆန္ဒမဲ(၂)ကြိမ်ပေးခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။

၄။ အထက်ဖော်ပြပါဖြစ်စဉ်များကို ကျူးလွန်ခဲ့သည့် မဲရုံအကူကိုယ်စားလှယ် ဒေါ်နုနုဝင်း၊ ဦးအောင်ကျော်လွင်၊ ဦးသန်းငွေ၊ ဦးမြသောင်းနှင့် မပုံပုံတို့အား သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀/၄၆၈ နှင့် လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈၊ ၅၉ တို့နှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်