နေပြည်တော်  ဇူလိုင် ၂

လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားနေသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စေတနာ့ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် အွန်လိုင်းဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ယခုတစ်ကျော့ပြန်တွေ့ကြုံလာသည့် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ကာလအတွက် ကိုဗစ်-၁၉ ရောဂါအား ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် အားဖြည့်ကူညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိသည့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ၏ မြေပြင်ဆောင်ရွက်ပေးနေမှု အခက်အခဲများအား သိရှိနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ပြီး လိုအပ်သည်များ ပံ့ပိုးပေးနိုင်ရန်အတွက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရခြင်းကြောင်း၊

 

ယခုအချိန်တွင် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအနေဖြင့် သံသယရှိလူနာများကို ဆေးရုံများ၊ Quarantine Center များသို့ ပို့ဆောင်ခြင်း၊ ပြန်လည်ကောင်းမွန်သွားသူများကို နေအိမ်များသို့ ပို့ဆောင်ပေးခြင်း၊ သေဆုံးလူနာများကိုလည်း ကျန်းမားရေးဝန်ကြီးဌာနမှ လမ်းညွှန်မှုများအညီ မီးသင်္ဂြိုလ် ဆောင်ရွက်ပေးခြင်း၊ PPE ဝတ်စုံများအား  စနစ်တကျဖျက်ဆီးခြင်းများ၊ ပိုးတွေ့နေရာများကို ထုံးဖြူးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုကဲ့သို့ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်ပြီး တက်တက်ကြွကြွ ဆောင်ရွက်ပေးသည့်အတွက် အထူးကျေးဇူး တင်ပါကြောင်း  ပြောကြားသည်။

 

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က ပရဟိတအဖွဲ့အစည်းများသည် ၂၀၁၄ ခုနှစ် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ ဖွဲ့စည်းထားသော အဖွဲ့အစည်းများဖြစ်ပြီး နယ်ပယ် ကဏ္ဍမတူညီသော်လည်း တူညီသောစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း၊ စေတနာ့ဝန်ထမ်း များသည်  ကိုယ်ကျိုးဆန္ဒအား စွန့်လွှတ်၍ တိုင်းပြည်နှင့် ပြည်သူအကျိုးအတွက် ဆောင်ရွက်ပေးနိုင်ရန်ဆန္ဒဖြင့် ကူညီပံ့ပိုးနေခြင်းဖြစ်ပါကြောင်း၊ ယခုလို ရောဂါကပ်ဘေးကြုံတွေ့နေချိန်များတွင် ပါဝင်ကူညီဆောင်ရွက် ပေးနေသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သော ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်း အား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အစိုးရနှင့် ပရဟိတ/စေတနာ့ဝန်ထမ်းများ ပူးပေါင်းသုံးသပ်ဖြေရှင်းပြီး ရှေ့လုပ်ငန်းစဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေး တက်ရောက်ကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ဆောင်နေမှုများ၊ အားသာချက်/အားနည်းချက်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)